လေးစမ်းဝင်း - ဖုန်းထဲက ဖောက်သည်တွေ
လေးစမ်းဝင်း - ဖုန်းထဲက ဖောက်သည်တွေ
မိုးမခ ၊ မေ ၇ ၊ ၂၀၂၅
ညဉ့်နက်အောင် ဖုန်းသုံးလေ့မရှိတော့ ရခိုင်နိုင်ငံရေးသမား၊ စာရေးဆရာ၊ ကဗျာဆရာ ဦးဦးလှစော ဆုံးပြီဆိုတာကို မေ ၆ ရက် အင်္ဂါမနက်သတင်းဖတ်တော့မှ သိရတယ်။ ခေတ်ဆိုးခေတ်ကြပ်ကြီးက တာရှည်လာပြီး လူတော်တွေ တဖြုတ်ဖြုတ်ကြွေကုန်တော့ ခေတ်ကောင်းရင် လူကောင်းတွေမှကျန်ပါ့ဦးမလားလို့ တွေးပူမိတယ်။ အတွေးဆိုတာ ဆက်တတ်လေတော့ သတင်းသမားဘဝက ဖုန်းနဲ့စကားပြောဖူးတဲ့ ဦးဦးလှစောလိုနိုင်ငံ ရေးသမားနဲ့ အလားတူလူတွေကို ပြန်အမှတ်ရပြန်တယ်။
အပိုင်းသုံးပိုင်းလောက် ခွဲပြောရမယ်ထင်တယ်။ သတင်းသမားဘဝ စကားပြောခဲ့တုန်းက ဖုန်းထဲမှာပဲ ပြောဖြစ်ပြီး၊ အပြင်မှာ မဆုံဖြစ်တဲ့သူတွေ၊ ဖုန်းထဲမှာပြောဖြစ်သလို အပြင်မှာလည်း ဆုံပြီး၊စကားပြောဖြစ်သူ၊ ဖုန်းထဲမှာရော အပြင်မှာပါ မပြောဖြစ်မဆုံဖြစ်တဲ့သူ ဆိုပြီး၊ သတင်းသမားရဲ့ဖောက်သည်တွေအကြောင်းပေါ့။ ၂၀၀၈၊ ၂၀၀၉ ခုနှစ်တွေတုန်းက ပြည်ပအခြေစိုက်သတင်းဌာနတွေရဲ့သတင်းသမားတွေမှာ သတင်းဖောက်သည် ရှားပါသေးတယ်။ လက်ချိုးရေလို့ရအောင် ရှားခဲ့တာဖြစ်ပြီး အမှတ်ရသလောက် မိတ္ထီလာက ဒေါ်မြင့်မြင့်အေး၊ ကြို့ပင်ကောက်က ဦးတင်မောင်ဦးတို့လောက်ပဲ ရှိခဲ့တယ်။
စီးပွားရေးနဲ့ပတ်သက်ရင် ဦးမော်သန်း၊ ခင်မောင်ညို (ဘောဂဗေဒ) လောက်ပဲ ပြည်ပအခြေစိုက် မီဒီယာကို စကားပြောတယ်။ ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲပြီးတဲ့နောက် အန်အယ်လ်ဒီအမတ်တွေ အများစု လွှတ်တော်ထဲ ရောက်၊ သူတို့နောက်မှာ ရှမ်းပါတီနဲ့ ရခိုင်ပါတီတို့က လအများစု၊ လွှတ်တော်တွေထဲ ရောက်ခဲ့ကြတယ်။ ဒီမှာတင် ပြည်ပအခြေစိုက်မီဒီယာတွေအတွက် သတင်းဖောက်သည်တွေ အမြောက်အမြား ထွက်ပေါ်ခဲ့တော့တယ်။ အာဏာရ အန်အယ်လ်ဒီပါတီကတော့ ဟိုးထိပ်ပိုင်းက (နောင် သမ္မတဖြစ်သွားတဲ့) ဦးဝင်းမြင့်က အစ၊ အခု CRPH ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့် အလယ်၊ လူငယ်တွေထဲက မကြည်ပြာ တို့အထိ မီဒီယာဖောက်သည်တွေဖြစ်လာကြတယ်။
တိုင်းရင်းသားပါတီအမတ်တွေထဲမှာတော့ ရခိုင်ပါတီအမတ်တွေက မီဒီယာမှာ ပိုပေါက်ခဲ့ကြတယ်။ သူတို့တွေ လွှတ်တော်ထဲ ထဆွေးနွေးရင် ဆွေးနွေးချက်တွေက ပေါက်ကွဲပြင်းထန်တယ်။ မီဒီယာ အကြိုက်ပေါ့၊ ဒီမှာတင် ရခိုင်ပါတီက ဒေါက်တာအေးမောင်၊ ဦးဦးလှစော၊ ဦးဖေသန်း၊ ဦးဘရှိန်၊ ဒေါ်ခင်စောဝေ၊ ဒေါ်အေးနုစိန်တို့ဟာ မီဒီယာဖောက်သည်တွေ ဖြစ်လာခဲ့ကြတယ်။
တိုင်းရင်းသားသံဝဲဝဲနဲ့ ဗမာလိုဖြေတဲ့ ရခိုင်အမတ်တွေရဲ့ ပြောစကားတွေဟာ မီဒီယာမှာ ပေါက်တယ်။ အထူးသဖြင့် ရေဒီယိုမှာ သူတို့ ပြောစကားတွေနဲ့ သတင်းတင်ဆက်ရင် နားထောင်လို့လည်း ကောင်း၊ ပြောသံတွေကလည်း ထိမိတော့ သတင်းသမားလည်း ကြိုက်၊ ပရိသတ်ကလည်း အားပေးတယ်။
ဟော- အခုနေ ပြန်ကြည့်တော့ သူတို့ထဲက တချို့တွေဟာ စစ်တပ်နဲ့ပေါင်းတဲ့သူက ပေါင်း၊ ကြားနေဆိုပြီးယောင်တောင်ပေါင်တောင် လုပ်နေသူကလုပ်နေဆိုပေမယ့် အခု ဆုံးသွားတဲ့ ဦးဦးလှစောကတော့ သေသည်အထိ စစ်အာဏာရှင်စနစ်ကို တိုက်သွားတယ်။
စောစောက ပြောခဲ့သလို ပြည်ပအခြေစိုက် ရေဒီယို သတင်းသမားဘဝက ဖုန်းထဲမှာပဲ ပြောဆိုဖူးတဲ့ထဲ ဦးဦးလှစော ပါတယ်။ သူတင် မဟုတ်ပါဘူး။ ရခိုင်အမတ်တွေထဲ ဦးဖေသန်း တယောက်ကိုပဲ ဖုန်းထဲမှာရော၊ အပြင်မှာပါ တွေ့ဆုံစကားပြောဖူးတယ်၊ ကျန်တဲ့သူတွေအားလုံး ဖုန်းထဲကဖောက်သည်တွေချည်းပါ။
ဦးဦးလှစောကို ခြွင်းချက်အနေနဲ့ပြောရရင် ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလထဲ လုပ်ခဲ့တဲ့ မိုးမိုး(အင်းလျား) ၇၅ နှစ်ပြည့်ပွဲမှာ သူ စကားတက်ပြောခဲ့တာ နားထောင်ကြည့်ရှုခဲ့ရဖူးတယ်။
ရန်ကုန်၊ သိမ်ဖြူလမ်းက သတင်းနှင့်စာနယ်ဇင်းခန်းမတခုမှာလုပ်ခဲ့တဲ့ အဲဒီပွဲမှာ ဦးဦးလှစောက မိုးမိုး (အင်းလျား) အမှတ်တရဝတ္ထုတိုဆုရခဲ့ဖူးတဲ့ မောင်ခိုင်ဝင်း(စစ်တွေ) ကိုယ်စားပြုပြီး စကားပြောခဲ့တာပါ။ သူက နိုင်ငံရေးသမားပီပီ မိုးမိုး(အင်းလျား)ရဲ့ဝတ္ထုတွေဟာ ခေတ်စနစ်ကို ရောင်ပြန်ဟပ်ရေးဖွဲ့ထားပုံတွေကို ဆစ်ပိုင်းပြပြီး ပြောတယ်။
ဥပမာ- မိုးမိုး(အင်းလျား)ရဲ့ နာမည်ကြီးဝတ္ထုတအုပ်ဖြစ်တဲ့ "ညီမလေးက အချစ်ကို ကိုးကွယ်သလား”ဝတ္ထုထဲက အဓိကဇာတ်ကောင်တွေဖြစ်တဲ့ နေမင်းနဲ့ စုစုလှိုင်တို့ဟာ စနစ်ဆိုးအောက်က တက္ကသိုလ်ကျောင်းသားတွေ ဘဝဖြတ်သန်းခဲ့ရပုံတွေကို ထင်ဟပ်ဖော်ပြခဲ့တဲ့အကြောင်း။
မိုးမိုး(အင်းလျား)ရဲ့ ပျောက်သောလမ်းမှာ စမ်းတဝါးဝတ္ထုဆိုရင် အဲဒီခေတ်က ဘွဲ့ရပညာတတ်တွေတောင် ဒီလောက်ရုန်းကန်ခဲ့ရတာ ကျန်တဲ့အခြေခံလူတန်းစားတွေဘဝ ဘယ်လိုနေမယ်ဆိုတာ တွေးမြင်မိတဲ့အကြောင်း၊ သူ ပြောတယ်။
ဒီတုန်းက ဦးဦးလှစောကြည့်ရတာ စာရေးဆရာတယောက် စာပေအကြောင်း ပြောနေတာထက် နိုင်ငံရေး သမားတယောက် နိုင်ငံရေးစင်မြင့်ထက်မှာ တရားဟောနေသလိုပါပဲ။ အဲဒါ ဦးဦးလှစောကို သတင်းသမား နောက်ဆုံးတွေ့မြင်ခဲ့ရတာပါ။
ဒီတုန်းကတော့ ဘယ်ထင်လိမ့်မတုံး။ ၂၀၂၁ မှာ စစ်တပ် အာဏာသိမ်းတော့ သတင်းသမားရော နိုင်ငံရေး သမားတွေပါ လေနှင်ရာလွင့်ကုန်ကြပြီး၊ ဘယ်သူတွေ ဘယ်ဆီဘယ်ဝယ်ဆိုတာတောင် မကြားမသိရတော့ဘူး။
သူ ရခိုင့်တပ်တော် အေအေမှာ နိုင်ငံရေးမှူး လုပ်နေတယ်၊ ကင်ဆာရောဂါ ခံစားနေရတယ်ဆိုတဲ့သတင်းတွေ လွန်ခဲ့တဲ့တနှစ်လောက်က ကြားသိရပေမယ့် သူ့အသံနဲ့ရုပ်သွင်ကိုတော့ မီဒီယာမှာ မမြင်မတွေ့ရဘဲ အခု ဆုံးပြီဆိုမှပဲ ဆုံးတဲ့သတင်းကြားရတာပါ။
ကာလရှည်အကျဉ်းကျခံရသူ နိုင်ငံရေးအကျဉ်းသားတွေဆုံးရင် ကင်ဆာနဲ့ ဆုံးကြတာများတော့ ထောင်တွေထဲက ဖြစ်သလိုစားသောက် နေထိုင်ခဲ့ရတာတွေကြောင့်ပဲလို့ ကောက်ချက်ချမိတယ်။
အေအေရဲ့ လတ်တလော အောင်မြင်မှုသတင်းကောင်းတွေကြောင့် ဦးဦးလှစောတယောက် အသေဖြောင့်သွားလိမ့်မယ် ထင်ပါတယ်။
သတင်းသမားတွေအတွက်တော့ ရခိုင်နိုင်ငံရေးနဲ့ပတ်သက်လို့ မေးမြန်းပြောဆိုလို့ ကောင်းတဲ့ သတင်းဖောက်သည်တယောက် ထာဝရပျောက်ဆုံးသွားခြင်းပါပဲ။
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar