Breaking News

မောင်တူး - စုမွေးနေ့ ၈၀ ကြို ကဗျာများ (၃)


မောင်တူး - စုမွေးနေ့ ၈၀ ကြို ကဗျာများ (၃)

မိုးမခ ၊ ဧပြီ ၉ ၊ ၂၀၂၅


မွေးနေ့ကြိုကာ၊ ကဗျာဆယ်ပုဒ်

ရွေးထုတ်ပြီးခဲ့၊ ကျန်တဲ့ကဗျာ

စုမာတာသက်၊ ရှစ်ဆယ်တွက်ထိ

ဆက်လက်ရှာဖွေတင်ပြမည်။ ။


အမေစု မွေးနေ့ ဂုဏ်ပြုကဗျာပေါင်း ၁၀ ပုဒ်ကို "စုမွေးနေ့ ၈၀ ကြိုကဗျာများ အပိုင်း ၁ နဲ့ ၂ မှာ ဖော်ပြခဲ့ပြီးပါပြီ။ ကိုစောဝေ ကဗျာနဲ့ ကိုလင်းခါးရဲ့ ကဗျာ ၂ ပုဒ်ကို ဆက်လက် ဖော်ပြပေးပါမယ်လို့ ပြောထားခဲ့တာမို့ အခု ကိုလင်းခါးရဲ့ ကဗျာကို အရင် ဖတ်နိုင်ကြပါပြီ။


ဒေါ်အောင်ဆန်းစုကြည်နိုင်ငံမှာ နေတဲ့ လူငယ်တယောက်

(လင်းခါး)


ဒေါ်အောင်ဆန်းစုကြည် နေတဲ့ နိုင်ငံက လူငယ်တယောက်

တချို့နိုင်ငံတွေမှာ ရတဲ့

သာမန်ပိုင်ခွင့်လေးတခုကို

နှာသီဖျားနဲ့ မျက်လုံးအိမ်အထိ

ကြီးသောအဟုန်နဲ့တက်လာတဲ့ ဝမ်းသာမှုနဲ့ ယူရ၊

အဲဒီ လူငယ်လေးပေါင်းများစွာဟာ

ဒေါသနဲ့ အလိုမပြည့်မှုအတွက်

ဆံပင်အရှည်ထား တက်တူးထိုးလိုက်ကြတယ်။

ဒေါ်အောင်ဆန်းစုကြည်နိုင်ငံက

တခါက လူငယ်လေးတယောက်

ဒေါ်အောင်ဆန်းစုကြည်ပုံ သိမ်းဆည်းထားမှုနဲ့ ထောင်ထဲရောက်ခဲ့ရ

၁၉၄၈ လူ့အခွင့်အရေး ကြေညာစာတမ်း

လက်ဝယ်တွေ့ရှိမှုနဲ့ လူညွန့်တုံးခဲ့ရ

ဒေါ်အောင်ဆန်းစုကြည် နေတဲ့ နိုင်ငံမှာ

ဒေါ်အောင်ဆန်းစုကြည် ရှိကြောင်း ဖော်ထုတ်ပြသမှုဟာ

ကိုယ့်ကိုယ်ကိုယ် လူတွေကြားက ပျောက်ကွယ်သွားဖို့ ဖြစ်ခဲ့တယ်

အဲဒီလူငယ်ပေါင်းများစွာ

လူငယ်ဘဝကို လူငယ်အဖြစ်နဲ့ မခံစားတတ်ခဲ့ကြ

အချိန်တိုင်း ဖူးချစ်လို ကြိုးစင်သွားရမယ်ချည့် အောက်မေ့

အချိန်တိုင်း ချေဂွေဗားရားလို ပြောက်ကျားတိုက်ရမယ် စဉ်းစား

အချိန်တိုင်း စိတ်ကူးတော်လှန်ရေး လုပ်နေကြရတယ်။

ဒေါ်အောင်ဆန်းစုကြည် နေတဲ့ နိုင်ငံက လူငယ်တယောက်

အင်တာနေရှင်နယ် သီချင်းနဲ့

ထူးအိမ်သင်နဲ့

ကိုစောညိန်းနဲ့

ဟစ်ဟော့ နဲ့။

ကမ္ဘာကြီးထဲက ဒိပြင်လူငယ်တွေနဲ့ မတူတဲ့အချက်က

ဒေါ်အောင်ဆန်းစုကြည် နေတဲ့ နိုင်ငံက လူငယ်တွေမှာ အမြဲ

အံကြိတ် လက်သီးဆုပ်ထားနေရတာပဲ အမြဲ

တော်လှန်ရေးဆိုတဲ့ စကားလုံး ယဉ်ပါးလာရတာပဲ အမြဲ

သူတို့အိပ်မက်တွေကိုပါ အာဏာသိမ်းခံထားရတာပဲ။

ဒေါ်အောင်ဆန်းစုကြည် နေတဲ့ နိုင်ငံက လူငယ်လေးတယောက်

ဒေါ်အောင်ဆန်းစုကြည် အဖေပုံကို ရင်ဘတ်မှာ တက်တူးထိုးထားပြီး

ဒေါ်အောင်ဆန်းစုကြည်ပုံကို တီရှပ်ရိုက် ဝတ်ထားတယ်။

ဒေါ်အောင်ဆန်းစုကြည် နေတဲ့ နိုင်ငံက လူငယ်တယောက်

ဒိပြင် နိုင်ငံတွေရောက်တဲ့အခါ ရင်ကော့ပြောတယ်

"ဒေါ်အောင်ဆန်းစုကြည် နိုင်ငံကပါ" တဲ့

သူဟာ ဒေါ်အောင်ဆန်းစုကြည် အကြောင်း နည်းနည်းပဲသိတယ်

သူဟာ ဒေါ်အောင်ဆန်းစုကြည်ကို ၂၀၁၀ ခုနှစ်ကျော်မှ

ဓာတ်ပုံတွေမှာ စမြင်ဖူးတယ်။

ဒေါ်အောင်ဆန်းစုကြည် နေတဲ့ နိုင်ငံက လူငယ်တယောက်

ဒေါသထွက်မြန်၊

သိပ်ရယ်စရာမဟုတ်တာတွေကို ဟားတိုက်ရယ်တတ်

တကယ့်ပျော်စရာတွေအတွက် ဘယ်တော့မှ အသင့်မဖြစ်ခဲ့ပါ။

ဒေါ်အောင်ဆန်းစုကြည် နေတဲ့ နိုင်ငံက လူငယ်တယောက်နဲ့

ဒေါ်အောင်ဆန်းစုကြည် နေတဲ့ နိုင်ငံက တခြား

လူငယ်တယောက်ချင်းကို ကြီးမားတဲ့ ကွာဟမှုနဲ့

လူငယ်တယောက်က အဆိုးမြင်လွန်းရင်

နောက်လူငယ်တယောက်က အကောင်းမြင်လွန်းတယ်။

ဒေါ်အောင်ဆန်းစုကြည် နေတဲ့ နိုင်ငံဆိုတာ

ဒေါ်အောင်ဆန်းစုကြည် အဖေ ဗိုလ်ချုပ်အောင်ဆန်း

ရယူပေးသွားတဲ့ လွတ်လပ်ရေးနဲ့ မလောက်လို့

လူငယ်တွေဟာ နယ်စပ်ကို ထွက်ခွာကြ၊

ထောင်ထဲကို ပြေးဝင်ကြ၊

စာရွက်အလွတ်တွေကို သည်းသည်းမည်းမည်းရေးခြစ်ကြ၊

ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်

လွတ်လပ်မှုပျောက်ဆုံးခဲ့ဖူးတဲ့ နိုင်ငံပေါ့။

ဒေါ်အောင်ဆန်းစုကြည် နေတဲ့ နိုင်ငံက လူငယ်များ

မလွတ်မလပ်

ပျော်ဝင်နိုင်စွမ်းကုန်သွားပြီဖြစ်တဲ့

ရေခွက်ထဲက ဆားခဲတွေလို

တသီးတသန့်ကြီး အချုပ်အနှောင်ခံထားရတယ်။

ဒေါ်အောင်ဆန်းစုကြည် နေတဲ့ နိုင်ငံက လူငယ်တယောက်

ဒေါ်အောင်ဆန်းစုကြည်ကို မျှော်လင့်ကြ

ဒေါ်အောင်ဆန်းစုကြည်ကို ကိုးစားကြ

ဒေါ်အောင်ဆန်းစုကြည်ကို အားမလိုအားမရဖြစ်ကြ။

ဒေါ်အောင်ဆန်းစုကြည်နေတဲ့ နိုင်ငံက လူငယ်တယောက်

ဒေါ်အောင်ဆန်းစုကြည်ကို ဝေဖန်မိလို့

ဒေါ်အောင်ဆန်းစုကြည်နေတဲ့ နိုင်ငံက အခြား

လူငယ်တယောက်က ဆဲရေးကြ၊ ရှုတ်ချကြ

ဒေါ်အောင်ဆန်းစုကြည်နေတဲ့ နိုင်ငံဟာ

ဒီနေ့အချိန်အထိ အဖြူအမဲခေတ်က မတက်သေး

တယောက် အဖြူဆို တယောက်က အမဲ

ဗဟုဝါဒကို နားမယဉ်သေး။

ဒေါ်အောင်ဆန်းစုကြည် နေတဲ့ နိုင်ငံဟာ သိပ်မာယာများ

တိုက်ခိုက်ဆဲရေးတာနဲ့ ဝေဖန်သုံးသပ်တာ မကွဲပြား

အစိုးရနဲ့ အတိုက်အခံမကွဲပြား

သူ့လူ ကိုယ်ဘက်သား မကွဲပြား

လွတ်လပ်မှုနဲ့ ရမ်းကားတာ မကွဲပြား

ဘာသာနဲ့ သာသနာ မကွဲပြား

ဒေါ်အောင်ဆန်းစုကြည် နေတဲ့ နိုင်ငံက လူငယ်တယောက်

ဒေါ်အောင်ဆန်းစုကြည် နေတဲ့ နိုင်ငံဟာ

ဖန်ပုလင်းလား၊ သမုဒ္ဒရာလား ကွဲပြားတဲ့အထိ

လူငယ်တယောက် ကိုယ်တိုင်အားထုတ်ရလိမ့်မယ်။ ။

#လင်းခါး

၁-၂-၃-၄-၅/၂၀၁၅


ကိုလင်းခါးဟာ စု ၇၈ မွေးနေ့ တော်လှန်သူတို့ရဲ့ ရုန်းကန်သံ ကဗျာရွတ်ပွဲမှာ ဒီကဗျာကို ရွတ်ခဲ့တယ်။ ကဗျာကို ရေးခဲ့တာ ဆယ်စုနှစ် ကျော်ခဲ့ပြီဖြစ်ပေမဲ့ ဒီနေ့နဲ့ ကိုက်ညီနေတုန်းပဲလို့လည်း သူကပြောခဲ့တယ်။ ဟုတ်ပ။ ဒါကြောင့် စု ၈၀ မွေးနေ့ကြို ကဗျာတွေ ဖော်ပြရာမှာ ဒီကဗျာဟာ ၁၁ ပုဒ်မြောက် ကဗျာ ဖြစ်လာပါတယ်။

အခုဆိုရင် မတ်လ ၂၈ ရက် ၂၀၂၅ မှာ လှုပ်ခဲ့တဲ့ ငလျင်ကြီးကြောင့် သေဆုံးသူ ၄၀၀၀ ကျော်ပြီ။ ဒဏ်ရာရသူလည်း ၆၅၀၀ ရှိပြီ။ ဒေါ်အောင်ဆန်းစုကြည်ရှိရာ နေပြည်တော်ကိုလည်း ငလျင်ဒဏ် ထိတာများတယ်။ ဒါကြောင့်ပြည်သူတွေ စိုးရိမ်နေကြချိန်ပါ။ စစ်ကောင်စီကလည်း အမေစုကို ရှေ့နေနဲ့တောင် ပေးမတွေ့ပါဘူး။ ၈၀ ပြည့် အမေကြီးရဲ့ ကျန်းမာရေးသတင်းကိုလည်း ဘယ်တော့မှ ရှင်းရှင်း လင်းလင်း မထုတ်ပြန်ပါဘူး။ လူ့အခွင့်အရေး လုံးဝမရှိ။ ဒီမိုကရေစီ ခေါင်းဆောင် အမေစုတောင် ဒီမိုကရေစီ ခံစားခွင့်တွေ မရလျှင် ပြည်သူတွေအတွက်ကတော့ ရရှိဖို့ ပိုဝေးပြီပေါ့၊ ဒါတောင် စစ်တပ်က ဒီမိုကရေစီ စစ်စစ်ရအောင် အာဏာသိမ်းထားတာပါလို့ ပြောသေးတယ်နော်။ ဘာပဲဖြစ်ဖြစ် ပြည်သူတွေကတော့ ၈၀ ပြည့် မွေးနေ့ကို ကြိုဂုဏ်ပြုနေကြပြီ။ ကျနော်လည်း ကဗျာတွေနဲံ ဂုဏ်ပြုနေပြီ။ ကိုစောဝေ ကဗျာကို ဆက်လက်ဖော်ပြပါမည်။


အမတ အမတေ အမေ (စောဝေ)

(မိုးမခ) ဇွန် ၁၇ ၊ ၂၀၂၃


အမတ အမတေ အမေ

မုန်းသူတစုက သတ်ချင်ပေမဲ့

ချစ်သူများက ရှင်စေလိုလို့ ရှင်နေသူ။


အမတ အမတေ အမေ

အာဏာရူးတစုက

အာဏာခဏခဏ လုပေမဲ့

အာဏာရမသွားတဲ့ လူတွေကြောင့်

ထောင်ထဲ ရောက်နေရပေမဲ့

ထောင် မှန်သမျှ

နိဗ္ဗာန်ဖြစ်အောင် ကျင့်ကြံနိုင်သူ။


အမတ အမတေ အမေ

သေနတ်တွေကိုင် လူတွေသတ်ပြီး

ဂုဏ်သိက္ခာကို အပုပ်ချပေမဲ့

ဓူဝံကြယ်ထက် လင်းလက်

ကမ္ဘာကို ထိန်ညီးစေသူ။


အမတ အမတေ အမေ

သင်္ကန်းဝတ်တွေက

မဆိုင်တာတွေ လုပ်နေချိန်

တရားရှာ ကိုယ်မှာရှိ စိတ်နဲ့

အမြဲ တရားမှတ်နေသူ။


အမတ အမတေ အ‌မေ

ဂုဏ်ဆာသူတွေက ပလ္လင်လုပေမဲ့

ဂုဏ်မမက်သူက

ဂုဏ် အမြဲတက်နေသူ။


အမတ အမတေ အမေ

စစ်ခွေးရူးတွေက

လူထုနဲ့ ကင်းကွာအောင်

ကောက်ကျစ်ယုတ်မာပေမဲ့

မြန်မာလူထုနဲ့

ကမ္ဘာ့လူထုရင်ထဲ ရောက်သွားသူ။


အမတ အမတေ အမေ

ကိုယ့်အတွက် ကိုယ့်သား ကိုယ့်မြေးတွေဖို့

မျက်ရည်မလွယ်ပေမဲ့

ကိုယ့်တိုင်းပြည်အတွက်

မျက်ရည်အခါခါ ကျရတဲ့သူ


အမတ အမတေ အမေ

ဒီရာစုနှစ်တွေထဲ

မုဆိုးမတယောက်ရဲ့

သင်းပျံ့မွှေးကြိုင်တဲ့

ဂုဏ်သတင်းတွေက

ကမ္ဘာကို မရပ်မနား

လှည့်လည်နေသူ။


အမတ အမတေ အမေ

လမ်းဘေးမုန့်ပြားသလက်သည်ကနေ

သမတအထိ

လူလိုပဲ လေးစားစွာ ဆက်ဆံခဲ့သူ။


အမတ အမတေ အမေ

ရက်စက်ရိုင်းစိုင်းသူများကို

အပြုံးမပျက် မေတ္တာထားနိုင်သူ။


အမတ အမတေ အမေ

အသက်အရွယ်နဲ့မမျှ

မြန်မာ့ ငြိမ်းချမ်းရေးနဲ့

ကမ္ဘာ့ ငြိမ်းချမ်းရေးကို

နှလုံးသားအပ် ဆောင်ရွက်နေသူ


အမတ အမတေ အမေ

နှင်းဆီ၊ ခွာညို၊ သပြေ၊ စပယ်

သဇင်၊ သစ်ခွ

ပွင့်သမျှပန်း

အဆင်းနဲ့ လန်းစေသူ

ကိုယ်ခန္ဓာကို အကျဉ်းချထားပေမဲ့

စိတ်က ပြည်သူလူထုထံမှာ အမြဲရှိသူ

သူ့ကျန်းမာရေးထက်

မြန်မာလူထုရဲ့ ကျန်းမာရေးကို

အလေးထားသူ

(အမတ အမတေ အမေ

အသက်ရာကျော်ရှည်ပါစေ)၃


ကိုဗစ်ကပ်ဘေးမှာ အမေ့အစိုးရရဲ့ စီမံမှုနဲ့ ပြည်သူတွေ သက်သာရာရခဲ့တယ်၊ အခု ငလျင်ဘေးမှာတော့ သေသူ ဒဏ်ရာရသူ ကယ်ရမယ့်သူတွေကို မကယ်ဘဲ အာဏာသိမ်းတပ်က လေယာဉ်တွေနဲ့ ဗုံးတွေ လိုက်ကြဲနေခဲ့တယ်။ မသေသင့်ဘဲ သေရသူတွေ များနေပြီ။ အမေသာ ရှိရင်တော့ကွာလို့ ပြောနေကြပြီ။ အမေစုကိုသာ လွှတ်ပေးပြီး စီမံခိုင်းလိုက် ငလျင်ကယ်ဆယ်ရေးတွေ ပြန်လည်ထူ ထောင်ရေးတွေ အဆင်ပြေသွားမယ် ဆိုတဲ့ အသံတွေ ကြားနေရပြီ။ အဲ့သည်လို ပြည်သူတွေက တမ်းတ မျှော်နေရသူ အမေစုပါ။ အမေစု ဆိုတဲ့ လူတယောက်ကို ကဗျာအပုဒ်ပေါင်းများစွာနဲ့ ရေးဖွဲ့ဂုဏ်ပြုခဲ့ကြပြီးပါပြီ။ နောက်ထပ်လည်း စုမွေးနေ့ကဗျာတွေ ရေးနေကြပါတယ်။ ဟော ပြောရင်းဆိုရင် အို နှင်းဆီ မင်းတပါးအတွက် ကဗျာတပုဒ်ကို ကိုအောင်ဝေးက ရေးထုတ်ခဲ့ပြန်ပါပေါ့။


အမတနှင်းဆီ (အောင်ဝေး)

(မိုးမခ) ဇွန် ၁၉ ၊ ၂၀၂၄


နတ်ဆိုးက

ကျောက်တုံးနဲ့

ဖိသတ်တယ်။


နွေဦးပေါက်တော့

ကျောက်တုံးက

ပန်းပွင့်လာသတဲ့။


ကမ္ဘာပေါ်မှာ

နောက်တစ်ပွင့်မရှိတဲ့

ပန်း။ ။


IMMORTAL ROSE - Translated by Mone Aung


A demon

crushed it

with a stone.


Come spring

the stone

blooms.


A flower

unlike any other

in the world.


အထက်ပါ ကိုအောင်ဝေးရဲ့ ကဗျာဟာ ကျနော် ရှာဖွေ ရေးသားနေတဲ့ စု ၈၀ မွေးနေ့ ကဗျာများ စာရင်းမှာ ၁၃ ပုဒ်မြောက်ပေါ့။ ရှာဖွေလေ တွေ့ရှိလေ ဆရာစွမ်းရဲ့ စုမွေးနေ့ ကဗျာတပုဒ်ကိုလည်း ထပ်တွေ့ပြန်ပါပြီ။ "စု မွေးနေ့ဆုမွန်" ပါတဲ့ ခင်ဗျာ။


စုမွေးနေ့ဆုမွန် (မောင်စွမ်းရည်)

(မိုးမခ) ဇွန် ၁၈၊ ၂၀၂၀


ပညာလဲရှိ

သဘာရှိ

ကမ္ဘာသိတဲ့ စု၊၊


သတ္တိလဲပြောင်

ဗျတ္တိ ပြောင်

ပညာပြောင်တဲ့ စု၊၊


ပြည်သူ့သမီး

ဆန်းသမီးသည်

ခိုင်ဖြီးကျန်းမာ

အသက်ရာကျော် ရှည်စေသော်၊၊


ပြည်သူ့မိခင်

ဒေါင်းမိခင်သည်

လန်းရွှင်ကျန်းမာ

အသက်ရာကျော် ရှည်စေသော်၊၊ ။

စုမွေးနေ့ ၈၀ ပြည့် အကြိုမှာ ဂုဏ်ပြုကဗျာတွေ ရှာဖွေ ဖော်ပြပေးလိုက်ရတာ အားပါးတရ ရှိလှပါတယ်။ ဆရာတွေ ဖြစ်ကြပါသော ဆရာစွမ်း၊ ဆရာစော၊ ဆရာအောင်ဝေး၊ ဆရာလင်းခါးတို့ရဲ့ ကဗျာတွေကို ဖတ်ရလို့လည်း သည်တပတ် ကျေနပ်လှပါတယ်။ စုမွေးနေ့ ၈၀ ကြိုကဗျာများ (၃) ကို ဒီလောက်နဲ့ အဆုံးသတ်ပါပြီ။ အပိုင်း ၄ ဆက်ရေးပါမည်။

"စု" မည်နာမ၊ ပြတ်သားလှသည့်

မိန်းမ တယောက်၊ ရှစ်ဆယ်ရောက်ချိန်

ဂုဏ်ရှိန်သတင်း၊ ကဗျာတွင်းမှာ

ရှင်းလင်းစာစီ၊ မြင်ရမည်မှတ်

စောင့်လို့ ဖတ်ကြပါကုန်သော်ဝ်။ ။


👉စုမွေးနေ့ ၈၀ ကြို ကဗျာများ (၁)

👉စုမွေးနေ့ ၈၀ ကြို ကဗျာများ (၂)


Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar