ကိုနောင်(အမရ) - ရွာပျောက်သူတစ်ယောက် အညာတစ်ခေါက်
ကိုနောင်(အမရ) - ရွာပျောက်သူတစ်ယောက် အညာတစ်ခေါက်
မိုးမခ ၊ ဧပြီ ၈ ၊ ၂၀၂၅
မီးရောင်စုံမပါ
ပြိုးပြိုးပြက်ပြက် အဝတ်စားတွေမပါ
ကွန်ကရစ်အုတ်ပြင်ပေါ်မှာ
sexy ကျကျ ဖက်ရှင်ကျကျ ဝတ်ထားသူမပါ
နိုင်ငံကျော်အဆိုတော်မပါ
စိတ်ကြွဆေးပြား အရက်ဘီယာမလို
စက်ဆရာဖွင့်ပေးတဲ့ အစီစဉ်မကျ
မြူးကြွကြွ
တီးလုံးနောက်မှာ
လူရိုင်းတွေလို
စိတ်လွတ်ကိုယ်လွတ် ကကြခုန်ကြ
ကလေး လူကြီး လူငယ် ယောက်ျား မိန်းမ
ရင်ထဲက အပူတွေ ရသလောက် မှုတ်ထုတ်နေကြ
ခုလို မပျော်ရတာကြာပြီလေ
'ငါ ရွာပြန်မရောက်တာ ၃ နှစ်ရှိပြီ'
'ညီမတို့လည်း ဘာထူးလဲ' လို့ပြောတယ်
တောင်တစ်တော မြောက်တစ်တောစီ
တယောက်နဲ့ တယောက် မစုံမိကြ
အညာကအလှူ ဆွေးပွဲမျိုးပွဲမို့ ငါ ရောက်ရ
လွန်ခဲ့တဲ့ သုံးနှစ် ငါရောက်တုန်းက
အဖေက သန်သန်မာမာပဲ
ခု အဖေ့မျက်နှာဟာ အညိုမဲစွဲ
ရိုးတံကျဲကျဲ ဆံဖြူပါးပါး
အဖေဟာ ဘာတံဆိပ်မှမပါတဲ့ အရက်ကို
နေ့ညသောက်ခဲ့
အသက်ငါးဆယ်ကျော်မှာ သူဟာ
အဘိုးကြီးတစ်ယောက် ဖြစ်နေ
အရက်ကို အဖော်ပြုရလောက်အောင်
သူ အထီးကျန်လွန်းသွားခဲ့သလား
လောကဓံရဲ့ ရိုက်ချက်တွေကို မခံနိုင်တဲ့အဆုံး
နောက်ဆုံးအနေနဲ့ ခုခံကာကွယ်ခဲ့သလား
အမေက နည်းနည်းဝလာတယ်
အငယ်ဆုံးညီမလေးက မူကြိုတက်နေပြီ
သူ့ကျောင်းက ပရိုက်ဗိတ်ကျောင်း
ကိုယ့်ရပ်ကိုယ့်ရွာက ရှိတဲ့အသား
ဝါးကပ်ထရံနဲ့ ရှိတဲ့ ဆရာ၊ ဆရာမနဲ့
သူဟာ ABC လည်း ရေးတတ်
ကကြီး ခခွေးလည်း ရေးတတ်
သူ့နာမည်လည်း စာလုံးပေါင်းတတ်ပြီ
နေပြင်းပြင်း လေပြင်းပြင်း
သစ်ရိပ်ဝါးရိပ်အောက် ခပ်ကုပ်ကုပ်တဲလေးတွေ
ခပ်ကြီးကြီး တဲတွေ
ဟိုတစ်စု ဒီတစ်စု
အိမ်ခြေရှစ်ရာလောက် ရွာကြီးဟာ ပြန့်ကျဲသွား
ရွာထဲက အိမ်ကြီးအိမ်ကောင်းတွေ
ပြာကျသွားပြီးနောက်
သူတို့ ဒီလိုဆက်လက်ရှင်သန်ကြ
သူတို့ဘဝတွေ ပြာချခံရပြီးတဲ့နောက်
ဒီနှစ် သီးနှံစပါးလေးကောင်းတော့
လူလူသူသူ အလှူပွဲလေးတွေရှိ
ရွာထဲမှာတောထပြီး
တောထဲမှာ လူတွေရောက်
ရွာရိုးကိုးပေါက် လျှောက်လည်ရမည့်အစား
ဆွေစုံမျိုးစုံတွေ့ရဖို့
တောင်တစ်တော မြောက်တစ်တေ ာကူးရ
သူတို့ဟာ တောကြောင်း တောင်ကြောင်း သိပ်မပြော
ရွာကို စစ်ခွေးတွေ ဝင်စဉ်က
'ပုဆိုးဗြန်းဗြန်းကွဲအောင် ပြေးရင်း
ခြံစည်းရိုးဆူးလုံး ကပ်ပါလာတာ မသိကြောင်း
၂ မိုင်လောက်ခရီး ပြေးရင်းလွှားရင်း
ဘယ်လိုရောက်သွားမှန်း မသိကြောင်း'
ရယ်ရယ်မောမော ပြန်ပြောကြ
တစ်အိမ်မှာ ဇာတ်လမ်းတစ်ပုဒ်စီ
ငါ Steven Spielbergကိုခေါ်ပြီး
ဖြစ်ရပ်မှန်ဇာတ်လမ်းတစ်ပုဒ် ရိုက်ချင်တယ်
Mi35 Y12
ဝေဟင် မြေပြင် ရန်သူ့စစ်တပ်ကို
မောင်းပြန်သေနတ် လက်လုပ်ဗုံးနဲ့
Pdf ရဲဘော်လေးတွေရဲ့ စခန်းသိမ်းတိုက်ပွဲတွေအကြောင်း
Marting Scorsese ကြီးခေါ်ပြီး
ရုပ်ရှင်ရိုက်ချင်တယ်
ပြာနံ့ ယမ်းနံ့ ဖုန်နံ့တွေနဲ့
အညာဟာ တမာရနံ့မသင်းတော့။
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar