Breaking News

ဝင်းမင်းခိုင် - ရွေးချယ်မှု

Art by Aung Htet

ရွေးချယ်မှု
ဝင်းမင်းခိုင်
(မိုးမခ) မေ ၁၁၊ ၂၀၂၅

စောင့်ရတဲ့အလုပ်ငါမလုပ်နိုင်လို့
သွားတဲ့အလုပ်ကိုငါရွေးတယ်
ငါ့ချစ်သူလာနေကျဆိုတဲ့လမ်းက
ငါစောင့်ခဲ့ဖူးတယ်

ပြည့်စုံပျော်ရွှင်ဖွယ်နေ့ရက်တွေကို
ငါစောင့်ခဲ့ဖူးတယ်

ချစ်ခြင်းမေတ္တာတွေ
ပေါက္ခရဝဿမိုးလိုမဟုတ်ပဲ
ငါတို့အပေါ်ရွာချမလားလို့
ငါစောင့်ခဲ့ဖူးတယ်

ကလေးငယ်တွေရဲ့ပီဘိစင်ကြယ်ပုံမျိုးနဲ့
တယောက်ကိုတယောက်ပွေ့ဖက်ကြမလားလို့
ငါစောင့်ခဲ့ဖူးတယ်

စက္ကန့်တွေမိနစ်တွေငါ့ဆီပြေးဝင်လာသလို
တရားမျှတမှုတွေရောက်လာမလားလို့
ငါစောင့်ခဲ့ဖူးတယ်

စောင့်ရတဲ့အလုပ်ကငါနဲ့မထိုက်တန်လို့လားငါမသိဘူး
ခုချိန်ထိတော့
စောင့်ရကျိုးမနပ်ခဲ့ဘူး
ငါသွားမယ်
တုံးတိုက်တိုက် ကျားကိုက်ကိုက်
ငါ့အလိုဆန္ဒဖြည့်ဖို့ ငါသွားမယ်

ချစ်သူ
ပြည့်စုံပျော်ရွှင်ဖွယ်နေ့ရက်
ချစ်ခြင်းမေတ္တာ
တရားမျှတခြင်းနဲ့ပီဘိစင်ကြယ်မှု
ဒါတွေအတွက်
သွားတဲ့အလုပ်ကိုငါရွေးဖြစ်ခဲ့တယ်

၈.၅.၂၅
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar