စစ်လေယာဉ်ဗုံးကျဲခံ ဒီပဲယင်း အိုးထိမ်းကွင်းရွာ စာသင်ကျောင်းဖြစ်ရပ်ခံစားမှုကဗျာများ - မောင် နွေ ထက်၊ ခရမ်းပြာထက်လူ၊ သန်းဌေးမောင်
စစ်လေယာဉ်ဗုံးကျဲခံ ဒီပဲယင်း အိုးထိမ်းကွင်းရွာ စာသင်ကျောင်းဖြစ်ရပ်ခံစားမှုကဗျာများ
(မိုးမခ) မေ ၁၃၊ ၂၀၂၅
-
ကွဲ အက် ကြေ မွ သွားတဲ့
ခေါင်း လောင်း ကလေး
မောင် နွေ ထက်
တစ်စစီကြေမွသွားတဲ့ခေါင်းလောင်းကလေး
ဗုံးဒဏ်သင့်သွားတဲ့ စာအုပ်ကလေးတွေ
ပိုင်ရှင်မဲ့သွားရှာတဲ့ လွယ်အိတ်ကလေးတွေ
မျက်ရည်ချောင်းစီး
နှလုံးသားတွေမီးလောင်
ယူကြုံးမရ ပူဆွေးသောကလောင်မြိုက်
ရက်စက်ယုတ်မာမှုက ကမ်းကုန်
ကရုဏာတရား
ကိုယ်ချင်းစာတရား
လူသားရဲ့ စာနာစိတ်
တွေက ဘယ်မှာလဲ
အနာဂတ်ကို သတ်နေကြပါလား
ကမ္ဘာကြီးက လက်ပိုက်ကြည့်ကောင်းတုန်း ...
၁၂-မေ-၂၀၂၅
တနင်္လာနေ့
-
ဘယ်တော့မှပြန်မလာတော့တဲ့ ကျောင်းပြေးလေးတွေ
ခရမ်းပြာထက်လူ
ဒီည စာမကျက်ရတော့ဘူး
မနက်ဖြန် စာမဆိုရတော့ဘူး။
ဒီမနက်
လေးကြောင်းမျဉ်းကလေးက
သက်တံလေးလိုခါးလေးကုန်းပေးတယ်ဖေဖေနဲ့မေမေ
၂ ကြောင်းမျဉ်းလေးဟာ ဆန်ခတ်လို့
သမီးတို့သားတို့ကျောင်းပြေးဖို့ လှေကားထောင်ပေးကြတယ်။
မမေ့နိုင်စရာ
ညက လေပြင်းတွေတိုက်တော့
အဖေ့ရင်ခွင်ထဲကြောင်ပေါက်စလေးတကောင်နှယ်
သား လိမ့်ဝင်တိုးအိပ်ခဲ့ပါသေးတယ် (အမှတ်တရပေါ့ဖေဖေရယ်)။
မမေ့နိုင်စရာ
ညက လျှပ်စီးတွေလက်ကာရယ် မိုးအလီလီခြိမ်းတော့
အမေ့ရင်ခွင်ထဲ သမီး ခွေးပေါက်ကလေးလို တိုးဝင်အိပ်ခဲ့သေးတယ်
(အမှတ်တရပေါ့မေမေရယ်)။
ပုံမှန်အတိုင်း
"ဒီမနက် နေခြည်မှာရွှေရည်လောင်း
ငါတို့စာသင်ကျောင်း” ဆီအပြေးကလေးလာခဲ့ကြတယ်။
ခေါင်းလောင်းသံတညံညံပြီးတဲ့နောက်
သားတို့သမီးတို့ နိုင်ငံတော်သီချင်းကိုပြိုင်တူဆိုခဲ့ကြတယ်။
အိုး…ဆပ်ပရိုက်ပဲ
စာအုပ်ကိုဖွင့်လိုက်တော့ ခေါင်မိုးကြီးပွင့်သွားတယ်။
အိုး…စာအံမယ်လုပ်တော့
သမီးတို့သားတို့ခန္ဓာကိုယ်တွေက
သားတို့သမီးတို့တွေကိုပြန်အန်ထုတ်လိုက်တာမြင်ရတယ်။
ဝိုး… လွတ်လပ် ပေါ့ပါး ပျော်စရာဟင်းလင်းပြင်ကြီးတခု
လာကြည့် လာကြည့် လာကြည့်ကြ
ကစားကွင်းထဲ လွယ်အိတ်ကလေးတွေပုံပြီး
သမီးတို့သားတို့ ကစားနေကြတယ်
ဆရာမတွေတောင်ပါသေးတယ် လာကြည့်ကြ
အိုး… ဘာလို့ငိုနေကြသလဲ ဖေဖေ မေမေတို့တွေရယ်
အိုး… ဒီလောက် စိမ်းလန်း အေးမြ
ငြိမ်းချမ်းတဲ့လောကသစ်မှာသားတို့ဆော့ကစားနေကြတယ်
အိုး… ဘာလိုများ ဝမ်းနည်းကြောင်းကဗျာတွေနဲ့
အလုပ်ရှုပ်နေကြရတာလည်းကမ္ဘာကြီးရယ်။
-
Art by Than Htay Maung
ဒီပဲယင်းကျောင်း မှတ်တမ်း
သန်းဌေးမောင်
လေယာဥ်ပျံအသံကြီးကြားလိုက်ပြီး ဆက်တိုက်ပေါက်ကွဲသံတွေက သွေးပျက်လောက်စရာ၊ စူးစူးဝါးဝါးအော်ဟစ်သံ ပြင်းထန်တဲ့တုန်ခါမှုကြီး၊ ကျနော်ကြောက်လွန်းလို့ တစ်ကိုယ်လုံးတဆတ်ဆတ်တုန်၊ ပြေးမိပြေးရာ မီးတောက်မီးလျှံတို့နဲ့ဝေးရာ၊ သွေးသံတရဲရဲ ခြေပြတ်လက်ပြတ် ဦးခေါင်းပြတ်တို့နဲ့ဝေးရာ၊ ဘာဖြစ်တာလဲ ဘာတွေဖြစ်ခဲ့တာလဲ၊ “အာဏာသိမ်းစစ်တပ်က လေကြောင်းတိုက်ခိုက်တာ”လို့ လူတစ်ယောက်ရဲ့ပြောသံကို ကြားလိုက်မိ၊ စာအံသံတွေနဲ့ ပျော်စရာစာသင်ခန်းလေး ခုတော့တိတ်ဆိတ်ငြိမ်သက်၊ ဟင်းလင်းပွင့် အမိုးမဲ့စာသင်ခန်းထဲ အရာအားလုံးဟာ ကျိုးပဲ့တစ်စစီ၊ ကျနော့်ရဲ့ကျောပိုးအိတ်ကလေးတော့ပြန်ရခဲ့ပါရဲ့၊ ဒါပေမယ့် ကျနော့်သူငယ်ချင်းတွေ၊ ဆရာနဲ့ ဆရာမတွေကိုမတွေ့တော့ဘူး၊ သူတို့ဘယ်ရောက်နေကြလဲ၊ သူတို့က ဘယ်မှာလဲ၊ ကျနော်မေးကြည့်တော့ “သူတို့သေကုန်ကြပြီ”တဲ့၊ ကျနော့်ငယ်ချင်းတွေရဲ့ လွယ်အိတ်တွေ စာအုပ်နဲ့ ခဲတန်တွေကလည်း ပြန့်ကြဲလို့၊ သူတို့ရဲ့ဖိနပ်တွေက တစ်မျိုးတစ်ရောင်စီ တစ်ကွဲတစ်ပြားစီ ပိုင်ရှင်မဲ့လျက်၊ တချို့နေရာမှာ အခုအချိန်အထိ မီးက တငွေ့ငွေ့တောက်လောင်လျက်။
မေ၊ ၁၂၊ ၂၅
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar