အင်းတော်မြို့နဲ့ ဖလမ်းမြို့ တော်လှန်ရေးလက်နက်ကိုင်တပ်ဖွဲ့တွေ သိမ်း
မြန်မာနွေဦးခရိုနီကယ် - ဧပြီလ ၈ မြင်ကွင်း
မိုးမခ၊ ဧပြီ ၉၊ ၂၀၂၅
အင်းတော်မြို့နဲ့ ဖလမ်းမြို့ တော်လှန်ရေးလက်နက်ကိုင်တပ်ဖွဲ့တွေ သိမ်း
စစ်ကိုင်းတိုင်းမြောက်ပိုင်းက အင်းတော်မြို့နဲ့ ချင်းပြည်နယ်က ဖလမ်းမြို့တို့ကို တော်လှန်ရေး လက်နက်ကိုင် ပူးပေါင်းတပ်တွေက ဧပြီလ ၇ ရက်နေ့မှာ သိမ်းယူနိုင်ခဲ့ကြောင်း ကြေညာခဲ့ပါတယ်။
အင်းတော်မြို့ကိုတော့ NUG လက်အောက်က PDF တပ်ဖွဲ့တွေ၊ ABSDF တပ်ရင်းတွေ ပူးပေါင်းတိုက်ခိုက်သိမ်းယူခဲ့တာ ဖြစ်ပြီး ဖလမ်းမြို့ကိုတော့ ချင်းပြည်နယ်က လက်နက်ကိုင် ၃ ဖွဲ့ပေါင်းထားတဲ့ ချင်းညီနောင် အဖွဲ့က သိမ်းယူခဲ့တာ ဖြစ်ပါတယ်။
စစ်ကိုင်းဒေသကို ဗဟိုပြု လှုပ်ခတ်သွားတဲ့ နှစ်ပေါင်း ၈၀ ကနေ ၁၀၀ လောက်အတွင်း အကြီးမားဆုံး ငလျင်ဘေးအန္တရာယ် ကျရောက်နေချိန်မှာ လက်နက်ကိုင်တိုက်ပွဲတွေ ရပ်ဆိုင်းကြဖို့ နိုင်ငံတကာက ဆော်သြနေချိန်မှာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေ ရပ်ဆိုင်းခြင်း မရှိသလို တော်လှန်ရေး တပ်ဖွဲ့တွေဘက်ကလည်း ငလျင်ဒဏ်ခံစားရတဲ့ ဒေသမဟုတ်တဲ့ နေရာတွေမှာ တိုက်ခိုက်မှုတွေ ထိုးစစ်တွေ ရပ်နားခြင်း မရှိခဲ့တာ တွေ့ရပါတယ်။
အမျိုးသားညီညွတ်ရေး အစိုးရက ထိုးစစ်တွေ သီတင်း၂ ပတ်ကြာ ရပ်နားမယ်လို့ ငလျင်လှုပ်ပြီး ရက်ပိုင်းအတွင်း ပထမဆုံး ကြေညာခဲ့ပါတယ်။ အဲဒီနောက် မြောက်ပိုင်းညီနောင် ၃ ဖွဲ့ဖြစ်တဲ့ MNDAA, AA, TNLA တို့ကလည်း ထိုးစစ်ရပ်နားကြောင်း ကြေညာခဲ့သလို စစ်ကောင်စီကလည်း သင်္ကြန်အပြီး ၂၂ ရက်နေ့အထိ ထိုးစစ်ရပ်နားမယ်လို့ ကြေညာခဲ့ပြီးနောက်ဆုံး KIA အဖွဲ့ကလည်း ထိုးစစ်ရပ်နားမယ်လို့ ကြေညာခဲ့ကြပါတယ်။ ဒီကြေညာချက်တွေ အားလုံးက နှစ်ဖက်တိုက်ခိုက်နေတဲ့ လက်နက်ကိုင် အဖွဲ့တွေကြား ဆက်သွယ်ပြောဆိုညှိနှိုင်းသဘောတူကြတဲ့ အပစ်အခတ်ရပ်ဆိုင်းတဲ့ ကြေညာမှုမျိုးနဲ့ သဘောသဘာဝ မတူပဲ တဖက်သတ် ထိုးစစ်ရပ်တဲ့ ကြေညာချက်တွေသာ ဖြစ်တယ်လို့ ဆိုနိုင်ပါတယ်။
ဒီလို တဖက်သတ် ထိုးစစ်ရပ်ဆိုင်းတဲ့ ကြေညာချက်တွေက တိုက်ပွဲဖြစ်နေတဲ့ နောင်ချို၊ စစ်ကိုင်းတိုင်း အင်းတော်၊ ပဲခူးတိုင်းအနောက်ပိုင်း ရခိုင်ရိုးမနဲ့ ချင်းပြည်နယ်က ဖလမ်းတို့အပေါ် သက်ရောက်မှု မရှိခဲ့တာတွေ့ရပါလိမ့်မယ်။
အခု သိမ်းယူခဲ့တဲ့ ချင်းပြည်နယ် ဖလမ်းမြို့နဲ့ စစ်ကိုင်းတိုင်း မြောက်ပိုင်းက အင်းတော်မြို့တို့က အရေးပါတဲ့ မြို့တွေဖြစ်ကြသလားလို့ လေ့လာကြည့်ရင် ချင်းပြည်နယ်မှာ ဖလမ်းမြို့ဟာ ဟားခါးပြီးနောက်ဒုတိယ အကြီးဆုံးမြို့ဖြစ်ပါတယ်။ ဟားခါးမြို့ကို စစ်ကောင်စီ ထိန်းချုပ်ထားဆဲ ဖြစ်ပေမယ့် ကလေး-ဟားခါး ကားလမ်းရဲ့ တဝက်ခရီးမှာ ရှိတဲ့ ဖလမ်းမြို့ကို ဖြတ်ပြီး ဟားခါးကို သွားနိုင်မှာ ဖြစ်ပါတယ်။ သို့ပေမယ့် ပြီးခဲ့တဲ့ နှစ်တွေကတည်းက ဟားခါးကို ဆက်သွယ်ပို့ဆောင်ဖို့ စစ်ကောင်စီအနေနဲ့ မြေပြင်လမ်းတွေကို မသုံးနိုင်တော့တဲ့ အနေအထားဖြစ်ပါတယ်။ ဖလမ်းမြို့ကိုသိမ်းယူနိုင်တာဟာ ချင်းပြည်နယ်ရဲ့ ဒုတိယ အကြီးဆုံးမြို့ကို သိမ်းနိုင်တဲ့အနေနဲ့တော့ အတိုင်းအတာတခုထိ အရေးကြီးတယ်လို့ ဆိုကောင်းဆိုနိုင်ပါလိမ့်မယ်။
အင်းတော်မြို့ကတော့ မန္တလေး-မြစ်ကြီးနား ကားလမ်းပေါ်က အချက်အချာမြို့ ဖြစ်ပါတယ်။ ကုန်းလမ်းကနေ ကချင်ပြည်နယ်ကို ဆက်သွယ်ရေးမှာ စစ်ကောင်စီ အဖို့ လမ်းတဝက်ကနေ ဖြတ်တောက်ခံလိုက်ရတဲ့ အနေအထားဖြစ်ပါလိမ့်မယ်။
ရာစုနှစ်တခုအတွင်း အပြင်းထန်ဆုံး ငလျင်ဘေးက မန္တလေး၊ စစ်ကိုင်းကနေ ဝမ်းတွင်း၊ ကျောက်ဆည်၊ ပျော်ဘွယ်၊ နေပြည်တော် နဲ့ ပျဥ်းမနားအထိ ကျယ်ပြန့်တဲ့ ဒေသတွေကို လွှမ်းခြုံပြီး ထိခိုက်ပျက်စီးကာ လူ ၃၅၀၀ ကျော်သေဆုံးပြီး ၆ ထောင်ကျော် ထိခိုက်ဒဏ်ရာရကာ ပျက်စီးမှု ပမာဏ ဒေါ်လာ ဘီလျံများစွာ ရှိခဲ့သည့်တိုင် စစ်ကောင်စီကိုယ်၌က လူ့အသက်တွေ အရေးပေါ်ကယ်ဆယ်ရေးထက် နယ်မြေလက်လွှတ်ဆုံးရှုံးမယ့် အရေးကို ပိုအဓိက ထားနေခဲ့တာ ထင်ရှားပါတယ်။
ထောင်နဲ့ချီတဲ့ သူတွေ ငလျင်ကြောင့် အသက်ဆုံးရှုံးကြရပြီး သန်းနဲ့ချီတဲ့သူတွေ နေအိမ်တွေပျက်စီးကာ အလုပ်အကိုင် အသက်မွေးဝမ်းကျောင်းတွေ ဆုံးရှုံးပြီး ငလျင်ဒဏ်ခံဒေသတွေမှာ ဘယ်လို ပြန်လည်ထူထောင်ရမလဲ ဆိုတာ အဖြေမရှိသေးချိန်မှာ မြန်မာနိုင်ငံရဲ့ ဒေသအချို့မှာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန် နေတဲ့ အနေအထားလည်း ဖြစ်ပါတယ်။
နိုင်ငံတကာရဲ့ အမြင်မှာတော့ သဘာဝဘေးအန္တရာယ် ကျရောက်သည့်တိုင် မြန်မာနိုင်ငံက ပြည်တွင်းစစ်က ဆက်လက်ဖြစ်ပွားနေဆဲ တဖက်နဲ့ တဖက် ဆွေးနွေးမယ့် အလားအလာ မှေးမှိန်ဆဲလို့ ကောက်ချက်ချကြမှာ မလွဲပါဘူး။
ကမ္ဘာ့နိုင်ငံအများအပြားမှာ မြန်မာ့ငလျင်ဘေးဒုက္ခ ခံစားရသူတွေကို ကူညီဖို့အတွက် နှိုးဆော် လုပ်ကိုင်နေကြချိန်မှာ မြန်မာနိုင်ငံရဲ့ ပြည်တွင်းစစ်မီးက ဆက်လက်တောက်လောင်ဦးမယ့် အလားအလာတွေ မြင်နေရဆဲဖြစ်ပါတယ်။ ပြည်တွင်းစစ်မီးမှာ ပါဝင်တိုက်ခိုက်နေကြတဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေကို သဘာဝဘေးအန္တရာယ်က ရပ်တန့်နိုင်ခြင်း မရှိတဲ့ အနေအထားလည်း ဖြစ်ပါတယ်။
မြန်မာနိုင်ငံကလူထုအနေနဲ့ လူလုပ်ဘေးအန္တရာယ်နဲ့ သဘာဝ ဘေးအန္တရာယ်တို့ကို တပြိုင်နက်ထည်း ကြုံတွေ့ကြရတဲ့ အနေအထားလည်း ဖြစ်ပါတယ်။ ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ နဲ့ စစ်ကိုင်းတိုင်းတို့က စစ်ဘေးတိမ်းရှောင်သူ အများအပြား မန္တလေးမြို့မှာ ငလျင်ဘေးနဲ့ ထပ်ကြုံကြရတဲ့ အဖြစ်၊ အသက်ဆုံးရှုံးကြရတဲ့ အဖြစ်တွေ အများအပြားရှိခဲ့ပါတယ်။ အဆောက်အဦတခုထည်းမှာ လူအသေအပျောက်အများဆုံး ဖြစ်ဖွယ်ရာရှိတဲ့ စကိုင်းဗီလာ ကွန်ဒိုပြိုကျမှုမှာ ကချင်ပြည်နယ်က စစ်ဘေးရှောင်တဲ့ အလှမယ်တဦးအသက်ဆုံးရှုံးခဲ့တဲ့ အဖြစ်က သာဓက ဖြစ်ရပ်တခု ဖြစ်ပါတယ်။
မြန်မာနိုင်ငံ ပြည်သူလူထုအဖို့တော့ မိမိတို့ကံကြမ္မာကို စီမံဆုံးဖြတ်ပေးဖို့ ယုံကြည်စွာ လွှဲအပ်နိုင်တဲ့ နိုင်ငံရေးစနစ် မပေါ်ထွန်းနိုင်သေးသလို မိမိတို့ကံကြမ္မာကို အာဏာရှင်တွေနဲ့ စစ်လိုလားသူတွေက ဆုံးဖြတ်နေကြတဲ့ အဖြစ်ကနေ မလွတ်မြောက်နိုင်သေးခြင်းက ရင်နာစရာ အဖြစ်လို့သာ ဆိုရမှာဖြစ်ပါတော့တယ်။
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar