Breaking News

ဖလော်ဒါဟန် - အမိတက္ကသိုလ် ရန်ကုန်သို့ လွမ်းခြင်း

ဖလော်ဒါဟန် - အမိတက္ကသိုလ် ရန်ကုန်သို့ လွမ်းခြင်း

မိုးမခ ၊ မေ ၁၀ ၊ ၂၀၂၅

စိန်ပန်းနီနီတွေ ပွင့်တဲ့ရာသီ ရန်ကုန်မှာ မိုးသည်းချိန် တက္ကသိုလ်ကျောင်း‌တော်ကြီး ဖွင့်ချိန်ပါပဲ။

ကျောင်းတော်ကြီးမှာ ၂၀၁၂ ကနေ ၂၀၁၆ အထိ ကျောင်းတက်ခဲ့ရတဲ့ နေ့ရက်တွေက ဘဝမှာ တခုတ်တရပါပဲ။

စာနဲ့ တစာစာ လုပ်နေတဲ့ မိမိဘဝက အမေနဲ့ တသက်တာဝေးခဲ့ရသလို အဲဒီအချိန်ကစလို့ ဘဝ ဆိုတာ ရှင်သန်ခြင်းကနေ ဘဝကို အစကနေ ပြန်တည်ဆောက်ရတယ်။

အမေ့ရဲ့အရိပ်မှာ အပူအပင်ကင်းခဲ့သလို အသက်အရွယ်အလိုက်၊ ရာထူးအလိုက် အမေ ဆင်‌ပေးခဲ့တဲ့ လူနေမှုအဆင့်အတန်း အဆင်အပြင်တွေကိုလည်း ပြန်လည်တမ်းတရင်း အမေ့ဘဝနဲ့ အဝေးဆုံးမှာနေခဲ့ရတယ်။

အသေးစိတ်ကစလို့ အမေ ပေးလိုက်တဲ့ပန်းသီးသားရေဖိနပ်လေးလည်း ရန်ကုန်မိုးမှာ ရွှဲရွှဲစိုခဲ့သလို မိုးနဲ့အပြိုင် ကျွန်မ မျက်ရည်မိုးတွေ ကျခဲ့ရတာ အကြိမ်ကြိမ်ပါ။

အမေက သမီးကို သိပ်ချစ်ခဲ့သလို ကျွန်မက အမေ့ကို အားကိုးခဲ့တာပါ။

အမေနဲ့ ဝေးခဲ့ရတဲ့အချိန်ကစလို့ ကျွန်မ ပန်းသီးဖိနပ်လေးလည်း ဝယ်မစီးဖြစ်‌တော့သလို အမေ့စိတ်ကြိုက်အရာတွေ ကျွန်မ မေ့ဖျောက်ခဲ့တယ်။

တခါ တခါ ဘဝမှာ ဆုံးရှုံးမှုတွေ၊ ကျရှုံးမှုတွေနဲ့ ရင်ဆိုင်ရချိန်မှာ အမေ ဘယ်လိုဖြတ်ကျော်ခဲ့တာလည်း ဆိုတာကျွန်မ တွေးတတ်လာတယ်။

အမေက ဘယ်လောက်ပဲ စိတ်ညစ်စရာတွေရှိရှိ သူ့ရဲ့အလုပ်တာဝန်ကိုကျေကျေပွန်ပွန်နဲ့ ယူနီဖောင်းကို ကြော့ကော့နေအောင်ဝတ်ပြီး ဆေးရုံသွားတတ်တယ်။

အဲဒီလိုအချိန်တွေမှာ လဝန်းပမာ အေးမြလှတဲ့ အမေ့မျက်နှာကို ကျွန်မ ငေးမောကြည့်နေတတ်တယ်။

အမေ ဆိုတာ ကျွန်မတို့လို အမျိုးသမီးများရဲ့ စံပြမိခင်ကြီး ဆိုတာ သားသမီးတွေရဲ့ ရင်ထဲမှာ အမြဲ အမှတ်တရ ရှိနေရကြမယ် ထင်ပါတယ်။

ကျောင်းတော်ကြီးအကြောင်း ပြောရရင်ကျွန်မအမေရဲ့ ဖြည့်ဆည်းအိပ်မက်တွေက ကျွန်မအတွက်တော့ တန်ဖိုးဖြတ်လို့မရတဲ့ လွမ်းရက်ရှည်တွေပါ။

အခုတော့ အုံ့မှိုင်းနေတဲ့ ညနေခင်းရဲ့ နွေအပူမှာ အမေနဲ့အတူ နေထိုင်ခွင့်ရတဲ့ အတိတ်ရဲ့ အရိပ်တွေကို ပြန်လည်တမ်းတရင်း။

အမိတက္ကသိုလ် ကျောင်းတော်ကြီးကို လွမ်းနေမိတယ်။

ဖလော်ဒါဟန်

-

t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar