Breaking News

မျိုးသန့်ထွန်း(စစ်ကိုင်း) - အနှစ် ၅၀ ကျော်တဲ့ ဦးနုရဲ့ တော်လှန်ရေးတေးထပ်မှ ရတဲ့အတွေး


မျိုးသန့်ထွန်း(စစ်ကိုင်း) - အနှစ် ၅၀ ကျော်တဲ့ ဦးနုရဲ့ တော်လှန်ရေးတေးထပ်မှ ရတဲ့အတွေး

မိုးမခ ၊ မေ ၁၁ ၊ ၂၀၂၅


“ဒီနှစ်တွင်း-ငါတို့နိုင်မည်”

ပလ္လင်ပေါ် ခွေးတတ်လို့၊

ပြေးရက်ကနီးလာ၊

လက်နက်နဲ့ခြိမ်းခြောက်ကား၊

ဟိန်းဟောက်တာ ဆယ်နှစ်၊

ခွေးကိုမှဆရာတင်၊

ရာဇဝင်ရိုင်းတဲ့တခေတ်၊

ပြည်သူရဲ့အာဏာ၊ပြည်သူသာအစစ်၊

ပိုင်ဆိုင်တာအမှန်ဖြစ်ပေမဲ့၊

စနစ်ကပြောင်းပြန်၊

စစ်ဗိုလ်တွေပြုသမျှ၊

နုရတဲ့ဘဝအမှန်၊

(ခ)သုံးလုံးပုံသဏ္ဍန်၊

ငုံ့ခံလျှင်ပိုလို့ဆိုးမှာမို့၊

ဦးမကျိုးလက်နက်ကိုင်၊

သူတို့နဲ့ပြိုင်၊

ဒီနှစ်တွင်းငါတို့နိုင်မည်၊

စိတ်သံတိုင်ထူစိုက်စို့လေ။     ။

မောင်နု

မှတ်ချက်။

(ခ) သုံးလုံး = ခေါ်ရင်သွား၊ ခိုင်းတာလုပ်၊ ခံမပြောနဲ့။ နောက်ထပ် (ခ) တစ်လုံး ထပ်ဖြည့်ရင်…”ခွေးဖြစ်သည်”တဲ့။

ထိုတေးထပ်ကို မြန်မာပြည်ရဲ့ ပထမဦးဆုံး ဒီမိုကရေစီဝန်ကြီးချုပ်ဦးနု (၁၉၀၇-၁၉၉၅) ရေးခဲ့ပါတယ်။ ၁၉၇၀ လောက်က ဗိုလ်ချုပ်နေဝင်းကို တန်ပြန်တော်လှန်ရေးလုပ်ငန်းလုပ်စဉ်က ရေးသားခဲ့တယ်လို့ ယူဆလို့ရပါတယ်။

ဦးနု တေးထပ်ကို မျိုးသန့်ထွန်း(ဦးနုပြတိုက်)ပြုစုတဲ့ ဦးနုစာစုစာရင်း”မှာ ထည့်သွင်းထားခဲ့ပါတယ်။ ထိုအပြင် ဦးနုပြတိုက် မှာလည်း ထိုတေးထပ်ကို ပြည်သူလူထု ကြည့်ရှုလို့ရအောင်ချိတ်ဆွဲပြသထားပါတယ်။ ရဟန်းရှင် ပြည်သူလူထုအများက အထူးကြိုက်နှစ်သက်ခဲ့သော တေးထပ်တစ်ပုဒ်”ဖြစ်ခဲ့ပါတယ်။ အခုတော့ ဦးနုပြတိုက်”လည်း ကိုဗစ်နဲ့ ကိုစစ်-၂၀၂၁ စစ်အာဏာသိမ်းမှုကြောင့် ပိတ်သိမ်းခဲ့ရပါတယ်။

ထိုတေးထပ်ကို ပြည်ပနေတဲ့ ကဗျာဆရာကြီး မောင်စွမ်းရည်ထံက ရရှိပါတယ်။ ထိုအတွက်ကဗျာဆရာမောင်စွမ်းရည်ကို ကျေးဇူးအထူးတင်ပါတယ်။ ရှားရှားပါးပါး တန်ဖိုးထားရမယ့် ဦးနုရဲ့ တော်လှန်ရေးတေးထပ်ကို တစ်ချိန်က ဘန်ကောက်မှာ ထုတ်ဝေခဲ့တဲ့ တော်လှန်ရေးသတင်းစဉ်၊အတွဲ (၁)၊ အမှတ်စဉ် (၄)၊ ၁၉၇၂ ခုနှစ်၊ ဇူလိုင်လ”ထုတ် စာစောင်မှာ တွေ့နိုင်ပါတယ်။ ဦးနုရဲ့ တေးထပ်ဟာ ယနေ့အထိ ခေတ်မီနေဆဲ အလွန်ကြိုက်နေတယ်လို့ ကွယ်လွန်သူ စာရေးဆရာ ရဲဘော်ဘခက်က ပြောဖူးပါတယ်။ ဒါဟာ ဦးနုတို့ တော်လှန်ရေးမှာ သမိုင်းဝင်တဲ့ တေးထပ်လို့ ယူဆပါကြောင်း ရဲဘော်ဘခက်က ပြောပြဖူးပါတယ်။

ဒီတေးထပ်ကို မြန်မာ့လွတ်လပ်ရေးရပြီး ပထမဦးဆုံး ဒီမိုကရေစီဝန်ကြီးချုပ်ဦးနုက ရေးခဲ့တာဟာ ဗိုလ်နေဝင်း အရှိုက်ကို ထိုးနှက်လိုက်သလိုပဲလို့ ဒီ-ငြိမ်းပါတီဝင် ရှေ့နေကြီးဦးစောဝင်းက ပြောပါတယ်။

ဒီတေးထပ် ဗိုလ်နေဝင်း အစိုးရကို တော်လှန်ရေးလုပ်စဉ်က ရေးခဲ့ပါတယ်။ ဦးနုရဲ့ တာတေစနေသား စာအုပ်နဲ့ ရှေ့ဆင့်နောက်ဆင့်လောက်က ရေးခဲ့တယ်လို့ သမီးကြီး ကွယ်လွန်သူ ဒေါ်စန်းစန်းနုက ပြောပါတယ်။ ၁၉၇၀ လောက်က ရေးသားတယ်လို့ ခန့်မှန်းရပါတယ်။ 

ဦးနုဟာ စင်ပြိုင်အစိုးရလုပ်ပြီး ဗိုလ်နေဝင်းအစိုးရကို တော်လှန်ရေးဆင်နွှဲစဉ်က ဒီတေးထပ်ကို ရေးခဲ့တယ် ဆိုပါတယ်။ ဒါကြောင့် ဒီတေးထပ်ကို တော်လှန်ရေးတေးထပ်လို့ ဆိုနိုင်ပါတယ်။

၁၉၆၂ ခုနှစ်၊ မတ်လ ၂ ရက်နေ့ဟာ မြန်မာနိုင်ငံရဲ့ ကံကြမ္မာအလှည့်အပြောင်း တစ်ခုလို့ ဆိုရပါမယ်။မြန်မာ့ဒီမိုကရေစီစနစ် ပျက်သုဉ်းပြီး စစ်အာဏာရှင်စနစ် ပေါ်ထွန်းလာပါတော့တယ်။ နောက်ပိုင်းမှာ ဗမာပြည်ဟာ ကံမကောင်း အကြောင်းရမလှတဲ့ နိုင်ငံတစ်နိုင်ငံ ဖြစ်လာပါတယ်။ ဦးနု ရေးတဲ့တေးထပ်ထဲကလို့ “ပလ္လင်ပေါ် ခွေးတက်”တာတော့ အမှန်ပဲ ဖြစ်ပါတယ်။

ဦးနုတို့တော်လှန်ရေးဟာ အောင်မြင်သည် ဖြစ်စေ၊ မအောင်မြင်သည် ဖြစ်စေ သမိုင်းမှာ ရာဇဝင်မှာ စာတင်လောက်တဲ့ စာများ၊ ကဗျာများ စတဲ့ အဖိုးတန်အရာများကို နောက်လူများက သမိုင်းမှတ်တမ်းအဖြစ် တင်ကျန်ရစ်စေဖို့လိုပါတယ်။ ဦးနုက ဒီမိုကရေစီနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းတာကို အင်မတန်မှ နိုင်ငံရေးမှာ ညစ်ပတ်ဆုံး အလုပ်၊ ကောက်ကျစ်တဲ့အလုပ်လို့ ပြောထားဖူးပါတယ်။

တကယ်တော့ ဗမာပြည်ရဲ့ စစ်တပ်က အာဏာသိမ်းရန် လမ်းကြောင်းပေါ် တင်ပေးတဲ့နှစ်က “၁၉၅၈”ခုနှစ် ဖြစ်ခဲ့ပါတယ်။

ကိုယ့်လူက နောက်ကျောကို ဓားနဲ့ထိုးသတ်ဖို့ အခွင့်အရေးကောင်းရသွားတယ်လို့ ဆိုရပါတယ်

၁၉၅၈ က ဗိုလ်နေဝင်းကို အာဏာလွှဲအပ်တဲ့ ကိစ္စက ဦးနုရဲ့ အမှားလို့ ဝေဖန်ပြောဆိုကြပါတယ်။ ဦးနု ဘက်ကြည့်ပြန်တော့လည်း အခြားနည်းလမ်း ရွေးစရာမရှိလို့လည်း ဖြစ်နိုင်ပါတယ်။ ထိုအချိန်က ကမ္ဘာက မြန်မာကို စောင့်ကြည့်နေခဲ့ပါတယ်။ ကမ္ဘာမှာ အီဂျစ်တို့ကအစ အာဏာသိမ်းလုပ်ရပ်ကခေတ်စားနေတယ်လို့ ပြောလို့ရပါတယ်။ ဗမာ့ရှေးရိုးရာ ပဒေသရာဇ်စနစ်ကိုက ဘုရင်ကို ဘုရင်သတ်စနစ်နဲ့ တိုင်းပြည် တည်ဆောက်လာခဲ့တဲ့ အစဉ်အလာ ရှိခဲ့တယ်။ ဗမာ့သမိုင်းမှာ မင်းဆိုးမင်းညစ်တွေက အများအပြားရှိခဲ့တယ်။ ထိုမင်းဆိုးမင်းညစ်တွေကို ခွေးဝဲစားနဲ့ ခိုင်းနှိုင်းကြတဲ့ အစဉ်အလာရှိကြတယ်။

၁၉၆၂ မှာ ဗမာပြည်ဟာ ဒီမိုကရေစီနိုင်ငံကနေ အာဏာရှင်နိုင်ငံအဖြစ် ကံဆိုးမိုးမှောင် ကျရောက်ခဲ့တယ်။ ကံမကောင်း အကြောင်းမလှလို့ ဝန်ကြီးချုပ်ဦးနုဟာ သူ့ဆီက လုယူသွားတဲ့ အာဏာရှင်ဗိုလ်နေဝင်းကို တော်လှန်ခဲ့တယ်။ ထိုတော်လှန်ရေးမှာ ဦးနုနဲ့တူ ရဲဘော်သုံးကျိပ်ဝင် စစ်ဦးစီးချုပ် ဗိုလ်လက်ျာ၊ The Nation သတင်းစာတိုက် တည်ထောင်သူ ဦးလောရုံ စတဲ့ ထူးခြားတဲ့ပုဂ္ဂိုလ်ကြီးက ဦးဆောင်ခဲ့ပါတယ်။ သို့သော် “တော်လှန်ရေးဟာ ကလေးကစားစရာ”တဲ့လုပ်ရပ် မဟုတ်ဘူးလို့ ဦးနု ပြောကြားခဲ့သော်လည်း သည်းခံနိုင်ခြင်း၊ စည်းလုံးညီညွတ်ခြင်း၊ ရေရှည်တောင့်မခံနိုင်ခြင်း စတဲ့ တော်လှန်ရေး ရပ်တန့်ခဲ့ရပါတယ်။

ဒီနောက်ပိုင်းမှာ ဗမာပြည်ဟာ ဒီမိုကရေစီဝန်ကြီးချုပ် ဦးနုထံကနေ စစ်အာဏာရှင် ဗိုလ်ချုပ်နေဝင်းအုပ်ချုပ်တဲ့ တိုင်းပြည်အဖြစ် ပြောင်းလဲသွားခဲ့ပါတယ်။ နောက်ဆုံးမှာတော့ ဗိုလ်နေဝင်း အုပ်ချုပ်တဲ့ တိုင်းပြည်ဟာ ကမ္ဘာမှာ အဆင်းရဲဆုံး နိုင်ငံစာရင်းဝင်(LDC; Least Developed Country)ဖြစ်ခဲ့ပါတယ်။ ကမ္ဘာကသိ မြန်မာက သိတဲ့ ဆင်းရဲဒုက္ခများတဲ့နိုင်ငံအဖြစ် ယနေ့အထိ ကျဆင်းလာခဲ့ပါတယ်။

“ပလ္လင်ပေါ် ခွေးတက် ပြေးရက်ကနီးလာ”ဆိုတဲ့ တေးထပ်စာသားဟာ နွေဦးတော်လှန်ရေးနဲ့အချိန်ကိုက်လို့ ပြောနိုင်ပါတယ်။

“ဒီနှစ်တွင်း-ငါတို့ နိုင်မည်”ဆိုတဲ့ တေးထပ် ခေါင်းစီးဟာ ယနေ့ ဇီးZခေတ်က တော်လှန်ရေးလူငယ်တွေကို ကိုယ်စားပြု ဖော်ညွှန်းနေပါတယ်။

ဒီတေးထပ်ကို မည်သူမဆို ရွတ်ဖတ်နိုင်ပါတယ်။ တန်ဖိုးထားရမယ့် တေးထပ်တစ်ပုဒ်မို့ ကူးယူ သိမ်းဆည်းထားနိုင်ပါတယ်။ ဒီမိုကရေစီဝန်ကြီးချုပ် ဦးနုရဲ့ တေးထပ်မို့ လွတ်လွတ်လပ်လပ် မည်သူမဆို ရွတ်ဖတ်နိုင်ပါကြောင်း ဒီမိုကရေစီအကျိုးကို မျှော်၍ နှိုးဆော်လိုက်ရပါတယ်။


Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar