Breaking News

နယ်မြေ စိုးမိုးမှုနဲ့ ဘင်္ဂလားဒေ့ရှ်-မြန်မာ သံတမန်ရေး အဖုအထစ်

မြန်မာနွေဦးခရိုနီကယ် - မေ ၂၉ မြင်ကွင်း

(မိုးမခ) မေ ၃၀ ၊ ၂၀၂၅

နယ်မြေ စိုးမိုးမှုနဲ့ ဘင်္ဂလားဒေ့ရှ်-မြန်မာ သံတမန်ရေး အဖုအထစ်

ရခိုင်ပြည်နယ်တခုလုံးနီးပါး တိုက်ခိုက် သိမ်းယူထားပြီး ရခိုင်ပြည်နယ်နဲ့ နယ်နိမိတ်ထိစပ်နေတဲ့ ဧရာဝတီတိုင်း၊ ပဲခူးတိုင်းနဲ့ မကွေးတိုင်းအစပ်ဒေသတွေအထိ တိုက်ပွဲတွေ ဖြစ်ပွားနေချိန်မှာ ဘင်္ဂလားဒေ့ရှ် နိုင်ငံအနေနဲ့ ရခိုင်နယ်စပ်နဲ့ ပတ်သက်တဲ့ အရေးကိစ္စတွေမှာ မြန်မာစစ်ကောင်စီ အစား ရက္ခိုင့်တပ်တော် AA နဲ့ ထိတွေ့ဆက်ဆံမှုတွေ လုပ်ဆောင်တဲ့ လက္ခဏာတွေ ပြသလာပါတယ်။ ဒီအခါ မြန်မာစစ်ကောင်စီ အစိုးရက ဘင်္ဂလားဒေ့ရှ်သံအမတ်ကို အဆိုပါ ထိတွေ့ဆက်ဆံမှုတွေ လုပ်ဆောင်မယ်ဆိုတဲ့ အချက်ကို ကန့်ကွက်ကြောင်း ပြောဆိုခဲ့ပါတယ်။

အဲဒီနောက်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ ကြားဖြတ်အစိုးရက ၄င်းတို့ရဲ့ သံအမတ်ကြီးနဲ့ စစ်သံမှူးတို့ကို ဒက္ကားမြို့တော်ကို ပြန်လည်ခေါ်ယူခဲ့တဲ့ ဖြစ်ရပ်ပေါ်ထွက်လာခဲ့တာ ဖြစ်ပါတယ်။ ဘင်္ဂလားဒေ့ရှ် အစိုးရခေါင်းဆောင် မိုဟာမက် ယူနွတ်စ်ကတော့ သံတမန်ပုံမှန်အစည်းအဝေး ရှိတာကြောင့် သံအမတ်ကြီး အနေနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ပြန်ရောက်နေတာဖြစ်တယ်လို့ ဆိုပေမယ့် အခုလိုပြောဆိုမှုဟာ သံတမန်ဆန်ဆန် ပြောဆိုမှု အနေနဲ့ နားလည် အဓိပ္ပါယ်ဖွင့်ဆိုကြတာ ဖြစ်ပါတယ်။

AA အနေနဲ့ ရခိုင်ပြည်နယ်ရဲ့ တရားဝင် မဟုတ်သေးသည့်တိုင် ဒီဖက်တို အစိုးရ ဖြစ်လာပြီလို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ယူဆပြီး ထိတွေ့ ဆက်ဆံနေပြီလား၊ သို့မဟုတ် နယ်စပ်လုံခြုံရေး ကိစ္စရပ်တွေ အလုပ်ဖြစ်အောင် ဆက်ဆံဆောင်ရွက်တာလား ဆိုတာ သဲသဲကွဲကွဲတော့ မပြောနိုင်သေးတဲ့ အနေအထား ဖြစ်ပါတယ်။ ဘင်္ဂလားဒေ့ရှ် ကြားဖြတ်အစိုးရရဲ့ အမျိုးသားလုံခြုံရေး အကြံပေးဖြစ်သူက ဘင်္ဂလားဒေ့ရှ် ကြားဖြတ်အစိုးရ နဲ့ AA တို့ရဲ့ ထိတွေ့ဆက်ဆံမှုတွေကို လူသိရှင်ကြား ထုတ်ဖေါ်ပြောဆိုပြီးနောက် စစ်ကောင်စီက အိမ်နီးချင်းနိုင်ငံကို ကန့်ကွက်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ် သံအမတ်ကို ခေါ်ယူ အသိပေးခဲ့ပါတယ်။

မြန်မာနဲ့ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံအကြား အဆိုပါ အဖြစ်အပျက်တွေက ယခင်လနှောင်းပိုင်းနဲ့ ယခုလဆန်းမှာ ဖြစ်ပျက်ခဲ့တာဖြစ်ပေမယ့် မေလနှောင်းပိုင်းကျမှ သတင်းအဖြစ် ပေါ်ထွက်လာခဲ့တာ ဖြစ်ပါတယ်။ ယမန်နှစ်က လူထုအုံကြွမှု၊ ဆန္ဒပြမှုတွေ ကြာရှည်စွာ ပေါ်ပေါက်ခဲ့ပြီး အသက်သေဆုံးမှုတွေလည်း ရှိခဲ့တဲ့နောက်မှာ မိုဟာမက်ယူနွတ်စ် ဦးဆောင်တဲ့ ကြားဖြတ်အစိုးရကိုယ်၌က မြန်မာနိုင်ငံက ထွက်ပြေးခိုလှုံနေရတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေအရေးနဲ့ ပတ်သက်တဲ့ မူဝါဒတွေမှာ ဘင်္ဂလားဒေ့ရှ်စစ်တပ်နဲ့ သဘောထားကွဲလွဲမှု ဖြစ်ပေါ်နေချိန်လည်း ဖြစ်ပါတယ်။

မြန်မာစစ်ကောင်စီ နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ အကြား ဆက်ဆံရေးဟာ အခြားသော အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ အိန္ဒိယ၊ တရုတ်၊ ထိုင်းတို့နဲ့ မတူဘဲ ခပ်အေးစက်စက် ဆက်ဆံရေးမျိုး ရှိတာပါ။ ဦးသိန်းစိန်လက်ထက် နှစ်နိုင်ငံရေပိုင်နက် အငြင်းပွားမှုနဲ့ ပတ်သက်ပြီး နိုင်ငံတကာ ခုံရုံးမှာ ကြားနာဆုံးဖြတ်ခဲ့တဲ့ မဝေးတဲ့ သမိုင်းဖြစ်ရပ် ရှိခဲ့သလို ရိုဟင်ဂျာအရေးမှာလည်း မြန်မာနိုင်ငံစစ်တပ်နဲ့ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ် တို့အကြား အထင်အမြင် လွဲမှားမှုတွေ ရှိကောင်းရှိခဲ့နိုင်ပါတယ်။ ရှိတ်ဟာဆီနာ ပြုတ်ကျသွားပြီးနောက် ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်မှာလည်း နောက်ခံအခြေအနေတွေ ပြောင်းလဲသွားသလို နယ်နိမိတ် ထိစပ်နေတဲ့ မြန်မာနိုင်ငံဘက်က ရခိုင်ပြည်နယ်ကို AA က တိုက်ခိုက်သိမ်းယူနိုင်ခဲ့တာကြောင့် ဒီဘက်က အခင်းအကျင်း အပြောင်းအလဲကလည်း ကြီးမားတဲ့ အနေအထားဖြစ်ပါတယ်။

နှစ်ဖက် နောက်ခံအပြောင်းအလဲတွေကြားမှာ မြန်မာ-ဘင်္ဂလားဒေ့ရှ် နဲ့ AA -ဘင်္ဂလားဒေ့ရှ် ဆက်ဆံရေး စသဖြင့် လမ်းကြောင်း ၂ ခုပေါ်ထွက်လာခဲ့တဲ့ သဘောလည်း ဖြစ်ပါတယ်။ AA အဖွဲ့ရဲ့ အနေအထားဟာ လက်ရှိမှာ မြန်မာစစ်ကောင်စီကို စစ်ရေးအရ ဖိအားပေးထားနိုင်ပြီး စစ်ကောင်စီ အနေနဲ့ ရခိုင်ပြည်နယ်က မြို့တွေနယ်မြေတွေကို အချိန်တိုကာလတခုအတွင်း ပြန်လည်တိုက်ခိုက်သိမ်းယူနိုင်တဲ့ အနေအထားမဟုတ်ဘူးလို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေနဲ့ အကဲဖြတ်ထားတာလည်း ဖြစ်နိုင်ပါတယ်။ စစ်ကောင်စီတပ် ပြန်လည် သိမ်းယူနိုင်ခြင်း မရှိတော့ရင် အိမ်နီးချင်းနိုင်ငံ အနေနဲ့ ရခိုင်ပြည်နယ်ကို လက်ရှိထိန်းချုပ် ထားတဲ့ အဖွဲ့နဲ့ သာထိတွေ့ဆက်ဆံရမှာ ဖြစ်ပြီး ဘင်္ဂလားဒေ့ရှ် အကျိုးစီးပွားကို အခြေခံသင့်တယ်လို့ မိုဟာမက် ယူနွတ်စ်ဦးဆောင်တဲ့ အစိုးရက ရှုမြင်ထားတာ ဖြစ်ပါတယ်။

ကွန်ဖက်ဒရိတ် အနေအထားမျိုး ကိုယ့်ဒေသကိုယ်အုပ်ချုပ်တဲ့ ဝ ပြည်သွေးစည်းညီညွတ်ရေးတပ် UWSA တောင်မှ အိမ်နီးချင်းနိုင်ငံ ဆက်ဆံရေးကို မိမိတို့သဘောနဲ့ မိမိပြောဆိုခြင်း မရှိတဲ့သာဓကတွေ ရှိထားတာမို့ မြန်မာစစ်ကောင်စီဘက်က AA နဲ့ ထိတွေ့ဆက်ဆံတဲ့ အိမ်နီးချင်းနိုင်ငံအပေါ်  မကျေမချမ်းဖြစ်ပြီး ကန့်ကွက်ဖို့ စေ့ဆော်လာစေတာ ဖြစ်ပါတယ်။  

စစ်ကောင်စီ အနေနဲ့ နိုင်ငံတကာမှာ သံတမန်ရေးအရ ကျယ်ကျယ်ပြန့်ပြန့် အသိအမှတ်ပြု မခံရသည့်တိုင် တရုတ်၊ ရုရှားလို အင်အားကြီးနိုင်ငံတချို့ရဲ့ အသိအမှတ်ပြု လက်ခံမှုကို အားပြုပြီး ဘင်္ဂလားဒေ့ရှ် နိုင်ငံကို ခပ်တင်းတင်း ဆက်ဆံလာတဲ့ အနေအထားဖြစ်နိုင်တယ်လို့ အကဲဖြတ်ရပါတယ်။


Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar