Breaking News

တရုတ်နိုင်ငံရဲ့ ဖိအားကို ခံနိုင်ဖို့ မဟာမိတ်ဖွဲ့နိုင်မယ့် အလားအလာ

မြန်မာနွေဦးခရိုနီကယ် - မေ ၅ မြင်ကွင်း

မိုးမခ၊ မေ ၆ ၊ ၂၀၂၅

တရုတ်နိုင်ငံရဲ့ ဖိအားကို ခံနိုင်ဖို့ မဟာမိတ်ဖွဲ့နိုင်မယ့် အလားအလာ

တရုတ်နိုင်ငံက တိုက်တွန်းဖိအားပေးမှုနဲ့ ဧပြီ ၂၈ ရက်နဲ့ ၂၉ ရက်မှာ စစ်ကောင်စီနဲ့ ယူနန်ပြည်နယ် ကူမင်းမှာဆွေးနွေးခဲ့တဲ့ တအာန်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA က ယမန်နေ့က ဆွေးနွေးပွဲနဲ့ ပတ် သက်တဲ့သတင်းစာရှင်းလင်းပွဲ ကျင်းပခဲ့ပါတယ်။ ဒီသတင်းစာရှင်းလင်းပွဲမှာ ကူမင်းဆွေးနွေးပွဲနဲ့ ပတ်သက်လို့ TNLA ဘက်က ဘာတောင်းဆိုခဲ့သလဲ၊ စစ်ကောင်စီဘက်က ဘာတောင်းဆိုခဲ့သလဲဆိုတာတွေကို မီဒီယာကို ထုတ်ဖော်ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

ထုတ်ဖော်ပြောဆိုချက်တွေအရ စစ်ကောင်စီက TNLA ဘက်ကိုတောင်းဆိုရာမှာ ၁၀၂၇ စစ်ဆင်ရေးအတွင်း သိမ်းယူထားတဲ့ သီပေါ၊ ကျောက်မဲ၊ နောင်ချို၊ မိုးကုတ်၊ မိုးမိတ်၊ နမ့်ခမ်းနဲ့ ကွတ်ခိုင်တို့ကနေ ပြန်လည်ဆုတ် ခွာပေးပြီး နမ့်ဆန်နဲ့ မန်တုံမြို့တွေမှာသာ တပ်စွဲဖို့ တောင်းဆိုတယ်လို့ ဆိုပါတယ်။ TNLA က ၁၀၂၇ စစ် ဆင်ရေးတွေအတွင်း မြို့ ၁၂ မြို့ သိမ်းယူထားတာ ဖြစ်ပြီး မိုးကုတ်နဲ့ အချို့သောမြို့နယ်တွေဟာ သယံဇာတတွေ ထွက်ရှိတဲ့ ဒေသတွေ ဖြစ်တာလည်း တွေ့ရမှာပါ။ မြို့တွေ အများအပြား တိုက်ခိုက်သိမ်းယူထားနိုင်တာဟာ စစ်ရေးအရ သြဇာရှိရုံတင်မက၊ လက်နက်ကိုင်အဖွဲ့အတွက် ဝင်ငွေရရှိတဲ့နည်းလမ်းလည်း ဖြစ်ပါတယ်။ တဖက်မှာတော့ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းတလျှောက် တဖွဲ့မကတဲ့ လက်နက်ကိုင်အဖွဲ့တွေ စိုးမိုးထားတဲ့အချက်က တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေး လမ်းအဖြစ် အသုံးမချနိုင်တဲ့ အဖြစ်၊ တရုတ်နိုင်ငံက အခုလို အပစ်ရပ်သဘောတူညီမှုတွေနဲ့သိမ်းယူထားတဲ့ မြို့တွေ ပြန်မဆုတ်ပေးရင် နယ်စပ်ဂိတ်တွေ ပိတ်ထားမယ့် အချက်က TNLA အဖို့ ခက်ခဲတဲ့ ရွေးချယ်မှုတွေ ဖြစ်စေတာလည်း ဖြစ်ပါတယ်။

TNLA ရဲ့ သတင်းစာရှင်းလင်းပွဲမှာပြောဆိုရာမှာ လက်ရှိမှာတော့ ဆုတ်ခွာဖို့ မရှိဘူးလို့ဆိုပေမယ့် အခြေ အနေ တခုမှာ အရေအတွက်တချို့ကို ဆုတ်ခွာပေးတာမျိုး ဖြစ်ကောင်းဖြစ်နိုင်တဲ့ အငွေ့အသက်လည်း ခံစားရစေပါတယ်။ နောက်တချက်ကတော့ တရုတ်နိုင်ငံရဲ့ ဖိအား၊ ညီနောင် မဟာမိတ် ၃ ဖွဲ့ထဲက တဖွဲ့က စစ်ကောင်စီနဲ့ အပစ်ရပ်သဘောတူညီခဲ့ပြီး ၂ ဖွဲ့သာကျန်ရှိတဲ့အနေအထားမှာ စစ်ကောင်စီဘက်က စစ်မျက်နှာတခုကို တိုက်စရာမလိုပဲ ကျန် ၂ ဖွဲ့နဲ့သာ ရင်ဆိုင်ရမှာဖြစ်လို့ ဒီအချက်ကလည်း TNLA အဖို့ စစ်ရေးအရ ဖိအားဖြစ်စေမှာ အမှန်ပါ။ နောက်တချက်က လားရှိုးမြို့ ပြန်လည်လွှဲပြောင်းပေးလိုက်ရတဲ့အချက်ကလည်း ညီနောင် မဟာမိတ် ၃ ဖွဲ့နဲ့ အခြားသော PDF လက်နက်ကိုင် အဖွဲ့တွေအကြား ယုံကြည်မှုကို ထိခိုက်စေနိုင်တာ ဖြစ်ပါတယ်။ ၁၀၂၇ စစ်ဆင်ရေး ပထမပိုင်းနဲ့ ဒုတိယပိုင်းမှာ အဆိုပါ ၃ ဖွဲ့နဲ့ PDF တွေ လက်တွဲ တိုက်ခိုက်ခဲ့ကြခြင်းဟာ ထူးခြားတဲ့ ဖြစ်ထွန်းမှုတရပ်ဖြစ်ခဲ့ပြီး လားရှိုးမြို့ ပြန်လည် လွှဲပေးရခြင်းက အနာဂတ် အလားအလာတွေကို ပျက်ပြယ်စေခဲ့တဲ့ အနေအထားလည်း ဖြစ်ပါတယ်။ TNLA ရဲ့ သတင်းစာရှင်းလင်းပွဲမှာ ထုတ်ဖေါ် ပြောဆိုခြင်း မရှိပေမယ့် မူဆယ် လားရှိုးကနေ မန္တလေးထိလမ်းကြောင်း ပေါ်မှ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ ဆုတ်ဖို့ တရုတ်က လိုလားတယ်ဆိုတဲ့ခန့်မှန်းပြောဆိုချက်တွေလည်း ပေါ်ထွက်နေတာ ဖြစ်ပါတယ်။ ဒါတွေကတော့ TNLA အဖွဲ့က သတင်းစာရှင်းလင်းပွဲမှာ ထုတ်ဖော်ပြောဆိုချက်နဲ့  နောက်ခံအနေအထားတွေ ဖြစ်ပါတယ်။

တဖက်မှာ ဘာကြောင့် အပစ်ရပ် ဆွေးနွေးပွဲနဲ့ ပတ်သက်လို့ ဘာကြောင့် ဖွင့်ထုတ်ပြောဆိုကြရသလဲဆိုတာ ဆန်းစစ်ကြည့်စရာလည်း ရှိလာပါတယ်။  အများအားဖြင့် အခုလိုဆွေးနွေးပွဲတွေ ကျင်းပပြီးနောက်မှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေအနေနဲ့ ဆွေးနွေးပွဲအကြောင်း အသေးစိတ်ထုတ်ဖော်ပြောဆိုလေ့ မရှိပေမယ့် TNLA အနေနဲ့ အပြန်အလှန် တောင်းဆိုချက်တွေကို တိတိပပ ထုတ်ဖော်ပြောဆိုခြင်းဟာ ထူးခြားမှုတခု ဖြစ်ပါတယ်။ အပစ်အခတ်ရပ်စဲရေးဆွေးနွေးပွဲ တနည်းအားဖြင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ ဆွေးနွေးတဲ့အကြောင်းအချက်တွေကို ထုတ်ပြန်ခြင်းအားဖြင့် နှစ်ဖက်လက်နက်ကိုင်အဖွဲ့တွေအပေါ် ဝေ ဖန်မှုတွေပေါ်ထွက်လာနိုင်ပြီး ဆွေးနွေးမှုတွေကိုသက်ရောက်စေနိုင်တာကြောင့် ယေဘုယျသဘောမျိုးသာ သတင်းမီဒီယာကို ပြောဆိုလေ့ရှိတာပါ။

ဧပြီ ၂၈-၂၉ ရက်ဆွေးနွေးပွဲကတော့ TNLA အဖို့ တရုတ်နိုင်ငံအစိုးရရဲ့ သိသာထင်ရှားတဲ့ဖိအားကို ခုခံနိုင်ဖို့အတွက် အခြားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို ကမ်းလှမ်းလိုတဲ့ရည်ရွယ်ချက်ပါ ရှိတာလည်း သတင်းစာရှင်းလင်းပွဲကိုနားထောင်ကြည့်တဲ့အခါ နားလည်မိပါတယ်။ TNLA  အနေနဲ့ မဟာမိတ် အချင်း ချင်းတွေအကြား ညီညွတ်မှုတည်ဆောက်ဖို့နှိုးဆော်လိုက်တာဟာ အထူးသဖြင့် ရှမ်းမြောက်ဒေသမှာ လှုပ် ရှားနေတဲ့ KIA, MNDAA, SSPP နဲ့ RCSS တို့ကို ရည်ရွယ်ပြောဆိုလိုတာလို့ နားလည်ရပါတယ်။ အဆိုပါ လက်နက်ကိုင် အဖွဲ့တွေ အနက် လက်ရှိ စစ်ကောင်စီနဲ့ တိုက်ခိုက်နေတဲ့ အဖွဲ့ဆိုလို့ KIA တဖွဲ့သာရှိပြီး ၁၀၂၇ စစ်ဆင်ရေးထဲမှာ TNLA နဲ့ လက်တွဲတိုက်ခိုက်ခဲ့တဲ့ MNDAA ကလည်း ပြီးခဲ့တဲ့ဇန်နဝါရီလက စစ်ကောင်စီနဲ့အပစ်ရပ်ဖို့သဘောတူညီခဲ့ပြီးနောက် သိမ်းယူထားတဲ့လားရှို့မြို့ကိုပင်လျင် စစ်ကောင်စီထံ ပြန်လည်လွှဲ ပြောင်းပေးခဲ့တာတွေ့ရမှာပါ။ အခြား ရှမ်းလက်နက်ကိုင် ၂ ဖွဲ့ဖြစ်တဲ့ SSPP နဲ့ RCSS တို့ကတော့ စစ်ကောင်စီနဲ့ တိုက်ခိုက်နေတဲ့ လက်နက်ကိုင်အဖွဲ့တွေမဟုတ်လို့ TNLA ရဲ့ မဟာမိတ်ညီညွတ်ရေး နှိုးဆော်ချက်ဟာ KIA ကို အဓိကရည်ရွယ် ပြောဆိုလိုတာလို့ ယူဆရပါတယ်။

ပြီးခဲ့တဲ့ လအနည်းငယ်အတွင်းမှာ TNLA နဲ့  KIAတို့ အကြား အောက်ခြေ ပွတ်တိုက်မှုတွေ ဖြစ်ပွားခဲ့တာကိုလည်း သတင်းမီဒီယာတွေမှာ ကျယ်ကျယ်ပြန့်ပြန့် ဖေါ်ပြခဲ့ကြတာမို့လို့ အားလုံးသိရှိပြီး ဖြစ်ပါတယ်။ အထက်ပါ တိုင်းရင်းသားလက်နက်ကိုင် ၂ ဖွဲ့ ဟာ ဖြတ်သန်းသွားလာတဲ့လမ်းတွေမှာ ဂိတ်ဖွင့်ပြီး လုံခြုံရေးစစ်ဆေးမှုတွေ၊ အခွန်ကောက်ခံမှုတွေ အပေါ်မူတည်ပြီး ပွတ်တိုက်မှု၊ ရုန်းရင်းဆန်ခတ်ဖြစ်ပွားမှုတွေ ဖြစ်ပွားခဲ့ပြီး နှစ်ဖက်သောလူထုအကြား မကျေနပ်မှုတွေဖြစ်ပေါ်လာရာက လက်နက်ကိုင်အဖွဲ့ရဲ့ အပေါ်ပိုင်းခေါင်း ဆောင်တွေ ဆွေးနွေးကြရတဲ့အနေအထားထိ ဖြစ်ပေါ်လာခဲ့တာပါ။

အခုလို စစ်အာဏာရှင် ပြုတ်ကျရေးကို တိုက်ခိုက်နေကြတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေအချင်းချင်း အကြားက ပွတ်တိုက်မှု  အကျိုးစီးပွား ပဋိပက္ခဖြစ်မှု၊ စစ်အင်အားနဲ့ စစ်ပွဲအနိုင်ရမှုကသာ နယ်မြေတွေရဲ့ စိုးမိုးခွင့်အတွက် အဆုံးအဖြတ်အနေနဲ့ဖြစ်လာခဲ့ရင် ညီညွတ်မှု နဲ့ တစုတစည်းထည်းအားဖြစ်အောင် တည် ဆောက်ဖို့ ခက်ခဲစေမှာ ဖြစ်ပြီး စစ်အာဏာရှင် ပြုတ်ကျရေး အဆုံးသတ်ရေး ရည်မှန်းချက်က အချိန်ကြာမြင့်လာစေမှာ အသေအချာပင်ဖြစ်ပါတော့တယ်။

-

Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar