မောင်လူမွှေး - တော်လှန်ရေးကို နှလုံးသားနဲ့ ရွက်ထားသူတွေ
မောင်လူမွှေး - တော်လှန်ရေးကို နှလုံးသားနဲ့ ရွက်ထားသူတွေ
မိုးမခ ၊ မေ ၆ ၊ ၂၀၂၅
မောင်လူမွှေး အိပ်ရာထထချင်း ရေနွေးကြမ်းနဲ့ ကော်ဖီဖီခါးခါး သောက်လေ့ရှိတယ်။ မနက်စာစားဖို့ကြတော့ အင်မတန်ပျင်းတယ်။ မနက်ခြောက်နာရီကျော် မောင်လူမွှေး အိပ်ရာထချိန်မှာ မောင်လူမွှေး ဇနီးက ရေနွေးကြမ်းရော၊ ကော်ဖီပါ အဆင်သင့်ပြင်ပေးထားပြီးသားဖြစ်တယ်။ ဒါ့အပြင် မနက်စာ မစားချင်တဲ့ မောင်လူမွှေးအတွက် မစား၊ စားဖြစ်အောင် ထမင်းနည်းနည်းလည်း စားချင်စဖွယ်ပြင်ထားလေ့ရှိပါတယ်။
မောင်လူမွှေး စာသင်ရသလို မောင်လူမွှေးဇနီးလည်း စာသင်ရတယ်။ သူက မူလတန်းကလေးတွေကို သင်ရတာမို့ မောင်လူမွှေးထက်ပိုပင်ပန်းသေးတယ်။ အိမ်အလုပ်တွေလည်း မောင်လူမွှေးထက်ပိုလုပ်ရတယ်။ ရေခပ်တာလောက်ပဲ မောင်လူမွှေးကူနိုင်တယ်။ သူ မရှိရင် မောင်လူမွှေး ပညာရေးလုပ်ငန်းတွေလည်း ခုလောက် ကောင်းကောင်းလုပ်နိုင်မှာမဟုတ်သလို ခုလို စာတွေရေးဖို့လည်း ခက်မယ်လို့ တွေးမိပါတယ်။
မောင်လူမွှေးရဲ့ ကိုကြီးတစ်ယောက်ဆို လွှတ်တော်အစည်းအဝေးတွေ လိုင်းပေါ်ကနေ တက်ရတယ်။ တော်လှန်ရေးလုပ်ငန်းတွေအတွက် ဟိုသွား၊ ဒီသွား သွားရတယ်။ အလုပ်ကိစ္စနဲ့လာတဲ့ ဧည့်သည်တွေကို ဧည့်လက်ခံစကားပြောရတယ်။ သူ့အဖွဲ့ဝင်တွေကို စီမံခန့်ခွဲရတယ်။ အားတယ်ရယ်လို့ မရှိဘူး။
မောင်လူမွှေးရဲ ကိုကြီးထက် အလုပ်ရှုပ်တာက ကိုကြီးရဲ့ ကြင်ရာတော် မောင်လူမွှေးရဲ့ အစ်မဖြစ်တယ်။ အိမ်မှာရှိတဲ့ နွားခြောက်ကောင်လောက်ကို နေ့တိုင်း ကျွေးရတယ်။ ယာခင်းတောကိုသွားပြီး အခင်းတွေစိုက်ဖို့ စီမံရတယ်။ အထက်တန်းအရွယ်ရောက်နေတဲ့ သမီးနဲ့သား ကျောင်းထားဖို့ကုန်ကျစရိတ် သူပဲ ရှာရတယ်။ ယောက်ျား ဟိုနားဒီနားသွားရင် သုံးဖို့ပိုက်ဆံကိုလည်း ပေးရတယ်။ ဒါ့အပြင် အိမ်လာတဲ့ဧည့်သည်တွေဧည့်ခံဖို့ကစ အိမ်အလုပ်တွေကိုလည်း လုပ်ရတယ်။ ညနေတိုင်ဆိုရင် မောင်လူမွှေး အစ်မဟာ ဖတ်ဖတ်မောနေပြီး ပင်ပင်ပန်းပန်းနဲ့ တစ်နေ့လုပ်စာ၊ တစ်နေ့ ရှာစားရတဲ့ မုဆိုးမလေးနဲ့တောင် တူနေတော့တယ်။
မောင်လူမွှေးရဲ့ ဖလေးနဲ့ လေးလေးဟာ ဆင်းရဲကြတယ်။ မောင်လူမွှေးတို့ရဲ့ ဒေသမှာ ကိုယ့်အဖေရဲ့ညီကို ဖလေးလို့ခေါ်ပြီး ဖလေး ကတော်ကိုတော့ လေးလေးလို့ခေါ်ကြတယ်။ ဆင်းရဲတဲ့ကြားထဲ စစ်ကောင်စီစစ် ကြောင်းက မီးရှိူ့ခဲ့လို့ အိမ်မရှိဘဲ တဲနဲ့နေကြရတယ်။ ဖလေးရဲ့မိန်းမ မောင်လူမွှေးရဲ့ လေးလေးဟာ အင်မတန်အပင်ပန်းခံနိုင်သူဖြစ်တယ်။ သားတွေ၊ တူတွေကို အင်မတန်ချစ်တတ်သူလည်း ဖြစ်တယ်။ သူ့သားဖြစ်သူက PDF ရဲဘော်တစ်ဦး ဖြစ်တယ်။ သူ့သားရဲဘော်အတွက်သာမက သားတပ်ရင်းအတွက်ပါ မရှိဆင်းရဲတဲ့ကြားက လိုအပ်တာကို ဖြည့်ဆည်းပေးနေသူဖြစ်တယ်။
မောင်လူမွှေးရဲ့ အစ်မတစ်ယောက်ကတော့ တော်လှန်ရေးမှာ သားကို ဆုံးရှုံးထားရသူ ဖြစ်တယ်။ " ငါ့သားက ငါ့နှလုံးသားထဲမှာ " လို့ သူအမြဲပြောတတ်တယ်။ ကျဆုံးသွားတဲ့ သူ့သားရဲ့ သူငယ်ချင်းတွေက သူ့ကို " အမေ" လို့ ခေါ်ကြတယ်။ လိုအပ်တာတွေကိုလည်း အမေဆီက တောင်းသလိုတောင်းကြတယ်။ မောင်လူမွှေး အစ်မဟာ အမြဲဖြည့်ဆည်းပေးနေတာ ခုထက်ထိပဲ။ မောင်လူမွှေးသူ့ဆီသွားရင် " နင့်တူ သူငယ်ချင်းတွေက အမေ ဘာလိုတယ်ဆိုလို့ ဘာလုပ်ပေးလိုက်ရတယ်" ဆိုတာမျိုး အမြဲဂုဏ်ယူပြီးပြောလေ့ရှိတယ်။
ဒီနေရာမှာ စိတ်နှလုံးအင်မတန်ကောင်းတဲ့ မောင်လူမွှေးရဲ့ မလေးတစ်ယောက်ကိုလည်း မေ့ထားလို့မရပါဘူး။ အဲ ဒီမလေးဟာ မောင်လူမွှေး ငယ်စဥ်က ကျောပိုးထိန်းကျောင်းခဲ့သူဖြစ်လို့ မောင်လူမွှေးကို ချစ်ရှာတယ်။ မောင်လူမွှေး အစ်မဟာ ရိုးသားဖြူစင် နူးညံ့သူ ဖြစ်တယ်။ တော်လှန်ရေးအကြောင်း သူ ဘာမျှနားမလည်ဘူး။ သူဟာ တော်လှန်ရေးအကြောင်း အဆိုး၊အကောင်း မပြောသလောက် ဖြစ်တယ်။
မောင်လူမွှေးရဲ့မလေးလုပ်တဲ့အလုပ်က သူ့တဲနား ရောက်လာတဲ့ စစ်ရှောင်တွေကို ကူညီတာဖြစ်တယ်။ တော်တော်တန်တန်ကူညီမှုမျိုးမဟုတ်ပါဘူး။ သူ့တဲနားနေသူတွေ ဆီမရှိဆီ၊ ဆန်မရှိ ဆန်ရှိတာ ကျုံးပေးလိုက်တဲ့ သူမျိုးဖြစ်တယ်။ " စစ်ရှောင်တွေရှိနေသ၍ နင့်မလေး ဖွတ်ပြာကျနေဦးမှာပဲ" လို့ ဆွေမျိုးတွေက မောင်လူမွှေးကိုပြောကြတယ်။ မောင်လူမွှေး သူ့တဲကိုသွားတုန်းကလည်း ဆန်နဲ့ဆီတွေ အတင်းထည့်ပေးလို့ မောင်လူမွှေးလည်း သူစိတ်မကောင်းဖြစ်မှာစိုးလို့ ယူခဲ့ရသေးတယ်။
မောင်လူမွှေး စာတွေများများသင်နိုင်တာ၊ စာတွေရေးနိုင်တာ၊ အခါအားလျော်စွာ ဒေသခံအဖွဲ့အစည်းတွေကို ကူညီပေးနိုင်တာဟာ မောင်လူမွှေးရဲ့ ဇနီး မစ်(စ) မွှေးကြောင့် ဖြစ်တယ်။ မောင်လူမွှေးရဲ့ ကိုကြီးဟာလည်း သူ့ဇနီးကြောင့်သာ တော်လှန်ရေး၊ ဒေသအရေးကိုလုပ်နိုင်နေသူ ဖြစ်တယ်။ မောင်လူမွှေးရဲ့ ညီတစ်ဝမ်းကွဲ၊ မောင်လူမွှေးတူရဲ့ သူငယ်ချင်းရဲဘော်တွေဟာလည်း သူတို့အမေတွေကြောင့် တော်လှန်ရေးကို စိတ်ရောကိုယ်ပါ လုပ်နိုင်ကြပါတယ်။ တော်လှန်ရေးအကြောင်းသိပ်မပြောတဲ့ မလေးဟာ စစ်ရှောင်မိသားစု ဆယ်စုလောက်ကို ထိန်းထားနိုင်တယ်။
တော်လှန်ရေးရှေ့တန်းမှာ ပါဝင်နေကြတဲ့ မိန်းမသားတွေဟာ ချီးကျူး လေးစားစရာကောင်းသလို တော်လှန် ရေးနောက်တန်းကနေ အလုံးစုံကူညီပေးနေတဲ့ မိန်းမသားတွေဟာလည်း လေးစားမြတ်နိုးဖွယ် ဖြစ်တယ်။ သူတို့ဟာ တော်လှန်ရေးကိုဦးခေါင်းနဲ့ရွက်ထားသူတွေလို့တောင်ဆိုနိုင်တယ်။ သူတို့ရဲ့ကျေးဇူးတရားကို အောက် မေ့ပြီး မောင်လူမွှေးဟာ သူတို့ကို ခင်ခင်မင်မင်၊ လေးလေးစားစား ပြုမှုတယ်။ ချစ်ချစ်ခင်ခင် ပြောဆိုဆက်ဆံပါတယ်။
နွေဦးတော်လှန်ရေးကို ဦးခေါင်းမှာရွက်ထားတဲ့ အမေတွေ၊ ဇနီးတွေ၊ နှမတွေ၊ အစ်မတွေ၊ အဒေါ်တွေ များစွာရှိကြတယ်။ ဒီလိုမိန်းမသားတွေရှိနေတာကြောင့် တော်လှန်ရေးဟာ ဒီလောက်ထိ ရွှေ့လာရတယ်။ တော်လှန်ရေးကို ဦးခေါင်းနဲ့ရော၊ နှလုံးသားနဲ့ပါရွက်ထားသူတွေကို နွေးထွေးကြင်နာစွာ ဆက်ဆံဖို့မပျက်ကွက်အပ်ဘူးလို့ မောင်လူမွှေး ခံယူပါတယ်ခင်မျာ..။
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar