လင်းလက်နွေဦး - ဗီလိန်တွေက ဉာဏ်ကောင်းတယ်
ဗီလိန်တွေက ဉာဏ်ကောင်းတယ်
လင်းလက်နွေဦး
(မိုးမခ) မေ ၁၂၊ ၂၀၂၅
တနေ့က နွေအပူရှောင်ယာယီစံတဲနန်းဆောင်မှာ တိုင်းပြည်အတွက် ဗီဒီယိုကြည့်မိပါတယ်။ တကယ်ပါ၊ ရေသောက်လည်း တိုင်းပြည်ကြီးအေးချမ်းဖို့၊ ထမင်းစားလည်း တိုင်းပြည်ကြီးဝပြောဖို့၊ ဈေးဝယ်ရှော့ပင်းထွက်လည်း တိုင်ပြည်ကြီးစည်ပင်ဖို့ စသဖြင့်ပေါ့လေ၊ အယုတ်ဆွဆုံး တစ်တော့ဆော့တာတောင် တိုင်းပြည်အတွက်ပဲဖြစ်ရမယ်လို့ ခံယူချက်ပြင်းတဲ့ တော်လှန်ပြည်သူတစ်ယောက်ပါ။ အဲတော့၊ ပူပြင်းတဲ့ နွေဒဏ်ကို အံတုရင်း အသက်ရှင်အောင် ကြိုးစားနေတာဟာ တိုင်းပြည်အတွက် ငရှုပ်တယောက် ကျန်ရစ်နေဖို့ မဟုတ်လား။ ငရှုပ်တွေကလည်း ပါရမီ ဖြည့်ဖက်ပါပဲ။ ဒေဝဒတ်လို ဘဝပေါင်းများစွာ လိုက်ဖျက်ဆီးပေးနေရတာပေါ့။ ဒါမှသာ မင်းသားတွေ ပိုမို တောက်ပလင်းလက်လာမယ်။
တနေ့ကကြည့်မိတဲ့ဇာတ်ကားက ထိုင်းကားပါ။ တော်လှန်ရေးကာလအတွင်း ဗမာပေါကားတွေကို ဘွိုင်းကောက်လုပ်ထားပါတယ်။ တကယ်က အရင့်အရင်ကတည်းက ဗမာကားဆို အထင်မကြီးတတ်တဲ့ ရောဂါ ရှိပါတယ်။ လူနေခြုံကြား ကြည့်ရင် နံနံခြားကားပေါ့။ ဗမာဇာတ်ကားတွေခမျာ အဲအခန်း ဖျက် ဖျက်ဆိုတာတွေကြောင့် ကောင်းချင်လျက်နဲ့ ပေါတောတောတွေပဲဖြစ်ကုန်တာမို့လေ။ အေဝမ်းဖလင်ခေတ်က ရုပ် ရှင်တွေက ခေတ်မီပြီး ခုခေတ်ဇာတ်ကားတွေက ပေါ့ပြက်ပြက် ဖြစ်နေတယ်နော်။ နာမည်တပ်ပြီး ပြောပိုင်ခွင့်မရှိပေါ့ဗျာ။ ကြည့်လိုက်တော့ ပြည်တွင်းကျန်တဲ့ အနုပညာရှင်အများစုက သမ္ဘာရင့် ဝါရင့်ကြီးတွေကိုး။ ဘောမတဲ့နေရာမှာ။
ထိုင်းဇာတ်ကားလေး၊ အတိုချုပ်ပြောရမယ်ဆိုရင် သူငယ်ချင်းမလေး (၂)ယောက်၊ တစ်ယောက်က သဘော ကောင်းသူ၊ ဥစ္စာပေါ ရုပ်ချောသဘောကောင်း သူဋ္ဌေးနဲ့ ညား။ တစ်ယောက်က ငွေမက်တဲ့သူ၊ သူငယ်ချင်းလင် မယားမိတ်ဆက်ပေးတဲ့ နိုင်ငံခြားပြန် အလောင်းအစားသမား (ကျားဖြန့်က ထင်ပါရဲ့၊ စောချစ်သူနဲ့တောင် ရုပ်အတော်ဆင်တယ်)နဲ့ အိမ်ထောင် ပြု။ ရုပ်ရှိရေလျှံဆိုပြီး ဖမ်းလင်တော်လိုက်တာ၊ နှဲသမား ပါးစပ်နဲ့ ညားပါလေရော။ အဲနေရာ သမီးတို့ကိုဘတကွက်ပြလိုက်တယ်၊ ငွေမက်ပြီးတော့ လင်စံမရွေးလေနဲ့လို့။ မတော် မင်းအောင်လှိုင်လို ကောင်မျိုးနဲ့ ညားမိရင်တော့ နေ့တိုင်း အဆဲခံနေရမယ်လို့။ ဘုရားတရားနဲ့နေတဲ့ သက်ကြီး ဝါကြီး ဘဘကြီး ဒါရိုက်တာ ဦးမောင်မောင်မြင့်ကတောင် ထွက်ဆဲခဲ့တာကိုး။
ငွေမက်သူကြီး .... ''ဂုဏ်ကိုခင်သူရယ်... မင်းအတွက်နဲ့ မောင်ရူးလိမ့်မယ်...'' တကယ်ရူးရသူက သူ့ သူငယ်ချင်းမ၊ သူတို့ မိတ်ဆက်ပေးတဲ့သူက စောချစ်သူ ဖြစ်နေတာကိုး။ ဒီတော့ မငွေခင်တို့လင်မယား ခွာပြဲတော့ သူကပဲ စောင့်ရှောက်ပေးထားတယ်။ ဒါပေမယ့် ဂျေကိုက်လွန်းအားကြီးတဲ့ မိန်းမမို့၊ သောနုတ္ထိုရ်ကိုတောင် မလွှတ်ဘူး၊ ကိုယ်တိုင်ပဲ ကိုယ့်အပေါ် ကောင်းတဲ့သူငယ်ချင်းမကို လုပ်ကြံလိုက်တယ်။ လောဘစိတ်များ ကြောက်ဖို့ ကောင်းလိုက်တာ။ ဘာတဲ့... ဒုဋ္ဌဂါမဏိရဲ့ လူသတ်မှုကို ရဟန္တာတွေကတောင် အားပေးတယ်လို့ ထည့်ဟောသတဲ့။ ဒုဋ္ဌာဂါမဏိ၊ အသောက၊ ဘုရင့်နောင်... ရန်စွယ်ရန်ပယ် အကုန်ရှင်းပြီးတော့မှ ဘုရားဒကာ ဘဝရှင်မင်းတရားကြီးတွေ ဖြစ်လာသတဲ့လေ။ ခုဟာက ပြည်သူတွေဗျ၊ အပြစ်မဲ့တဲ့သူတွေ၊ အပ်တိုတချောင်းတောင်ကိုင်မထားတဲ့လက်နက်မဲ့တွေဗျ။ သက်ကြီးရွယ်အိုတွေ၊ ကလေးငယ်တွေ၊ ကိုယ်ဝန် ဆောင်တွေ၊ ဝိနည်းလေးစားတဲ့ ရဟန်းသံဃာတွေဗျ။
ဒါပေမယ့် ဗီလိန်တွေက ဉာဏ်ကောင်းသလို သရုပ်ဆောင်လည်း ကောင်းတယ်။ သူငယ်ချင်း သားအမိ နှစ်ယောက်စလုံးကို သတ်ပေမယ့်၊ ကလေးငယ်က ကံကောင်းထောက်မစွာ မသေဘူး။ ဒီကလေးက ရေနစ်နေတုန်း သူ့အမေကို အဲဒီ လူဆိုးမက လှေလှော်တပ်နဲ့ ရိုက်လိုက်တာ မြင်လိုက်တယ်။ ဗီလိန်မက သရုပ်ဆောင်ကောင်းတော့ လူကြီးတွေက မယုံကြဘူး။ ကလေးက ဒီကောင်မ (မရိုသေ့စကား) မြင်တိုင်း အော်ဟစ်သောင်း ကျန်းတော့တာပဲ။ ကလေးငယ်လေးတောင် မတရားမှုကို သူနိုင်သလို တော်လှန်တယ်နော်။ ဒီတော့ ပတ်ဝန်း ကျင်အမြင်မှာတော့ ကလေးဆိုးလေးပေါ့။ မိမဆုံးမ သမီးလေး။
ဖြစ်ချင်တော့ တနေ့မှာ အဲဒီဗီလိန်မသမီးကို ဟို မုဆိုးဖိုကားနဲ့ တိုက်မိ။ ကလေးမ အောက်ပိုင်းဒဏ်ရာနဲ့ လမ်းမလျှောက်နိုင်ဖြစ်။ သူ့အပြစ်ကိုကျေအေးချင်တော့ ဗီလိန်မကို လက်ထပ်လိုက်တယ်။ အနစ်နာခံတတ်လိုက်တာ။ ဗီလိန်မ သားအမိ အိမ်ခေါ်လာတဲ့နေ့၊ ကောင်မလေး အတော်ကန့်ကွက်တယ်၊ အဲကြားက ဖခင်ဖြစ်သူကလည်း အိမ်ပေါ် ခေါ်တင်ထားတယ်။ ဗီလိန်မက သရုပ်ပီပြင်စွာ မယ်တော်မာယာဂိုက် ဖမ်းတယ်။ နောက်ကွယ်ကနေ ခြေအမျိုးမျိုးထိုးတယ်။ ကြောက်စရာနော်။
လူ့ရှေ့သူ့ရှေ့ဆို တိုင်းပြည်အတွက်၊ ပြည်သူဦးထိပ်တင်၊ အမျိုးဘာသာသာသနာဆိုတဲ့လူတွေ သိပ်ကြောက်စရာ။ ချိုချိုလေးနဲ့ကျောသပ် ရင်သပ်၊ ပြီးမှ အနီးကပ်ထိုးမယ့် ဓားတွေ။ မိုးလုံးပြည့် မုသာဝါဒီတွေ ... ပညာမဲ့ လောဘကြီးသူတွေကို လှည့်စားထားတယ်။ တော်ရုံတန်ရုံနဲ့တက်မလာ၊ တောက်ချခံရမယ်။ သူ့ဘက်တော်သားတွေကလည်း ကြည့်ဦး၊ အကြမ်းလည်း ရ၊ အချောလည်း ရအောင် လူစုံတယ်။ မာရ်နတ်က ပလ္လင်လုတော့ တယောက်တည်း မလာဘူး၊ သိန်းသန်း ချီတဲ့ နတ်စစ်သည်တွေနဲ့။ သူ ကိုယ်တိုင်ကလည်း ဂီရိမေခလာဆင်ကြီး စီးလာတာ။ တောင်လောက်ကြီးတဲ့ ဆင်ကြီး။ သူက ခေသူမဟုတ်၊ ဝသဝတ္တိနတ်ပြည်က အုပ်ကြီး။ သူ လာတော့ သိကြားခမျာ ထွက်ပြေးရတယ်။ ပဉ္စသိင်္ခနတ်စောင်းကြီးတောင် ကျကျန်နေခဲ့သတဲ့။ ဟိုကလည်း အခု မင်းအောင်လှိုင် စောက်တပ်လိုပဲ၊ ရွာလေးပိစိလေးကို ဂျက်ဖိုက်တာတွေ၊ ဝိုင်တွဲတွေ၊ ပါရာမိုတာတွေနဲ့ အပေါ်က ကြဲ၊ အောက်ကလည်း လက်နက်ကြီးတွေနဲ့ ထု၊ ဘီလူးအမည်ခံတဲ့ စောက်ရူးတသိုက်ကို မြင်မြင်သမျှ ပစ်သတ်ခိုင်း၊ မီးရှို့ခိုင်းသလို ထိုးစစ်ဆင်လာတာ။
ပလ္လင်မလုနိုင်ဘူး။ နှစ်ပေါင်းများစွာ အခွင့်အရေး စောင့်နေတယ်။ အခွင့်ရတိုင်း ဘုရားကို သေခိုင်းတယ်။ မျက်နှာချိုလေးနဲ့ အကျိုးလိုဟန်ပေ့ါလေ၊ ဗီလိန်တွေ မျက်နှာပြောင်တယ်၊ ဘုရားရယ်လို့ စဖြစ်ကတည်းက 'အရှင်ဘုရား လောကလူသားများဟာ လောဘ ဒေါသ မောဟတွေ သိပ်များပါတယ်၊ အရှင်ဘုရား ဟော မောရုံ ရှိပါ့မယ်၊ ပရိနိဗ္ဗာန်သာ ဝင်စံတော်မူပါ'။ စည်းရုံးရေး သိပ်ကောင်းတယ်။ ဒါပေမယ့် ဘုရားက အကျိုးသင့် အကြောင်းသင့် ပြန်ပြောတယ်၊ ပရိသတ် လေးပါး မစုံသေးဘူး။ စောင့်တယ်၊ မာရ်နတ် စိတ်ရှည်တယ်။ ဝါ လေးဆယ့်ငါး၊ သက်ကား ရှစ်ဆယ်မှာ ဘုရားကို နားချနိုင်ခဲ့တယ်။ ဒါကြောင့် ဘုရားဟာ သက်တော်ထင်ရှား မရှိတော့ဘူး၊ မာရ်နတ်ကတော့ အဖျက်လုပ်ငန်းတွေ အေးဆေးလလုပ်နေတုန်းပါပဲ။
ဒီလိုပဲ ဗီလိန်မက လင်ပါသမီးလေးကို အမျိုးမျိုးချောက်တွန်းတယ်။ ကောင်မလေးက စိတ်မထိန်းနိုင်တော့ တွန်းလိုက်တိုင်း ချောက်ကျတယ်။ အဲထဲက တခုပဲဥပမာထုတ်ပြပါ့မယ်။ ပျင်းသွားမှာစိုးလို့မဟုတ်ဘူး၊ စာရှည်မှာစိုးလို့။ ကောင်မလေးကို ငယ်ကတည်းက အသက်ကယ်၊ စောင့်ရှောက်ခဲ့တဲ့အိမ်ဖော်မရဲ့သားရှိတယ်။ သူက ဆောက်လုပ်ရေးကုမ္ပဏီတစ်ခုရဲ့ဝန်ထမ်း ဖြစ်နေပြီ။ ကောင်မလေး အဖေ့ကုမ္ပဏီနဲ့အပြိုင် ဆောက်လုပ်ရေးလုပ်ငန်းတခု လေလံဆွဲဖို့ရှိတယ်။ ဒီအချိန် မိထွေးရဲ့သမီးက အဲကောင်လေးရဲ့စီမံကိန်းဖိုင်ကိုဖျက်ပြီး ကောင်မလေးကို တရားခံ ဖြစ်အောင် လုပ်လိုက်တယ်။ လေလံပွဲမှာ ကောင်မလေးအဖေက တဖက်သတ် နိုင်တယ်။ ဒါပေမယ့် တဖက်ကုမ္ပဏီကိုမတရားနည်းနဲ့ နိုင်တယ်လို့ယူဆပြီး လေလံကို အရှုံးခံလိုက်တယ်။ အားလုံးအမြင်မှာတော့ ကောင်မလေးကြောင့် သူ့အဖေ အရှက်ရတယ်၊ ကုမ္ပဏီရဲ့အလုပ်တခုလက် လွှတ် လိုက်ရတယ်ပေါ့။ အဲလို နာနာပုတ်လိုက်၊ ပါးပါးပုတ်လိုက်နဲ့မို့ ကောင်မလေးဟာ နိုင်ငံခြားထွက် ပညာသင်တယ်။
အခြေအနေအရ၊ တိုင်းတပါးမှာ ပညာသင်သွားရတာချည်းပါပဲ။ ပေကပ်နေရင် ပိုနစ်နာလာမယ်လေ။ နိုင်ငံ ခြားပြန်ကြီးလည်း အတွယ်ခံနေရတာပဲ။ မိထွေးက ကုမ္ပဏီလူကြီးတွေကို အိပ်ထောင်ထဲထည့်ထားတယ်။ မိထွေးပါသမီးက ဝန်ထမ်းတွေ အကုန်နဲ့တည့်အောင် ပေါင်းထားတယ်။ လစာတိုးပေးလိုက်၊ ခြောက်ထား ခေါက်ထားလိုက်ပေ့ါ။ အတွေ့အကြုံ မရှိရင်၊ မိတ်ဆွေအပေါင်းအသင်းမရှိရင်၊ အစွမ်းထက်တဲ့ပညာတွေလည်း အစွမ်းမပြနိုင်ပါဘူး။
ဗီလိန်က ခြေလှမ်းတွေ မှားလာတယ်။ လောဘ ပိုကြီးလာတယ်။ ကျေးဇူးရှင် ခင်ပွန်းကို ပြစ်မှားစော်ကားတယ်။ မပေါင်းအပ်တဲ့သူတွေနဲ့ ပေါင်းသင်းတယ်။ အရိပ်နေနေ အခက်ချိုးချိုး။ ဒါကြောင့်သာ ဟာကွက် ပေါ်လာတာ။ မဟုတ်ရင်၊ ဆယ်သက်စားမကုန်တဲ့ စည်းစိမ်တွေနဲ့ သားစဉ်မြေးဆက် ဇိမ်ခံနေရုံပဲ။
လင်းလက်နွေဦး
၁၁.၅.၂၀၂၅
နေ့လည် ၁၁နာရီ ၁၆မိနစ်
-
Join Us @ MoeMaKa Telegramt.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar