Breaking News

မာတီနာ - ငြိမ်းချမ်းရေးကိုရှာဖွေခြင်း

( Pablo Picasso -1949)
ငြိမ်းချမ်းရေးကိုရှာဖွေခြင်း
မာတီနာ
(မိုးမခ) မေ ၁၁၊ ၂၀၂၅

ကက်ရှ်မီးယားမှာအိန္ဒိယနဲ့ ပါကစ္စတန် ပစ်ကြခတ်ကြတော့ သမီးကပြောလာပါတယ်။  ဒီအချိန်ကျမှကမ္ဘာကြီးကဘာဖြစ်နေကြတာလဲတဲ့။ အခုမှ မဟုတ်ပါဘူးသမီးရယ်၊ ကမ္ဘာကြီးဟာအေးအေးချမ်းချမ်းနေရတဲ့ ကာလရယ်လို့ သိပ်မရှိပါဘူးလို့ ဖြေရတယ်။ ဒါနဲ့ပဲငြိမ်းချမ်းတဲ့ ကာလရှိများရှိလေသလားလို့ ရှာဖွေကြည့်မိပါတယ်။ 
အခုကာလကသတင်းတွေစားမကုန် သုံးမကုန်ပေါများတဲ့ကာလဆိုတော့ ကမ္ဘာကြီးရဲ့နေရာ တကာမှာဖြစ်ပျက်နေသမျှကိုအချိန်နဲ့ တပြေးညီသိနေရတော့တာပေါ့။ သတင်းဆိုရာမှာလည်းစိတ်ချမ်းမြေ့စရာထက် စိတ်ညစ်စရာ၊ စိတ်ပျက်စရာသာပိုများတာကိုး။ အင်းပေါ့လေ။ ကောင်းမွန်တာ၊ ပျော်ရွှင်စရာတွေဟာသတင်းမှမဟုတ်ပဲကိုး။ ပုံမှန်ဖြစ်စဉ်လို့ သဘောထားကြတာလေ။ ကမ္ဘာကြီးဟာငြိမ်းချမ်းနေရင် စိတ်ဝင်စားစရာသတင်းရယ်လို့ ရှိပါတော့မလားမသိ။နေရာတကာမှာကြားလိုက်ရတဲ့ စစ်ပွဲသတင်း၊ ပဋိပက္ခသတင်း၊ လူသေဆုံးမှုသတင်း၊ သဘာဝဘေးအန္တရာယ်သတင်း၊ ရောဂါဘယသတင်းတွေ။ “ပွဲတော်မှာပြုံးပျော်ရွှင်” ဆိုတဲ့ အက်ဆေးကိုသာသတိရမိတော့တယ်။  လူတွေဟာမကောင်းမှုမှာပျော်မွေ့ချင်ကြတာကိုး။ 

ဂူးဂလင်းခေါက်တော့ သမိုင်းမှတ်တမ်းပြုခဲ့တဲ့ နှစ်ပေါင်း ၃၄၀၀ လောက်အတွင်းငြိမ်းချမ်းတယ်လို့ ဆိုရမဲ့ နှစ်တွေက ၂၆၈ နှစ်လောက်ရှိပါသတဲ့။ ရှစ်ရာခိုင်နှုန်းလောက်တော့ ငြိမ်းချမ်းတဲ့ သဘောပေါ့လေ။ စစ်ပွဲကြီးတွေမဖြစ်ပွားတဲ့ နှစ်တွေပါ။ ဒေသတွင်း၊ နိုင်ငံတွင်းပဋိပက္ခတွေကတော့ ရှိမြဲပါတဲ့။ 
သမိုင်းကိုအသာထားလို့ လတ်တလောနှစ်ဆယ့်တစ်ရာစုကိုပဲကြည့်ပြန်တော့ ပဋိပက္ခတွေစစ်ပွဲတွေဟာတစတစနဲ့ တိုးတက်များပြားလာနေပြန်တယ်။ လူအသေအပျောက်နှုန်းဟာဒုတိယကမ္ဘာစစ်ကိုမမီပေမဲ့လို့ တဖြည်းဖြည်းများလာနေပါတယ်။ 
နှစ်ဆယ့်တစ်ရာစုမှာအသေအပျောက်အများဆုံးစစ်ပွဲကြီးရှစ်ခုရှိပါတယ်လို့ ဘရစ်တန်နီကာဝက်ဆိုက်ကဆိုပါတယ်။ 
၁၉၉၈- ၂၀၀၃ ဒုတိယကွန်ဂိုစစ်ပွဲ၊ အရပ်သားအများစုပါဝင်တဲ့ လူပေါင်းသုံးသန်းလောက်ဟာစစ်ပွဲကြောင့်၊ နောက်ဆက်တွဲရောဂါဘယနဲ့ အစာရေစာငတ်မွတ်မှုကြောင့် သေကြေပျက်စီးခဲ့ရပါတယ်တဲ့။  ၂၀၀၁ ခုနှစ်ကတည်းကစခဲ့တဲ့ အာဖဂန်နစ္စတန် စစ်ပွဲ၊ ၁၅ နှစ်အတွင်းအာဖဂန် စစ်သည် သုံးသောင်းကျော်နဲ့ အရပ်သားသုံးသောင်းတထောင်ကျော် သေဆုံးခဲ့ပါတယ်။ ၂၀၀၂ ခုနှစ်မှာစခဲ့တဲ့ ဗိုကိုဟာမန် စစ်ခေါ် နိုက်ဂျီးရီးယားပြည် တွင်းစစ် ဖြစ်ပွားပါတယ်။  ၂၀၀၃ ကနေစတင်ဖြစ်ပွားတံဒါဖာပဋိပက္ခ၊ ဒီပဋိပက္ခမှာလူမျိုးတုန်းသတ်ဖြတ်မှုတွေဖြစ်ပွားခဲ့ ပြီးလူသုံးသိန်းကျော် သေဆုံးခဲ့ရပါတယ်တဲ့။ လူဦးရေသုံးသန်းလောက် နေရပ်စွန့်ခွာ တိမ်း ရှောင်ခဲ့ရပါတယ်၂၀၀၃ ကနေ ၂၀၁၁ အထိဖြစ်ပွားတဲ့ အီရတ်စစ်ပွဲ၊ 9/11 (၉/၁၁) ဖြစ်ရပ်ကိုအခြေခံပြီးဖြစ်ပွားခဲ့တဲ့ ဒီစစ်ပွဲမှာအီရတ်အရပ်သားရှစ်သောင်းခွဲကျော်နဲ့ မဟာမိတ် တပ်တွေကတပ်သား ၄၇၀၀ ကျော် ကျဆုံးခဲ့ပါတယ်တဲ့။၂၀၁၁ ကစတင်ခဲ့တဲ့ ဆီးရီးယားပြည်တွင်းစစ်၊ ခုချိန်ထိဖြစ်ပွားနေဆဲဒီပြည်တွင်းစစ်မှာတော့ မူလလူဦးရေရဲ့ ၁၅ ရာခိုင်နှုန်းလောက်ရှိတဲ့ လူပေါင်းသုံးသိန်းကျော်သေကြေခဲ့ရပါတယ်။ နောက် ယီမင်ပြည်တွင်း စစ်ကတော့ အခုဘာတွေဆက်ဖြစ်နေမှန်းတော့ မသိတော့ပါဘူး။ ပြီးတော့ အခုနာမည်ကျော် ရုရှား-ယူကရိန်းစစ်ပွဲပေါ့။ နှစ်ဘက်လုံးပေါင်းရင် စစ်သည် ကျဆုံးမှုတင် ၅သိန်းကျော်သွားပါပြီ။

အစ္စရေး- ပါလက်စတိုင်းပဋိပက္ခ၊ အီရန်- အစ္စရေးပဋိပက္ခ၊ လစ်ဗျားပဋိပက္ခ၊ နောက် အန္ဒိယ၊ ပါကစ္စတန်၊ မြန်မာနဲ့ အခြားတိုင်းပြည်များမှာဖြစ်ပွားနေဆဲစစ်ပွဲများကတော့ သတိပြုလောက်စရာစစ်ပွဲတွေပါတဲ့လေ။ ဒီတော့နှစ်ဆယ့်တစ်ရာစုမှာစစ်ပွဲမရှိတဲ့ အပိုင်းအခြားရယ်လို့ မရှိပါဘူးလို့ ပြောရတော့မှာပေါ့။ ပဋိပက္ခတွေ၊ စစ်ပွဲတွေရှိနေတာဟာပုံမှန်ပါပဲလို့ ပြောရမလိုပဲ။ 

ဒါဆိုသတင်းတွေဟာပုံမှန်ဖြစ်ရပ်တွေကိုပဲတင်ပြနေကြတာပါလားလို့ ပြန်ပြောင်းတွေးမိပြန်တယ်။ အေးဆေးငြိမ်းချမ်းနေတာကမှ ထူးခြားတာဆိုတော့ ဒီထူးခြားမှုကိုသတင်းအဖြစ် မတင်ပြကြဘူးပဲ။ ဘာဖြစ်လို့ပါလိမ့်။ ပျင်းစရာကောင်းလို့များလား။  

ငြိမ်းချမ်းရေးကိုသာလိုလားတာမို့ ငြိမ်းချမ်းရေးအကြောင်းကိုပိုပြီးပြောကြရင် ကောင်းမယ်မဟုတ်လား။ ကမ္ဘာပေါ်မှာဘယ်တိုင်းပြည်ကငြိမ်းချမ်းသလဲဆိုတာတိုင်းတာတာတွေရှိပါတယ်။ .ကိုယ်စွမ်း၊ ဉာဏ်စွမ်းရှိသလောက် အားထုတ် တိုင်းတာကြပါတယ်။ နမူနာအားဖြင့် Institute for Economic and Peace ဆိုတဲ့ အဖွဲ့ကကမ္ဘာ့ ငြိမ်းချမ်းမှုအညွှန်းကိုနှစ်စဉ်ထုတ်ပြန်ပါတယ်။ ၂၀၂၄ ခုနှစ် အစီရင်ခံစာအရဆိုရင် ငြိမ်းချမ်းမှုမှာနံပါတ်တစ် ချိတ်တာအိုက်စလန်နိုင်ငံပါ။ မြန်မာနိုင်ငံကတော့ နိုင်ငံပေါင်း ၁၆၃ နိုင်ငံအနက် ၁၄၈ အဆင့်ပါ။ ကိုယ့်နောက်မှာ ၁၅ နိုင်ငံတောင် ကျန်ပါသေးတယ်။ အရင်နှစ်တွေနဲ့ စာရင် အဆင့် ခြောက်ဆင့်တောင် တက်လာတာပါတဲ့။ အမေရိကားဟာအဆင့် ၁၃၂ မှာရှိနေတာမို့ ငြိမ်းချမ်းတယ်လို့ မဆိုနိုင်ပါဘူး။ ဥရောပမြောက်ပိုင်းနိုင်ငံများကတော့ ယေဘုယျအားဖြင့် အတော်လေးကိုငြိမ်းချမ်းတယ်လို့ ဆိုရမှာ။ ဒါပေမဲ့ ခြိမ်းခြောက်မှုအကြီးကြီးကဘေးနားမှာလေ။ ကိုယ်တွေရဲ့ အရှေ့တောင်အာရှမှာတော့ စင်္ကာပူကထိပ်တန်းပဲပေါ့။
ဒါနဲ့ ငြိမ်းချမ်းတယ်ဆိုတာဘာလဲလို့ အဓိပ္ပာယ်ဖွင့်ဖို့ လိုလာပြန်ရော။ ကိုယ်တို့ ခေါင်းဆောင်ကတော့ တကယ့်ကိုရှင်းရှင်းလင်းလင်းပြောထားပါတယ်။ အိပ်နိုးချမ်းသာရှိရမယ်တဲ့။စိတ်ချလက်ချ အိပ်နိုင်ရမယ်၊ နိုးထလာတဲ့ အခါမှာလဲစားဖို့ သောက်ဖို့ ဆိုတဲ့ အခြေခံလိုအပ်ချက်တွေအတွက် ပူပင်နေစရာမလိုပဲနိုးထလာနိုင်ရမယ် တဲ့။ 
Vision of Humanity အဖွဲ့ကတော့ ငြိမ်းချမ်းရေးလို့ ဆိုရာမှာအပြုသဘောဆောင်တဲ့ ငြိမ်းချမ်းရေးနဲ့ အနုတ် လက္ခဏာဆောင်တဲ့ ငြိမ်းချမ်းရေးဆိုပြီးနှစ်မျိုးခွဲထားပြန်ပါတယ်။ အနုတ်လက္ခဏာဆောင်တဲ့ ငြိမ်းချမ်းရေးကတော့ အကြမ်းဖက်မှုတွေမရှိတာ၊ အကြမ်းဖက်ခံရမှာကိုကြောက်မနေရတာကိုငြိမ်းချမ်းတာပဲလို့ ရှုမြင်ပါသတဲ့။ ဒါကရိုးရိုးတန်းတန်းစဉ်းစားချက်ပါပဲ။ 
အပြုသဘောဆောင်တဲ့ ငြိမ်းချမ်းရေးကတော့ငြိမ်းချမ်းတဲ့လူ့အဖွဲ့အစည်းကိုဖန်တီးတဲ့ ၊ ရေရှည်တည်တံ့စေတဲ့ စိတ်သဘောထား၊ အလေ့အထနဲ့ ဖွဲ့စည်းတည်ဆောက်ပုံတွေလို့ အဓိပ္ပာယ်ဖွင့်ပါတယ်။ 
သင်္ချာနည်းနဲ့ စဉ်းစားကြည့်ရင်တော့ အနုတ်နဲ့ အပေါင်းကြားမှာသုညရှိတာမဟုတ်လား။ မငြိမ်းချမ်းဘူးဆိုတဲ့ နေရာတွေဟာငြိမ်းချမ်းရေးသုညပေါ့။ သုညငြိမ်းချမ်းရေးဟာအနုတ်သဘောဆောင်တဲ့ ငြိမ်းချမ်းရေးထက်တော့ ကောင်းနေသေးသလိုလိုပဲ။ အပေါင်းလက္ခဏာအပြုသဘောဆောင်တဲ့ ငြိမ်းချမ်းရေးဘက်ကိုရွေ့နိုင်ရင်တော့ ပိုကောင်းမှာပေါ့။ 
အင်္ဂလိပ်စာသင်တန်းမှာကိုယ်တို့ကိုကိုယ်နှစ်သက်တဲ့ကာလတခုအကြောင်းအက်ဆေးတိုလေးရေးခိုင်းပါတယ်။ အဲဒီကာလကိုဘာကြောင့် နှစ်သက်ရသလဲပေါ့။ သမိုင်းတွေအကြောင်းလှုပ်ရှားမှုတွေအကြောင်းစာတပုဒ်ကိုနမူနာဖတ်ခိုင်းပြီးမှ ရေးခိုင်းတာပါ။ ကိုယ်ကဒုတိယကမ္ဘာစစ်အပြီး ၁၉၅၀ အလွန်ကာလတွေကိုနှစ်သက်မိကြောင်းရေးပါတယ်။ လူအသေအပျောက်များလှတဲ့၊ ကြီးမားကျယ်ပြန့်လှတဲ့ စစ်ပွဲကြီးအပြီး၊ လူတွေဟာငြိမ်းချမ်းရေးကိုအာသာငန်းငန်းတပ်မက်နေကြတဲ့အချိန်ကာလပေါ့။ ကုလသမဂ္ဂအဖွဲ့ကြီးကအားကောင်းမောင်းသန်နဲ့လှုပ်ရှားနေပြီးလူ့ရပိုင်ခွင့်စာတမ်းလိုသဘောတူညီချက်တွေအများကြီးပေါ်ပေါက်လာနေတဲ့ ကာလလေ။ 
အခုတော့ စစ်ကြီးပြီးတာလဲကြာသွားပြီမို့ထင်ပါရဲ့။ စစ်ရဲ့ အနိဋ္ဌာရုံတွေကိုမေ့သွားကြပုံပါပဲ။ အေးအေးဆေးဆေးနေရတဲ့ နိုင်ငံများကလဲစိတ်လှုပ်ရှားစရာလေးတွေ မျှော်လင့်ကြတယ်ထင်ပါတယ်။ ကမ္ဘာကြီးဟာအပြိုင်အဆိုင် စစ်အင်အားတိုးချဲ့တဲ့ကာလတခုကိုရောက်လာခဲ့ပြန်ပြီ။ စစ်အေးကာလ၊ စစ်အေးကာလအလွန်တို့မှာကတိကဝတ်ပြု၊ ချုပ်ဆိုခဲ့ကြတဲ့သဘောတူညီချက်တွေကိုပစ်ပယ်လာကြပြီ။ ကုလသမဂ္ဂအဖွဲ့ကြီးဟာလဲအားကြီးသူတို့ပြုသမျှ နုရတဲ့အနေအထားရောက်နေပြီလေ။ အားကြီးသူအနိုင်ယူစတမ်းဆိုတဲ့ တောရိုင်းဥပဒေဟာဝမ်းနည်းစရာကောင်းလောက်အောင် အသက်ဝင်လှုပ်ရှားလာခဲ့ပြီ။  

၂၀၁၅ ခုနှစ်တုန်းက PEN မြန်မာကစီစဉ်ကျင်းပတဲ့ ငြိမ်းချမ်းရေးဝတ္တုတိုပြိုင်ပွဲဆုချီးမြှင့်ပွဲမှာဆရာမ မသီတာ (စမ်းချောင်း) ပြောခဲ့တာကိုအမှတ်ရမိပါတယ်။ မငြိမ်းချမ်းတာတွေကိုအမှီပြုပြီးငြိမ်းချမ်းရေးပွဲတွေကျင်းပနေရတာမို့၊ တကယ်တမ်းတော့ နောက်ထပ် ငြိမ်းချမ်းရေးဝတ္တုတို၊ ကဗျာပြိုင်ပွဲဆိုတာမျိုးတွေမလုပ်ချင်တော့ပါဘူး၊ ငြိမ်းချမ်းရေးပွဲတွေမလုပ်ချင်တော့ပါဘူးဆိုတဲ့ သဘောမျိုးပြောခဲ့ပါတယ်။ 
တကယ်တော့ မငြိမ်းမချမ်းရှိနေမှငြိမ်းချမ်းရေးလုပ်လို့ရမှာမဟုတ်ပါလား။ 
ငြိမ်းချမ်းရေးကိုမတွေ့ချင်လဲနေပါစေတော့လေ။ 

မာတီနာ
-
References
https://www.britannica.com/list/8-deadliest-wars-of-the-21st-century
https://www.economicsandpeace.org/global-peace-index/
https://www.visionofhumanity.org/defining-the-concept-of-peace/
-
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar