လေးလေး - တစိမ့်စိမ့် သတိရခြင်းများ
လေးလေး - တစိမ့်စိမ့် သတိရခြင်းများ
မိုးမခ ၊ မေ ၃၀ ၊ ၂၀၂၅
စာရေးသူ လွင်မောင်မောင် က သူ့စာအုပ်ကို “သတိရခြင်းများ တစိမ့်စိမ့်”အက်ဆေး လို့ ညွှန်းထားတယ်။ အခုတော့ အက်ဆေး လို့ပဲ အလွယ်တကူ နာမည်ပေးကြတဲ့ အက်ဆေး ဆိုတဲ့စာအုပ်တွေ အတော်များတယ်။ စာရေးသူတယောက်တည်း ရေးတဲ့ အက်ဆေး စာအုပ်တွေလည်း ထွက်တယ်။ စာရေးဆရာစုံရဲ့ လက်ရာစုံအက်ဆေး စာအုပ်တွေလည်း ထွက်တယ်။ ဖတ်တဲ့သူတွေရှိလို့ အက်ဆေးစာအုပ်တွေ ထွက်နေတာပေါ့လို့ ဆိုနိုင်ပေမယ့် အက်ဆေးစာအုပ်တွေ ဖောင်းပွနေသလားလို့လည်း အတွေးရောက်တယ်။
စာစီစာကုံးလို နိဒါန်း၊ စာကိုယ်၊ နိဂုံး ဆိုပြီး ပါရမယ်လို့ သင်ကြားချက်မျိုးနဲ့ တိုင်းတာမပြောလိုပေမယ့် ကျနော်တို့ ငယ်ငယ်က ဖတ်ရတဲ့ အက်ဆေးတချို့နဲ့တော့ ကွာလာတာ တွေ့ရတယ်။ ဆရာဦးဝင်းမွန်ရဲ့ “ဆားဒယ်”ဆို လူ့ဘဝထဲ တလည်လည် ဖြစ်လေတိုင်း “ဆားဒယ်” အက်ဆေးက ရင်ထဲ ပြန်ပြန်ရောက်လာတတ်တယ်။ ဝတ္ထုဖတ်၊ ရုပ်ရှင်ကြည့်ပြီး မျက်ရည်လည်မယ် ကြံတိုင်း ဆရာအောင်သင်းရဲ့ “ချိုးတကူးနဲ့ ဂုဏ်ရည်မတူ” အက်ဆေးကို ပြေးအမှတ်ရတယ်။ ဒါမျိုး ခံစားချက်က အခု အက်ဆေး ဆိုတာတွေ ဖတ်တိုင်း မရတော့ဘူး။ အရွယ်ကြောင့်လည်း ပါမယ်ထင်တယ်။ အရွယ်က ရင့်နေပြီလေ။ ထားတော့။
လွင်မောင်မောင် ဆိုတဲ့ စာရေးသူ ရေးတဲ့စာတွေအကြောင်း ဖတ်ညွှန်းတချို့ ဖတ်ရကတည်းက ဖတ်ချင်ပေမယ့် စာအုပ်ဆိုင်တိုင်းမှာ မရှိလေတော့ ရှိတဲ့ စာအုပ်ဆိုင်က ကြော်ငြာမှပဲ မှာဖတ်ရတော့တယ်။ တအုပ်က ခုပြောမယ့် ”သတိရခြင်းများ တစိမ့်စိမ့်”၊ နောက်တအုပ်က “နွေသစ်ကိုင်းတွေ ငြိတွယ်”၊ လွင်မောင်မောင် ရေးထားတဲ့စာတွေ ဖတ်ပြီးတော့ ဒီစာရေးသူရဲ့မှတ်မိနိုင်စွမ်းကို ဩချရတော့တယ်။ သတိရခြင်းများ တစိမ့်စိမ့်မှာ အမှာစာ ရေးထားတဲ့ “ဝေးခေါင်”က ပျောက်ဆုံးသွားတဲ့ မရှိတော့ခြင်းတွေဟာ သူ့ဆီမှာတော့ အမြဲရှိနေခဲ့ပြန်တယ်။ သူဟာ ဘာသာ စကားကို အသုံးပြုပြီး မရှိတော့ခြင်းတွေကို ပြန်ရှိလာအောင် တည်ဆောက်နေသူပဲ”ဆိုတဲ့ စကားကို အပြည့်အဝ ထောက်ခံလိုက်မိတယ်။ တစိမ့်စိမ့် သတိရခြင်းများ…။
တခုတော့ ရှိတယ်။ သူ့သတိရခြင်းတွေက ရန်ကုန်မြို့နဲ့ မထင်မရှားနယ် မြို့လေးတခုဆီက ဖြစ်လေတော့ ဒီ ဒေသတွေမှာ မနှံ့စပ်တဲ့သူတွေအတွက် သတိရခြင်းတွေက သိပ်ပြီး သတိရစရာကောင်းမှာ မဟုတ်ဘူး။ လွင် မောင်မောင်က စတီရီယိုသီချင်းတွေလည်း ရေးဖူးပြီး ဂီတနယ်ပယ်မှာလည်း ကျင်လည်ဖူးဖြစ်တော့ သူ့ သတိရခြင်းတွေမှာ ရန်ကုန်၊ ဘားလမ်းတို့၊ လှည်းတန်းတို့အနားမှာ တဝဲလည်လည်ရယ်။ စာအုပ်နာမည်ပေးထားတဲ့ “သတိရခြင်းများ တစိမ့်စိမ့်”အက်ဆေးဆို ၁၉၈၈ ပတ်ဝန်းကျင် သတိရခြင်းတွေအပြည့်နဲ့ ရေးထားတဲ့ အက်ဆေးပါ။
“မိုးဟာ တစိမ့်စိမ့်နဲ့ တနေ့လုံး ရွာနေတယ်။ ဟိုးအရင်ခေတ်ကြီးတခေတ်လုံး မည်းမှောင်ခဲ့သလိုမျိုး တိုက်ခေါင်မိုးတွေကြားက မြင်ရတဲ့ ကောင်းကင်ကြီးလည်း မည်းမှောင်လို့။ တကယ့်ဘဝကို ရုပ်ရှင်ဖလင်လို ပြန်ရစ်ကြည့်လိုက်ရင် တိုတိုလေးပါပဲ။ တချို့ဖလင်ကွက်တွေ စိတ်ထဲ စတေဖမ်းပြီး ကြည့်လိုက်ရင် ငါတို့ကောင်တွေ လက်ဖက်ရည် သောက်နေတုန်း၊ ကောင်တာမှာ ထပြီး မီးညှိနေတုန်း။
“တမေ့တမော ထိုင်လို့ကောင်းတဲ့ လက်ဖက်ရည်ဆိုင်တွေ မရှိတော့ဘူး။ ရေဒီယို နှစ် ၂၀ တေးတွေ မကြားရတော့ဘူး။ မိုးရေထဲ ညွှတ်ကိုင်းနေတဲ့ ဗာဒံပင်တွေ မရှိတော့ဘူး။ ဒီနေရာ၊ ဒီမြို့နယ်၊ ဒီရပ်ကွက်မှာ နေသော်လည်း ဒီနေရာ၊ ဒီမြို့နယ်၊ ဒီရပ်ကွက်ဟာ မရှိတော့ဘူး။ ပြန်မလာသူတို့လည်း ဘယ်တော့မှ ပြန်မလာကြတော့ဘူး။ တခါတလေ ကိုယ့်လူငယ် နေ့တွေကို သတိရလို့ ပြန်ငေးမိတော့ မမြင်ရတဲ့ သစ်ပင်တွေက သစ်ရွက်တွေ တဖွဲဖွဲ ကြွေလွန်းလိုက်တာလေ။” လွင်မောင်မောင့် သတိရခြင်းတွေဟာ ကိုယ့်ဖြတ်သန်းမှု ကာလတွေနဲ့ မကွာတော့ သတိရခြင်းတစိမ့်စိမ့် ဖတ်ပြီး၊ တစိမ့်စိမ့် ပြန်သတိရတာတွေလည်း များမှများပဲ။
လွင်မောင်မောင်ဟာ ဝါကျတိုတိုတွေ သုံးပြီး လုံချင်းဝတ္ထုရှည်လို ဝတ္ထုဇာတ်လမ်းမျိုးတွေ ရေးတတ်တဲ့ စာရေးသူ လို့လည်း မှတ်ချက်ချမိတယ်။ သူ့ရဲ့ “နွေသစ်ကိုင်းတွေ ငြိတွယ်”မှာ ဒါမျိုးတွေ အတော်တွေ့ရတယ်။ အမြန်လမ်းမကြီးပေါ်ကနေ အရှေ့ဘက်ချိုးသွားတဲ့ လမ်းချိုးအတိုင်း မောင်းရင် အဲဒီနေရာကို ဆယ့်ငါးမိနစ်လောက်ဆို ရောက်တယ်။ “လ”ဟာ ဖရဲသီးစိတ်လို သူ့အလင်းဖျော့ကို ညှစ်ချနေတဲ့ ညပဲ။ ချုံပုတ်တွေနဲ့ သစ်ပင်အုပ်အုပ်တွေဆီက ပုရစ်သံတွေ ကြားရတယ်။ ကားကိုရပ်ပြီး ကမူပေါ် တက်ကြည့်လိုက်ရင် အဝေးက မီးရောင်တွေကို မြင်ရလိမ့်မယ်။ ဒီနေရာကို မိဆူးနဲ့ ကျနော် အမြဲရောက်တယ်။ ကျနော်က စိတ်ကူးယဉ်တယ်။ နွေသစ်ကိုင်း မွဲမွဲတွေရဲ့ အထီးကျန်မှုကို တိုးတိုးတိတ်တတ် ခံစားရတာ သဘောကျတယ်။ မိဆူးက အမြဲပြောပါတယ်။ နင်ဟာ ငကြောင်တဲ့။”
ကျနော်နဲ့ မိဆူး ဇာတ်လမ်းကို ဝါကျတိုတိုတွေနဲ့ ငယ်ဘဝကစ ရေးသွားလိုက်တာ သူနဲ့ မိဆူး သေကွဲ ကွဲကြတဲ့အထိကြားမှာ ဇာတ်လမ်းဇာတ်ရှိန်တွေနဲ့ ကျနော်တို့ငယ်ငယ် ဖတ်ပြီး ကြိုက်ခဲ့တဲ့ ငြိမ်းကျော်ဝတ္ထုစာအုပ်တွေ ပြန်အမှတ်ရမိတဲ့အထိပဲ။ “မိဆူး ဆေးရုံတက်တော့ ရှိသမျှအလုပ်တွေ ပစ်ထားပြီး ကျနော် ချက်ချင်း ရောက်သွားတယ်။ သူ့လက်ကိုကိုင်ပြီး အားပေးစကား ပြောတယ်။ ပြီးတော့ အနားကပ်ပြီး တိုးတိုး ပြောလိုက်တယ်။ “ကိုယ်…မင်းကို အခုပဲ လက်ထပ်ပါရစေ”ဆိုတော့ သူ ပြုံးတယ်။ နင်က ငတုံးပဲတဲ့။ “ဒါမျိုးအရေးအသားနဲ့ ဇာတ်လမ်းဇာတ်ကွက် ပါတဲ့ စာစုတွေ “နွေသစ်ကိုင်းတွေငြိတွယ်”မှာ အများကြီး ဖတ်ရတယ်။ တချို့လည်း မော်ဒန်ဆန်ဆန်။ လွင်မောင်မောင်ရဲ့ သတိရခြင်းတွေကတော့ ပြောမကုန်။ ဖတ်သာ ကြည့်ကြပါ။
“လျှောက်ဖူးတဲ့ လမ်းတွေ
လျှောက်ဖူးအောင် ပြန်လျှောက်ခဲ့တယ်။
လျှောက်နေရင်းနဲ့
လျှောက်ဖူးပြီးသား အကြောင်းတွေ ပြန်တွေး
ဆွေးပြီးသားနှစ်တွေ ပြန်သစ်လာတယ်။”
မိုးဝေး
လက်ထဲ ရောက်လာတဲ့0 လွင်မောင်မောင်ရဲ့ “သတိရခြင်းများတစိမ့်စိမ့်” စာအုပ်ကို ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလမှာ ရန်ကုန်၊ အလုံမြို့နယ်ရှိ “နှစ်ကာလများ” စာပေတိုက်က ဒုတိယအကြိမ် ပုံနှိပ်ထုတ်ဝေပြီး စာအုပ်တန်ဖိုးက ကျပ် ၁ သောင်းတိတိ။
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar