သေဆုံးသူ ၃၀၀၀ နီးပါးထိ ရောက်ရှိလာ၊ ငလျင်ဘေးကယ်ဆယ်ရေးတွေ နဲ့ လက်နက်ကိုင် ပဋိပက္ခ အရှိန်အဟုန်
မြန်မာနွေဦးခရိုနီကယ် - ဧပြီလ ၁ မြင်ကွင်း
မိုးမခ၊ ဧပြီ ၂ ၊ ၂၀၂၅
သေဆုံးသူ ၃၀၀၀ နီးပါးထိ ရောက်ရှိလာ၊ ငလျင်ဘေးကယ်ဆယ်ရေးတွေ နဲ့ လက်နက်ကိုင် ပဋိပက္ခ အရှိန်အဟုန်
မတ်လ ၂၈ ရက်နေ့ ငလျင်ကြီး လှုပ်ခတ်မှုကြီး ဖြစ်ပွားပြီး ၄ ရက်မြောက်နေ့ ရောက်ရှိလာချိန်မှာ အဆောက်အဦပျက်တွေထဲ ပိမိ၊ ပိတ်မိနေတဲ့သူတွေရဲ့ အသက်ရှင်သန်နိုင်ခြေ မှေးမှိန်လာသလို နိုင်ငံတကာ ကယ်ဆယ်ရေး အဖွဲ့တွေအနေနဲ့လည်း ပြည်တွင်းက ကယ်ဆယ်ရေးအဖွဲ့တွေနဲ့ ပူးပေါင်းပြီး အင်အားရှိသမျှ ကူညီကယ်ဆယ်နေကြတာတွေ့ရမှာ ဖြစ်ပါတယ်။
အိမ်နီးချင်းနိုင်ငံကြီး ၂ နိုင်ငံဖြစ်တဲ့ တရုတ်နဲ့ အိန္ဒိယ၊ အာဆီယံအဖွဲ့ဝင်နိုင်ငံအချို့ အပါအဝင် ကမ္ဘာ့နိုင်ငံအချို့က ကယ်ဆယ်ရေးအဖွဲ့တွေ ငလျင်ဖြစ်ပွားပြီး နောက်တနေ့က စလို့ မန္တလေး၊ နေပြည်တော်မြို့တွေကစတင် ကယ်ဆယ်ရေး လုပ်ဆောင်ခဲ့ကြပြီး လက်ရှိအချိန်ထိလည်း အင်အားအပြည့်နဲ့ ဆက်လက်လုပ်ဆောင်နေကြဆဲ ဖြစ်ပါတယ်။
သေဆုံးသူ အရေအတွက်ဟာ စစ်ကောင်စီ ခေါင်းဆောင် ပြောဆိုချက်အရ ၂၇၀၀ ကျော်ရှိနေပြီး ဒဏ်ရာရသူ ၄၀၀၀ ဝန်းကျင်နဲ့ ပျောက်ဆုံးနေသူ ရာဂဏန်းရှိတယ်လို့ ဆိုပါတယ်။ အမှန်တကယ် ကိန်းဂဏန်းတွေက ယခုထက် ပိုမိုများပြားနိုင်တယ်လို့ ဒေသခံတွေ ကူညီကယ်ဆယ်ရေး လုပ်ဆောင်နေသူတွေက ယူဆထားကြပါတယ်။ မြို့ငယ်တွေလို့ ဆိုနိုင်တဲ့ ပျော်ဘွယ်၊ ကျောက်ဆည်လိုမြို့တွေမှာတောင် သေဆုံးသူ အရေအတွက်ဟာ ၃၀၀ ကျော်ကနေ ၅၀၀ လောက်ထိရှိလာနေတဲ့ အနေအထားတွေကြောင့် မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ နေပြည်တော်၊ ပျဥ်းမနားတို့ ပေါင်းရင် အထက်က ဖော်ပြတဲ့ ကိန်းဂဏန်းထက် ပိုမိုများပြားနိုင်ခြေ ရှိနေတာဖြစ်ပါတယ်။
နောက်ဆက်တွဲ ငလျင်တွေ ထပ်ပြီးလှုပ်ခတ်နေဆဲ ဖြစ်လို့ မန္တလေး၊ စစ်ကိုင်း၊ ပျဥ်းမနား၊ နေပြည်တော် တို့မှာ တပိုင်းတစထိခိုက်ပျက်စီးထားတဲ့ နေအိမ်တွေ ရှိနေသည့်တိုင် နေအိမ်ထဲ နေဖို့ စိုးရိမ်နေကြတာကြောင့် လမ်းနဘေး သစ်ပင်ရိပ်တွေ ကားလမ်း ပလက်ဖောင်းတွေမှာ ညအိပ်ပြီး နေထိုင်နေကြရတာ ၄ ရက်မြောက်လာပြီ ဖြစ်ပါတယ်။ အမှိုက်စွန့်ပစ်မှု၊ ရေအိမ်ပြဿနာ၊ သောက်သုံးရေ ရရှိမှု၊ ပူပြင်းတဲ့ နွေရာသီရဲ့ ဒဏ် စတဲ့ အကျိုးဆက်တွေ လာမယ့်ရက်တွေမှာ ရင်ဆိုင်ကြရမယ့် အခက်အခဲတွေ ဖြစ်ပါတယ်။
မြို့တွေမှာ အဆောက်အဦအောက် ပိမိကာ အသက်ဆုံးရှုံးကြတဲ့ သူတွေရဲ့ ရုပ်အလောင်းက အပုပ်နံ့ ထွက်ရှိလာနေတယ်လို့ ရေးသား ဖေါ်ပြမှုတွေတွေ့နေရပါတယ်။ လက်ရှိအခြေအနေမှာ အသက်ရှင်ကျန်နိုင်သေးတဲ့သူတွေကို ရှာဖွေဖို့ ကို ပိုဦးစားပေး လုပ်နေကြရတာကြောင့် အပျက်အစီးတွေ ရှင်းလင်းဖို့ကို ဦးစားမပေးနိုင်သေးတဲ့ အနေအထားလည်း ဖြစ်ပါတယ်။
လူဦးရေ ၁ သန်းခွဲ ရှိတဲ့ မန္တလေးမြို့ရဲ့ ထိခိုက်ပျက်စီးမှု သေဆုံးမှုနဲ့ ရှင်သန်ကျန်ရစ်သူတို့ရဲ့ ကျန်းမာရေး နဲ့ နောက်ဆက်တွဲ လှုပ်ခတ်နေတဲ့ ငလျင်ငယ်တွေရဲ့ အန္တရာယ် စတာတွေကို လက်ရှိ စစ်ကောင်စီအစိုးရ အနေနဲ့ ကောင်းမွန်စွာ စီမံခန့်ခွဲနိုင်ခြင်း မရှိတာ ထင်ရှားပါတယ်။ အရေးပေါ် အသက်ကယ်ဆယ်ရေး နဲ့ အရေးပေါ် ရိက္ခာဆေးဝါး အထောက်အပံ့အကူအညီ တချို့ အိမ်နီးချင်းနိုင်ငံတွေက ပေးအပ်လာရာမှာ စစ်ကောင်စီက လက်ခံရယူပြီး ခွဲဝေပေးမယ့်အပေါ် သံသယ ကြီးမားစွာ ရှိနေကြပါတယ်။ ၂၀၀၈ နာဂစ်မုန်တိုင်း ကာလတုန်းကလို စစ်အစိုးရက လက်ခံရယူတဲ့ အကူအညီတွေ နဲ့ ပတ်သက်ပြီး အလွဲသုံးစားပြုတာတွေ၊ စစ်တပ်လို လက်နက်ကိုင်တပ်တွေက အကူအညီတွေကို ဦးစားပေး အသုံးပြုတာတွေ ရှိခဲ့တဲ့ အတွေ့အကြုံကြောင့်လည်း အခုအချိန်မှာ အကူအညီတွေ အမှန်တကယ် လိုအပ်သူတွေထံ ပြည့်ပြည့်ဝဝ ရောက်ရှိပါ့မလားဆိုတဲ့ စိုးရိမ်ကြောင့်ကြမှုတွေ ရှိနေတာ ဖြစ်ပါတယ်။
နောက်ထပ် ပြဿနာတခုက လက်နက်ကိုင် ပဋိပက္ခ ပြင်းထန်တဲ့ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းလိုနေရာမျိုးမှာ အကူအညီ ကယ်ဆယ်ရေးတွေ အရေးတကြီး လိုအပ်နေချိန်မှာတောင် စစ်ကောင်စီ အနေနဲ့ တဖက်လက်နက်ကိုင် အဖွဲ့တွေ စိမ့်ဝင်လာတာမျိုး အကူအညီလာပေးမှာမျိုးကို အရေးတကြီး စောင့်ကြည့်နေတဲ့ ကိစ္စနဲ့ ရှမ်းမြောက်နဲ့ အခြားသော ဒေသတွေမှာ လေကြောင်းတိုက်ခိုက်မှု ဆက်လက်လုပ်ဆောင်နေဆဲ အခြေအနေ ဖြစ်ပါတယ်။
စစ်ကိုင်းမြို့က ငလျင်ဘေးဒဏ်ခံနေရသူတွေကို မုံရွာ အပါအဝင် အခြားသော စစ်ကိုင်းတိုင်းဒေသတွေက လူထုအနေနဲ့ ကူညီဖို့ လုပ်ဆောင်တာတွေ ရှိပေမယ့် အဆိုပါ နယ်ဒေသတွေက စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ စစ်ကိုင်းမြို့ကို အကူအညီပေးရေး ဝင်ရောက်တာတွေကို သံသယကြီးစွာနဲ့ စောင့်ကြည့်တာ စစ်ဆေးတာတွေ ရှိနေတယ်လို့ သတင်းအချို့မှာ ဖော်ပြထားကြပါတယ်။
စစ်ကောင်စီ အနေနဲ့ ငလျင်ဘေးကျရောက်ချိန်မှာရော ကျရောက်ပြီးကာလမှာပါ စစ်ရေးအရ ထိန်းချုပ်ထားမှုကို အနည်းငယ်မျှ ထိခိုက်မခံဘဲ၊ လေကြောင်းတိုက်ခိုက်မှုတွေ၊ တင်းကျပ်စွာ စောင့်ကြည့်နေတာတွေ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ NUG က ပြီးခဲ့တဲ့ရက်ပိုင်းမှာ ငလျင်ဘေးဒဏ် ကယ်ဆယ်ရေးတွေလုပ်ဆောင်နေရတဲ့ ကာလမှာ ထိုးစစ်ဆင်မှုကို သီတင်းပတ် ၂ ပတ်ကြာ ရပ်နားထားမယ်လို့ ကြေညာသလို မြောက်ပိုင်းညီနောင် ၃ ဖွဲ့ဖြစ်တဲ့ AA, TNLA နဲ့ MNDAA တို့က တိုက်ပွဲဖြစ်ပွားလျှက်ရှိတဲ့ နေရာတွေမှာ ထိုးစစ်ဆင်တာတွေ မလုပ်ဘဲ တလတာ တဖက်သတ် အပစ်ရပ်မယ်လို့ ဧပြီလ ၁ ရက်နေ့ ညဦးပိုင်းမှာ ကြေညာခဲ့ပါတယ်။
စစ်ကောင်စီဘက်ကတော့ အထက်ပါ ထုတ်ပြန်မှုတွေ နဲ့ ပတ်သက်လို့ ရည်ညွှန်းတုံ့ပြန်တာမျိုး မတွေ့ရသော်လည်း မြေပြင်မှာ ဖြစ်ပျက်နေတဲ့ အဖြစ်အပျက်တွေကို လေ့လာကြည့်ရင် လေကြောင်းတိုက်ခိုက်မှုတွေ ဆက်လက် လုပ်ဆောင်နေတာကြောင့် သဘာဝဘေးအန္တရာယ် ကာလမှာတောင် အာဏာတည်မြဲရေး၊ နယ်မြေထိန်းချုပ်နိုင်ရေးကို ဦးစားပေးနေတာကို ပြသနေတာ ဖြစ်ပါတယ်။ နိုင်ငံတကာ သတင်းတွေမှာ သဘာဝဘေးကျရောက်ပြီး အရေးပေါ် ကယ်ဆယ်ရေး ကူညီရေးတွေ လိုအပ်နေတဲ့ အခြေအနေမှာ လေကြောင်းတိုက်ခိုက်မှု ဆက်လုပ်နေတဲ့ အကြောင်း သတင်းခေါင်းစဥ်အဖြစ် ဖော်ပြနေကြတာ တွေ့ကြရပါတယ်။
ကမ္ဘာ့ အချို့သော ဒေသတွေမှာ လက်နက်ကိုင် ပဋိပက္ခဖြစ်ပွားနေစဥ် သဘာဝကပ်ဘေး ကျရောက်လို့ လက်နက်ကိုင် အဖွဲ့တွေအကြား ကယ်ဆယ်ရေး၊ ကူညီရေးတွေ ပူးပေါင်းလုပ်ဆောင်ပြီး စစ်ပွဲကနေ ငြိမ်းချမ်းရေးရသွားတဲ့ သာဓကတွေ ရှိခဲ့တာကြောင့် ဒီလို သာဓကတွေကို ကြည့်ကာ မြန်မာနိုင်ငံအနေနဲ့ အဲဒီလို လမ်းကြောင်းပေါ် ရောက်ရှိလာမလား ဆိုတဲ့ မျှော်လင့်ချက်တွေ မျှော်လင့်လို့ မရနိုင်တဲ့ အခြေအနေ လို့ဆိုရင် မှားမယ် မထင်ပါ။
မြန်မာနိုင်ငံ အနာဂတ်က မှောင်မိုက်နေဆဲ၊ မျှော်လင့်ချက် အလင်းရောင် မြင်ရဖို့ ဝေးကွာနေဆဲလည်း ဖြစ်ပါတော့တယ်။
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar