ကျောင်းသူကျောင်းသားတွေ ဆယ်ချီသေဆုံးရတဲ့ ဒီပဲယင်းမြို့နယ်ထဲက ဒုတိယမြောက် လေကြောင်းတိုက်ခိုက်မှု
မြန်မာနွေဦးခရိုနီကယ် - မေ ၁၂ မြင်ကွင်း
မိုးမခ၊ မေ ၁၃ ၊ ၂၀၂၅
ကျောင်းသူကျောင်းသားတွေ ဆယ်ချီသေဆုံးရတဲ့ ဒီပဲယင်းမြို့နယ်ထဲက ဒုတိယမြောက် လေကြောင်းတိုက်ခိုက်မှု
မေလ ၁၂ ရက်နေ့ နေ့ခင်းပိုင်း ဒီပဲယင်းမြို့နယ်ထဲက အိုးထိန်းတွင်း လို့အမည်ရတဲ့ ကျေးရွာရဲ့ စာသင်ကျောင်းကို စစ်ကောင်စီလေတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့ရာမှာ စာသင်ယူနေတဲ့ ကလေးတွေ ၁၇ ယောက်နဲ့ ဆရာ ၂ ဦး အသက်ဆုံးရှုံးခဲ့ရတယ်လို့ ကနဦး သတင်းတွေ မွန်းလွဲပိုင်းမှာပဲ ပေါ်ထွက်လာခဲ့ပါတယ်။
ခေါင်မိုးတွေ တစစီဖြစ်ပြီး နံရံချည်းသာ ကျန်တော့တဲ့ တထပ်အုတ်ခံကျောင်းဆောင် ကျောင်းသားတွေရဲ့ သွေးစွန်းနေတဲ့ ဖိနပ်တချို့၊ ပိုင်ရှင်မရှိတော့တဲ့ ကျောင်းလွယ်အိတ်တွေစုပုံထားတဲ့ မြင်ကွင်းတွေလည်း ဒေသခံ ကူညီကယ်ဆယ်ရေး အဖွဲ့တဖွဲ့က ဆိုရှယ်မီဒီယာမှာ ဝေမျှထားတာကို ကြည့်ပြီး အာဏာသိမ်းစစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကို နာကျည်းဒေါသထွက်တဲ့ မှတ်ချက်တွေ ပြန်လည်မျှဝေမှုတွေ Facebook ပေါ်မှာ တပြိုင်နက်ထည်း ပျံ့နှံ့လာပါတော့တယ်။
၂၀၂၂ ခုနှစ် စက်တင်ဘာလ က ဖြစ်ပွားခဲ့တဲ့ လက်ယက်ကုန်းရွာ စာသင်ကျောင်း လေကြောင်းတိုက်ခိုက်မှု အပြီးအခုတကြိမ်ဟာ အလားသဏ္ဍာန်လည်းတူပြီး ယခင်တကြိမ်ဖြစ်ပွားခဲ့တဲ့ ဒီပဲယင်းမြို့နယ်ထဲမှာ ထပ်မံဖြစ်ပွားခဲ့တာဖြစ်ပါတယ်။
လက်ယက်ကုန်း ကျေးရွာစာသင်ကျောင်းကို လေကြောင်းတိုက်ခိုက်စဥ်က ကျောင်းသား ၇ ဦးအပါအဝင် ၁၃ ဦးသေဆုံးခဲ့တာပါ။ အခုအိုးထိန်းတွင်းရွာ စာသင်ကျောင်းတိုက်ခိုက်ခံရတဲ့ အဖြစ်အပျက်မှာ တိုက်ခိုက်ခံရချင်း မှာပင် ကျောင်းသား ကျောင်းသူ ၁၇ ဦး သေဆုံးပြီး နောက်နာရီပိုင်းအကြာမှာ ထိခိုက်မှုဒဏ်ရာကြောင့် ထပ်မံသေဆုံးရတာတွေ နဲ့ ညပိုင်းမှာတော့ ၂၀ ဦးထိမြင့်တက်ခဲ့တာ ဖြစ်ပါတယ်။
လက်ယက်ကုန်းရွာ တိုက်ခိုက်မှုတုန်းက မြေပြင်က စစ်ကြောင်းထိုးတာနဲ့ အတူ လေကြောင်းကနေ ရဟတ်ယာဥ်နဲ့ ပစ်ခတ်တိုက်ခိုက်တာ ဖြစ်ပြီး အခု အိုးထိန်းတွင်း ရွာအဖြစ်အပျက်မှာတော့ မြေပြင် ထိုးစစ်မရှိဘဲ လေကြောင်းကနေ ဗုံးကျဲလေယာဥ်နဲ့ တိုက်ခိုက်တာဖြစ်ပါတယ်။
လက်ယက်ကုန်း အဖြစ်အပျက်ကို စစ်ကောင်စီက ၄င်းတို့ပစ်ခတ်တာဖြစ်ကြောင်း ဝန်ခံပေမယ့် အခု လေကြောင်းတိုက်ခိုက်မှုကိုတော့ ပြောင်ငြင်းပြီး သတင်းမှား ဖြန့်ချိမှုအဖြစ်သာ ပြောဆိုခဲ့တာတွေ့ရမှာ ဖြစ်ပါတယ်။ လက်ယက်ကုန်း တိုက်ခိုက်ခံရစဥ် ထိခိုက်ဒဏ်ရာရတဲ့ ကျောင်းသားတချို့ကို မြေပြင်ထိုးစစ်ဆင်တဲ့ စစ်ကြောင်းက ခေါ်ဆောင်သွားပြီး ရေဦးမြို့ကို ကားနဲ့ ခေါ်ဆောင်သွားပြီး ကုသစေခဲ့ပါတယ်။ ထိခိုက်သေဆုံးသူတွေကိုလည်း ရေဦးကို သယ်ဆောင်သွားပြီး စစ်ကောင်စီတပ်ရဲ့ ညွှန်ကြားချက်နဲ့ သဂြိုဟ်ခဲ့တာဖြစ်ပါတယ်။
အခုဖြစ်ရပ်မှာတော့ အလားတူ အခြေအနေမျိုးမဟုတ်ဘဲ အာဏာသိမ်း စစ်ကောင်စီက ၄င်းတို့တိုက်ခိုက်ခြင်း မရှိကြောင်းသာ ပြောင်ပြောင်တင်းတင်း ငြင်းဆိုခဲ့တာတွေ့ရပါတယ်။ စစ်တပ်ထောက်ခံတဲ့ ဝါဒဖြန့်မီဒီယာ တချို့ကတော့ စာသင်ကျောင်းမှာ ထားရှိတဲ့ PDF လက်နက်ကိုင်အဖွဲ့တွေရဲ့ ဗုံးတွေ ပေါက်ကွဲတာကြောင့်ဆိုတဲ့ သတင်းမှားကို ဖြန့်ဝေနေကြတာတွေ့ရပါတယ်။ အဖြစ်အပျက်က စစ်ကောင်စီဘက်က လေကြောင်း တိုက်ခိုက်မှုဆိုတာ ရိုးရှင်းနေတဲ့ ဖြစ်ရပ်ကို လမ်းလွှဲဝါဒဖြန့်ပြီး စစ်ကောင်စီလေတပ်က ကြဲတဲ့ ဗုံးကြောင့် စာသင်ယူနေတဲ့ ကလေးသူငယ် ၂၀ ဝန်းကျင် သေဆုံးမှုကို ဖုံးကွယ်ဖို့ ကြိုးစားတာလို့ ယူဆရပါတယ်။
စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်ထဲက ကျေးရွာတွေဟာ အခြားသော စစ်ကိုင်းတိုင်းထဲက မြို့နယ်တွေထဲက ကျေးရွာတွေလိုပဲ အမျိုးသားညီညွတ်ရေး အစိုးရ လက်အောက်မှာ ဖွဲ့စည်းထားတဲ့ ပြည်သူ့ကာကွယ်ရေး၊ ပြည်သူအုပ်ချုပ်ရေးနဲ့ ပြည်သူ့လုံခြုံရေး (ပသုံးလုံး လို့အတိုကောက်ခေါ်ဆို) လက်အောက်မှာ နေထိုင်အသက်မွေးဝမ်းကျောင်း ပြုနေကြတာ ဖြစ်ပါတယ်။
စစ်ကောင်စီတပ်တွေက မြို့တွေမှာသာ တပ်စွဲထားကြပြီး ကျေးရွာတွေကတော့ အမျိုးသား ညီညွတ်ရေးအစိုးရ လက်အောက်က ပကဖ သို့မဟုတ် LPDF တွေက ကျေးရွာတွေကို ထိန်းချုပ်ထားကြတာ ဖြစ်ပါတယ်။ စစ်ကိုင်းတိုင်းမှာ လက်ယက်ကုန်း အဖြစ်အပျက်ဖြစ်ပွားခဲ့စဥ်က အခြေအနေနဲ့ အခုအခြေအနေ ဘာကွာခြားသလဲလို့ နှိုင်းယှဥ်ကြည့်ရင် စစ်ကောင်စီအနေနဲ့ မြို့တွေမှာပဲ ထိန်းချုပ်ခြေကုပ်ယူထားနိုင်တာချင်း အတူတူဖြစ်ပြီး NUG လက်အောက်က PDF နဲ့ LPDF တွေကလည်း မြို့တွေကို တိုက်ခိုက်သိမ်းယူ နိုင်တဲ့ အခြေအနေမရှိသေးတာ တွေ့ရမှာ ဖြစ်ပါတယ်။
နယ်မြေစိုးမိုးမှု အရကြည့်ရင် ကြီးကြီးမားမား ပြောင်းလဲလာတဲ့ အနေအထားမတွေ့ရသေးဘူးလို့ ဆိုနိုင်ပါတယ်။ စစ်ကိုင်းတိုင်းထဲက ကျေးရွာတွေမှာ အသီးသီးဖွဲ့စည်းထားတဲ့ LPDF နဲ့ BNRA, PLA, BPLA နဲ့ 96 Soldiers လို အချို့သော ကျေးရွာအခြေပြုမဟုတ်တဲ့ လက်နက်ကိုင် အဖွဲ့တွေ အသီးသီးက သူ့နယ်မြေသူ ထိန်းချုပ်လှုပ်ရှားနေကြတာ တွေ့ရမှာဖြစ်ပါတယ်။
အာဏာသိမ်း စစ်တပ် အနေနဲ့ ၄င်းတို့ ပြန်လည်ထိန်းချုပ်နိုင်ခြင်းမရှိတဲ့ စစ်ကိုင်းတိုင်းထဲက ကျယ်ပြန့်တဲ့ ဧရိယာတွေ ဖြစ်တဲ့ ကျေးရွာတွေကို အခုလို လေကြောင်းတိုက်ခိုက်မှုတွေ နဲ့ အနှောက်အယှက်ပေး တိုက်ခိုက်ရုံကလွဲပြီး မတတ်နိုင်တဲ့ အနေအထားဖြစ်ပါတယ်။
ဒေသခံ လူထုတွေအနေနဲ့ နေ့စဥ်နဲ့အမျှ စစ်ပွဲဖြစ်နေတာမျိုးလည်း မဟုတ်ပေမယ့် လုံခြုံစိတ်ချစွာ နေထိုင်လုပ်ကိုင်စားသောက်နိုင်တဲ့ အနေအထားလည်း ရှိမနေတဲ့ အခြေအနေဖြစ်ပါတယ်။ ပြည်တွင်းစစ်က ရှည်ကြာလာတာနဲ့အမျှ သားသမီးတွေရဲ့ပညာသင်ယူနိုင်ဖို့ လက်ရှိအခြေအနေအောက်မှာ စဥ်းစားဆုံးဖြတ်ကြရတဲ့ အနေအထားဖြစ်ပြီး NUG အစိုးရရဲ့ပညာရေးဝန်ကြီးဌာနလက်အောက်က စာသင်ကျောင်းတွေမှာ သား သမီးတွေကို သင်ယူစေရတဲ့ အခြေအနေဖြစ်ပါတယ်။ ကျေးရွာတွေမှာ စာသင်ကျောင်း နဲ့ ဘုန်းကြီးကျောင်းတွေကသာ အများနဲ့ သက်ဆိုင်တဲ့နေရာ၊ စာသင်တာအစည်းအဝေးကျင်းပတာစတဲ့ လုပ်ဆောင်မှုတွေ လုပ်ဆောင်ကြပြီး အာဏာသိမ်း စစ်တပ်က အဆိုပါနေရာတွေကို ဒေသကာကွယ်ရေး လက်နက်ကိုင်အဖွဲ့နဲ့ ဒေသအုပ်ချုပ်ရေးက သူတွေစုဝေးရာ နေရာအဖြစ် မှတ်ယူကာ တိုက်ခိုက်လေ့ရှိတာလည်း ဖြစ်ပါတယ်။
အခု ဖြစ်ရပ်နဲ့ပတ်သက်လို့တဖက်မှာ ဗီလိန်စစ်တပ်ကိုအပြစ်တင်ရှုတ်ချတာလည်း လုပ်ဆောင်ကြသလို နောက်တဖက်မှာလည်း နောက်နောင် အခုလို ရင်နာစရာ ကြေကွဲစရာကောင်းတဲ့ အသက်ဆုံးရှုံးမှုတွေ မကြုံရအောင် ကာကွယ်ဖို့ NUG ရဲ့ ပညာရေးဌာန အနေနဲ့ ဘယ်လို စီမံမှုတွေ လုပ်ဆောင်နိုင်မလဲလို့ မေးခွန်းထုတ်တာတွေလည်း ရှိနေတာတွေ့ရမှာ ဖြစ်ပါတယ်။ ဒေသကာကွယ်ရေး အဖွဲ့တွေ အနေနဲ့ ပညာရေး၊ ကျန်းမာရေး၊ ဘာသာရေး အဆောက်အဦ ပိုင်နက်တွေထဲ နေထိုင်တာမျိုး မလုပ်ဖို့လည်း တိုက်တွန်းတာတွေ ရှိနေတာဖြစ်ပါတယ်။
အာဏာသိမ်း စစ်ကောင်စီ အနေနဲ့ မစားရတဲ့ အမဲ သဲနဲ့ပက်ဆိုတဲ့ စကားပုံလို လေကြောင်းတိုက်ခိုက်မှုတွေ လုပ် ဆောင်ပြီး NUG/PDF, ဒေသအလိုက် ကာကွယ်ရေးအဖွဲ့တွေကို တိုက်ခိုက်ဖို့ ပစ်မှတ်ထားလုပ်ဆောင် နေဦးမှာလည်း ဖြစ်ပါတယ်။ ဒီလိုအခြေအနေ အောက်မှာ တဖက်က ဗီလိန် စစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်နေဦးမှာကို တွေးဆပြီး NUG, PDF နဲ့ လက်နက်ကိုင်အဖွဲ့တွေ၊ အုပ်ချုပ်ရေးအဖွဲ့တွေအနေနဲ့ ကလေးသူငယ်တွေ ကျောင်းသားကျောင်းသူတွေ ပညာရေးဝန်ထမ်းတွေ နဲ့ အရပ်သားတွေ ထိခိုက်သေဆုံးမှုမရှိအောင် ဖြစ်နိုင်တဲ့ နည်းလမ်းတွေ ရှာဖွေကာကွယ်ဖို့လည်း တာဝန်ရှိတာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ ကျောင်းနေအရွယ် ကလေးငယ်တွေ လေကြောင်းတိုက်ခိုက်မှုကြောင့် အသက်တွေ ဆုံးရှုံးနေကြရသလိုပဲ ကမ္ဘာရဲ့အချို့သောနေရာတွေမှာ (ဥပမာအားဖြင့် ဂါဇာကမ်းမြောင်) စစ်ဝါဒီတွေရဲ့ လက်နက် ကိုင်နဲ့ အရပ်သွားခွဲခြားခြင်းမရှိတဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ကလေးသူငယ်တွေ ထောင်သောင်းချီသေဆုံးနေတဲ့ အဖြစ်တွေလည်း တပြိုင်နက်ထည်းဖြစ်ပွားနေတာပါ။ မြန်မာနိုင်ငံမှာ အရပ်သားတွေကို လေ ကြောင်းတိုက်ခိုက်မှုတွေ လုပ်နိုင်ဖို့ စစ်လေယာဥ်၊ စစ်ရဟတ်ယာဥ် နဲ့ ဗုံးတွေ၊ လက်နက်ခဲယမ်းတွေဝယ်ယူရရှိနေသလိုပဲ ဂါဇာမှာ အရပ်သားတွေ ထောင်သောင်းချီသေဆုံးရတဲ့ လေကြောင်းတိုက်ခိုက်မှုတွေကိုအားပေးကူညီနေကြတဲ့နိုင်ငံတွေထဲမှာလည်း ဒီမိုကရေစီကိုကာကွယ်မယ်ဆိုတဲ့အနောက်အုပ်စုလို့ခေါ်တဲ့ အမေရိကန်ပြည်ထောင်စုနဲ့ဥရောပနိုင်ငံတချို့ ပါဝင်နေတာကိုလည်း လျှို့ဝှက်ချက်မဟုတ်တော့တဲ့အနေအထားဖြစ်ပါတယ်။ ဒီလိုကမ္ဘာ့အခြေအနေတွေနဲ့နှိုင်းယှဥ်ကြည့်ရင် မြန်မာစစ်ကောင်စီကို ဆက်ဆံပြီး လေယာဥ်ဆီ၊ လက်နက်ခဲယမ်းတွေ ရောင်းချပေးနေတဲ့ နိုင်ငံတွေ ကမ္ဘာမှာ ရှိနေနိုင်တဲ့ အဖြစ်ကိုလည်း လက်မခံနိုင်သည့်တိုင် နားလည်ထားရမယ့် အနေအထားလို့ ဆိုချင်ပါတယ်။
-
t.me@moemakaPlease show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar