စစ်အာဏာသိမ်းပြီးနောက် ဒုက္ခအခံရဆုံး အလုပ်သမားတွေ အခက်အခဲ
မြန်မာနွေဦးခရိုနီကယ် - မေ ၁၇ မြင်ကွင်း
မိုးမခ၊ မေ ၁၈၊ ၂၀၂၅
စစ်အာဏာသိမ်းပြီးနောက် ဒုက္ခအခံရဆုံး အလုပ်သမားတွေ အခက်အခဲ
ရန်ကုန်မြို့ လှိုင်သာယာမြို့နယ်က ချန်းရိ ဆိုတဲ့ ဖိနပ်ချုပ်စက်ရုံတရုံမှာ အလုပ်သမား ထောင်နဲ့ချီ ဆန္ဒပြနေကြတာ ရက်အနည်းငယ်ရှိနေပြီဖြစ်ပါတယ်။ တရက်လုပ်အားခ ၅၂၀၀ ကျပ်သာရရှိတာကြောင့် ၁၂၀၀၀ ကျပ်အထိတိုးမြှင့်ပေးဖို့ အလုပ်သမားတွေက ဆန္ဒပြတောင်းဆိုနေကြတာဖြစ်ပါတယ်။ အာဏာသိမ်းစစ်ကောင်စီ အနေနဲ့အနိမ့်ဆုံးလုပ်အားခကို ၆၈၀၀ ကျပ်လို့သတ်မှတ်ထားပေမယ့် အခြေခံ ၄၈၀၀ ကျပ်နဲ့အပိုဆောင်း ၂၀၀၀ ကျပ်ဆိုပြီး ခွဲခြားသတ်မှတ်ထားတဲ့အချက် နဲ့ ၆၈၀၀ ကျပ်ရရှိခဲ့ရင်တောင်မှ ယခုလိုကာလမှာ ဖြစ်ပေါ်နေတဲ့ငွေကြေးဖောင်းပွမှု၊ ကုန်စျေးနှုန်းကြီးမြင့်မှုတွေကြောင့် အလုပ်သမားတွေအဖို့ အလုပ်လုပ်ရင်း ဝလင်အောင်မစားနိုင် နေထိုင်နိုင်တဲ့အခြေအနေမဟုတ်တာတွေ့ကြရမှာ ဖြစ်ပါတယ်။
မန္တလေးလိုမြို့မှာ ငလျင်ဘေးကျရောက်ပြီး အဆောက်အဦတွေဖျက်တာရှင်းလင်းတဲ့လုပ်ငန်းခွင်လိုမျိုးမှာတောင် နေ့စားခ တရက်ကို ကျပ် ၂ သောင်းလောက်ရှိပြီး ပန်းရံအလုပ်လို ကျွမ်းကျင်မှုအနည်းငယ်ပါရှိတဲ့ လုပ် သားတွေအဖို့ တရက်ကို ကျပ် ၃ သောင်းဝန်းကျင်ပေးပြီး ငှားနေကြရတဲ့အကြောင်း သတင်းတွေမှာ ဖတ်ရှုမိကြပါလိမ့်မယ်။ ပန်းရန်၊ ဆောက်လုပ်ရေးလုပ်ငန်းခွင်တွေက ကျပန်းအလုပ်တောင်မှ တရက်ကို ကျပ် ၂ သောင်းလောက်ရောက်နေချိန်မှာ စက်ရုံမှာ မနက် ၇ နာရီကနေ ညနေ ၆ နာရီလောက်ထိ ၁၀ နာရီ ၁၁ နာရီလုပ်ကြရတဲ့အလုပ်သမားတွေအနေနဲ့ တရက် ၅ ၂၀၀ ကျပ်သာရရှိခြင်းဟာ ဘယ်လိုမှရှင်သန်စားသောက်နေထိုင်ဖို့ မလွယ်ကူတာ တွေးကြည့်ယုံနဲ့တင် သိနိုင်ပါတယ်။
ဆန်၊ ဆီ၊ ဟင်းသီးဟင်းရွက်၊ အသားငါးလို နေ့စဥ်စားသောက်ကုန် စျေးနှုန်းတွေက မြန်မာကျပ်ငွေ တန်ဖိုးကျတာကြောင့်ရော အခြားသော သွင်းကုန်မူဝါဒ၊ စစ်ပွဲတွေနဲ့ ကုန်သွယ်တဲ့ လမ်းတလျှောက် လက်နက်ကိုင်အဖွဲ့တွေရဲ့ အခွန်အကောက် စတဲ့ အကြောင်းတွေကြောင့် မတန်တဆ စျေးမြင့်တက် လာနေပေမယ့် အလုပ်သမားတွေရဲ့ တနေ့ အခြေခံလုပ်အားခကတော့ အချိုးညီတိုးမြင့်လာခြင်းမရှိတာကြောင့် အလုပ် သမားတွေအနေနဲ့ အခုလို လုပ်အားခ တိုးမြှင့်ပေးဖို့ ဆန္ဒပြနေကြတာ ဖြစ်ပါတယ်။
အမေရိကန် ၁ ဒေါ်လာ ကျပ် ၁၃၀၀/၁၄၀၀ လောက်ရှိခဲ့ချိန်က တရက် လုပ်အားခက ၄၈၀၀ ကျပ် ဖြစ်ခဲ့ပေမယ့် အခု အမေရိကန် ၁ဒေါ်လာ ၄၃၀၀/၄၄၀၀ ကျပ် ရောက်လာချိန်မှာ ၅၀၀၀ ကျပ်ကနေ အများဆုံး ၆၈၀၀ ကျပ်သာ ရရှိနေတဲ့အဖြစ်က ဘယ်လိုမှ ကျိုးကြောင်းမဆီလျော်သလို အလုပ်သမားတွေအနေနဲ့လည်း စားဖို့ နေဖို့ မလောက်ငှတဲ့ အခြေအနေထဲ ရောက်နေကြတာ ဖြစ်ပါတယ်။
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် လက်နက်ကိုင်ပဋိပက္ခ၊ လူ့အခွင့်အရေးချိုးဖောက်မှု၊ မတရားဖမ်း ဆီးသတ်ဖြတ်မှု၊ နေရပ်စွန့်ခွာပြီး ထွက်ပြေးတိမ်းရှောင်ရတဲ့ ပြဿနာတွေ စသဖြင့် နိုင်ငံရေး၊ စစ်ရေး ပြဿနာတွေက ရှေ့တန်းရောက်လာတဲ့နောက်မှာ အလုပ်သမားအခွင့်အရေး၊ လုပ်ခလစာ ပြဿနာလိုမျိုးကို ကိုင်တွယ်ဖြေရှင်းဖို့ ဘယ်အဖွဲ့အစည်းကမှ စိတ်ဝင်တစား မရှိကြတော့တာတွေ့ရပါတယ်။
အာဏာပြဿနာက ထိပ်ဆုံးရောက်နေချိန် အာဏာရဖို့ အဓိကဖြစ်တယ်လို့ယူဆလာချိန်မှာ အလုပ်သမားအခွင့်အရေး လုပ်ခလစာအရေးက အရေးတကြီးကိစ္စလို့မမြင်ကြတော့တာ မထူးဆန်းပေမယ့်လည်း ထိခိုက်ခံစားရတဲ့ အတိုင်းအတာက ကျယ်ပြန့်လှတာဖြစ်ပါတယ်။ ရန်ကုန်၊ ပဲခူး၊ မန္တလေး၊ ပုသိမ်တို့လို မြို့တွေမှာ စက်မှုဇုန်တွေ သတ်မှတ်ပြီး လုပ်ခစားလက်ခစား CMP လို့ခေါ်တဲ့ ပြည်ပပို့တဲ့ အထည်၊ ဖိနပ်ချုပ်စက်ရုံတွေ အများအပြားရှိကြပြီး အချို့လည်း ပြည်တွင်းစျေးကွက်ကို ရည်ရွယ်တဲ့ စားသောက်ကုန်၊ ပြည်ပစျေးကွက်ကိုရည်ရွယ်တဲ့ ရေထွက်ပစ္စည်းစက်ရုံအချို့လည်း ပါဝင်ပါတယ်။ အများစုကတော့ အထည်ချုပ်လုပ်ငန်းလို့ခေါ်ဆိုကြတဲ့ပြည်ပတင်ပို့တဲ့အဝတ်အထည် ဖိနပ်တို့လို ထုတ်လုပ်ကြတဲ့စက်ရုံတွေမှာ အလုပ်သမား သိန်းနဲ့ချီ လုပ် ကိုင်နေကြတာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံလိုနေ့တွက် လုပ်ခလစာနှုန်းနိမ့်တဲ့နိုင်ငံတွေမှာ CMP လို အထည်ချုပ်လုပ်ငန်းတွေ စက်ရုံတွေရင်းနှီးမြှုပ်နှံပြီး ဖွံ့ဖြိုးပြီးနိုင်ငံတွေဆီ တင်ပို့ကြတာ ဖြစ်ပါတယ်။ ၂၀၂၁ ခုနှစ် စစ်အာဏာမသိမ်းမီက အနေ အထားမှာ အထည်ချုပ်လုပ်ငန်းလို လုပ်ခစားလက်ခစား လုပ်ငန်းတွေ အနေနဲ့ အမှာစာလည်း များများစားစား ရခဲ့ကြသလို လျှပ်စစ်မီး ရရှိမှု၊ အခွန်အကောက် စတာတွေက အတိုင်းအတာတခုထိ လူးသာလွန့်သာရှိကြပြီး အလုပ်သမားတွေ အနေနဲ့လည်း ရသင့်ရထိုက်တဲ့ အမြင့်ဆုံး လုပ်ခလစာ မဟုတ်သည့်တိုင် တော်သေးတယ်လို့ ဆိုနိုင်ပါတယ်။
စစ်အာဏာသိမ်းပြီး လျှပ်စစ်ဓာတ်အားပေးနိုင်မှုအခြေအနေဆိုးရွားလာသလို နိုင်ငံတကာမှာ ထင်ရှားတဲ့ အမှတ်တံဆိပ်တချို့ကလည်း နိုင်ငံရေးနဲ့ အခြားဂယက်တွေကြောင့် အမှာစာပေးပို့တာ ရပ်ဆိုင်းလိုက်ကြတာတွေက မြန်မာနိုင်ငံထဲက အထည်ချုပ်လုပ်ငန်းကို ထိခိုက်မှု ရှိစေတာဖြစ်ပါတယ်။
လုပ်ငန်းရှင်တွေ အနေနဲ့ ပြင်ပအကြောင်းအချက်တွေကြောင့် ဝင်ငွေ၊ အမြတ်ငွေ ထိခိုက်လာတဲ့ ဒဏ်ကို အလုပ်သမားလုပ်ခလစာ လျှော့ခြင်းအားဖြင့် ဖာထေးတဲ့ အဖြစ်က သဘာဝမကျတဲ့ အနေအထား ဖြစ်ပါတယ်။ မြန်မာနိုင်ငံလို ပဋိပက္ခနဲ့ အုပ်ချုပ်မှုစနစ်လျော့ရဲနေတဲ့ နိုင်ငံတွေမှာ ရင်းနှီးမြှုပ်နှံတဲ့ လုပ်ငန်းရှင်တွေ အနေနဲ့ အမြတ်များများရတဲ့အချက်က ဆွဲဆောင်မှုဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ သို့ပေမဲ့ စီးပွားရေး ကျင့်ဝတ်သိက္ခာအားဖြင့် နိမ့်ကျလွန်းတဲ့ လုပ်ရပ်လည်း ဖြစ်ပါတယ်။ ပြည်တွင်းလုပ်ငန်းရှင် ဖြစ်စေ၊ ပြည်ပကလုပ်ငန်းရှင်ဖြစ်စေ အခုလို နိုင်ငံရေး၊ စီးပွားရေးနိမ့်ကျနေတဲ့အနေအထားမှာ အလုပ်သမားတွေရဲ့ နေ့စား လုပ်ခအနိမ့်ဆုံးပေးပြီး မိမိတို့အကျိုးအမြတ်အတွက် လုပ်ဆောင်နေကြတဲ့အဖြစ်က ဆိုးရွားတဲ့ ခေါင်းပုံဖြတ်ခြင်းသာ ဖြစ်ပါတယ်။
စစ်ကောင်စီရဲ့ အလုပ်သမားဝန်ကြီးဌာနအနေနဲ့လည်း စစ်အာဏာသိမ်းပြီးနောက် အလုပ်သမားအခွင့်အရေးအတွက် လုပ်ဆောင်ကြတဲ့ အရပ်ဘက်အဖွဲ့တွေ သမဂ္ဂတွေကိုစောင့်ကြည့်တာ ခြေလှမ်းမှားတာနဲ့ ဖမ်းဆီး ထောင်ချတာတွေ လုပ်ဆောင်တာကြောင့် အလုပ်သမားအခွင့်အရေးအဖွဲ့တွေလည်း လုပ်ခလစာနဲ့ ပတ်သက်လို့ အလုပ်သမား ဝန်ကြီးဌာနလိုမျိုးကို ဝေဖန်တာ ဖိအားပေးတာတွေ မလုပ်ဆောင်ရဲကြတဲ့ အနေအထား ဖြစ်ပါတယ်။
နိုင်ငံရေးအကြပ်အတည်း၊ လက်နက်ကိုင်ပဋိပက္ခတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားနေတဲ့ အခြေအနေအောက်မှာ အလုပ်သမားအခွင့်အရေးကိစ္စကို ပြောဆိုရပ်တည်ပေးမယ့် အဖွဲ့အစည်းတွေ ရှားပါးလာတဲ့ အနေအထားလို့ဆိုရင် မှားမယ်မထင်ပါဘူး။ ရန်ကုန်နဲ့ အချို့သောမြို့တွေမှာ ရှိတဲ့ စက်မှုဇုန်တွေ အလုပ်ရုံတွေမှာ သိန်းဂဏန်းနဲ့ချီတဲ့အလုပ်သမားတွေဟာ ရန်ကုန်၊ မန္တလေး၊ ပဲခူးတို့က ဒေသခံတွေချည်း သက်သက်မဟုတ်ဘဲ ဧရာဝတီတိုင်း၊ မန္တလေးတိုင်း၊ ရခိုင်၊ ပဲခူးတိုင်းနဲ့ စစ်ကိုင်းတိုင်းတို့က လာရောက်လုပ်ကိုင်ကြသူတွေလည်း ပါဝင်နေကြပါတယ်။ အဆိုပါဒေသတွေမှာ စစ်ပွဲတွေ ဖြစ်ပွားနေတာကြောင့် အလုပ်သမားတွေအဖို့ အခုလိုနေ့စားလပေး အလုပ်ကနေ ပြုတ်ခဲ့ရင်တောင် ကိုယ့်ဇာတိကိုပြန်ဖို့မလွယ်တဲ့အခြေအနေလည်း ကျရောက်နေတာ ဖြစ်ပါတယ်။
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar