ထိုင်းနယ်စပ်က ဒုက္ခသည်စခန်းတွေ ရိက္ခာအကူအညီ ထပ်မံလျှော့ချခံရ
မြန်မာနွေဦးခရိုနီကယ် - မေ ၇ မြင်ကွင်း
မိုးမခ၊ မေ ၈ ၊ ၂၀၂၅
ထိုင်းနယ်စပ်က ဒုက္ခသည်စခန်းတွေ ရိက္ခာအကူအညီ ထပ်မံလျှော့ချခံရ
ထိုင်း-မြန်မာနယ်စပ်တလျှောက်မှာရှိတဲ့ ဒုက္ခသည်စခန်းတွေကို နိုင်ငံတကာက ပေးနေတဲ့အထောက်အပံ့တွေ ထပ်မံလျှော့ချခံရပြန်တဲ့ သတင်း ယခုရက်ပိုင်းမှာ ပေါ် ထွက်လာခဲ့ပြီး နောက်ဆုံးလျှော့ချခံရတဲ့ ပမာဏက အရွယ်ရောက်ပြီးသူ လူကြီးတဦးလျင် တလ ၂.၄ ဒေါ်လာဝန်းကျင်(ထိုင်းငွေ ၈၇ ဘတ်) နဲ့ အသက် ၅ နှစ်အောက် အရွယ်ကလေးငယ်တွေ အဖို့ တလ ၁.၅ ဒေါ်လာဝန်ကျင် (ထိုင်းငွေ ၅၃ ဘတ်) သာရရှိတော့မယ့် အနေအထားလည်း ဖြစ်ပါတယ်။
ထိုင်း-မြန်မာနယ်စပ် ဒေသဖြစ်တဲ့ ကရင်နီပြည်(ကယား) နဲ့ ထိစပ်နေတဲ့ ထိုင်းနိုင်ငံဘက်နဲ့ ကရင်ပြည်နယ်နဲ့ ထိစပ်နေတဲ့ ထိုင်းနိုင်ငံဘက်တွေမှာ ဒုက္ခသည်စခန်းတွေ တည်ရှိနေတာဖြစ်ပြီး ယခုလက်ရှိမှာ စခန်းအားလုံးမှာ ဒုက္ခသည်ဦးရေ ၁ သိန်းကျော်ရှိနေသေးတယ်လို့ သတင်းဖေါ်ပြချက်တွေအရ သိရပါတယ်။ ၁၉၉၀ ခုနှစ်တွေအတွင်း နဝတ လို့ အတိုကောက်ခေါ်ဆိုတဲ့ အာဏာသိမ်းစစ်အစိုးရ လက်ထက် ကရင်ပြည်နယ်၊ ကရင်နီပြည်( ကယား) တို့မှာ စစ်တပ်ရဲ့ထိုးစစ်ဆင်မှုတွေ၊ ကျေးရွာတွေမီးရှို့ဖျက်ဆီးပြီး ၄င်းကျေးရွာတွေမှာ ပြန်လည် မနေထိုင်နိုင်အောင် လုပ်ဆောင်မှုတွေကြောင့် အဆိုပါကျေးရွာတွေက ဒေသခံသိန်းနဲ့ချီ ထိုင်းနိုင်ငံထဲကို ထွက်ပြေးတိမ်းရှောင်ခဲ့ကြပြီး ထိုင်းနိုင်ငံက နယ်စပ်တလျှောက် ဒုက္ခသည်စခန်းတွေ ဆောက်လုပ်ခွင့်ပေးပြီး နိုင်ငံတကာအကူအညီပေးရေးအဖွဲ့တွေက ရိက္ခာ၊ ကျန်းမာရေးစောင့်ရှောက်မှုအတွက် ဆေးခန်းတွေ ထားရှိပြီး အကူအညီပေးခဲ့ကြတာ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံအနေနဲ့ လူသားချင်းစာနာမှုအရ ဒုက္ခသည်စခန်းတွေ ဖွင့်လှစ်ခွင့်ပေးခဲ့ပေမယ့် ဒုက္ခသည်စခန်းမှာနေထိုင်သူတွေအနေနဲ့ ထိုင်းနိုင်ငံထဲမှာ အလုပ်လုပ် ကိုင်ခွင့် မပြုကြပါဘူး။ ဒုက္ခသည်စခန်းတွေ စတင်ဖွင့်လှစ်ခဲ့စဥ်က လက်နက်ကိုင်တိုက်ပွဲတွေ ရပ်စဲသွားခဲ့ရင် ဒုက္ခသည်တွေအနေနဲ့ ၄င်းတို့ နေထိုင်ရာ ကျေးရွာတွေဆီပြန်နိုင်ကြမယ်ဆိုတဲ့မှန်းဆချက်၊ အရေ အတွက်တချို့ကို တတိယနိုင်ငံလို့ရည်ညွှန်းခေါ်ဆိုတဲ့ သြစတေလျ၊ အမေရိကတို့လို နိုင်ငံတွေဆီ ထွက်ခွာအခြေချဖို့အစီအစဥ်ကိုလည်း ထိုင်းနိုင်ငံနဲ့အကူအညီပေးတဲ့နိုင်ငံတွေအကြား နားလည် သဘောတူခဲ့ကြတာဖြစ်ပါတယ်။ အနည်းငယ်မျှသောဒုက္ခသည်တွေက ဂျပန်နဲ့ အနောက်ဥရောပ နိုင်ငံတွေက လက်ခံခဲ့ကြတာ ဖြစ်ပြီး ၂၀၁၁ ခုနှစ် ဦးသိန်းစိန်ဦးဆောင်တဲ့အစိုးရတက်လာချိန်မှာတော့ ဒုက္ခသည်တွေကို တတိယနိုင်ငံရွှေ့ ပြောင်းအခြေချတဲ့ အစီအစဥ်တွေ ခေတ္တအားဖြင့်ရပ်ဆိုင်းခဲ့တာ ၂၀၂၁ စစ်အာဏာသိမ်းမှုဖြစ်ပွားပြီး ကာလတွေ အထိဖြစ်ပါတယ်။ သိန်းဂဏန်းနဲ့ချီတဲ့ ဒုက္ခသည်စခန်းတွေ ဆယ်စုနှစ် ၂ ခုကျော်ကြာလာတဲ့ အထိတည်ရှိနေခြင်းဟာ ဆယ်စုနှစ် ၇ ခုကျော်ကြာ မြန်မာနိုင်ငံရဲ့ ပြည်တွင်းစစ်ရဲ့ အဖြေရှာရခက်ခဲတဲ့ အခြေအနေကို ထင်ဟပ်ပြသနေသလို သိန်းနဲ့ချီတဲ့ ဒေသခံတွေအဖို့ မိမိတို့နေရပ်ကို မပြန်နိုင်ဘဲ မျိုးဆက်တခုပြီး နောက်တခု မွေးဖွားလာသည့်တိုင် ဒုက္ခသည်စခန်းတွေမှာ နေထိုင်ကြရတဲ့အဖြစ်ကလည်း မျိုးဆက်တခုမက လူ သားဂုဏ်သိက္ခာ နဲ့ အနာဂတ်မဲ့တဲ့အခြေအနေမျိုး အောက်မှာ နေထိုင်ကြရတဲ့အဖြစ်က ရင်နာစရာကောင်းလှပါတယ်။
၁၉၉၀ ခုနှစ်တွေတုန်းက ဒုက္ခသည်စခန်းတွေ စတင်ဆောက်လုပ် ထားရှိခဲ့ကြစဥ်က ဒုက္ခသည်ပြဿနာကို အခုလောက်ထိ ဆယ်စုနှစ် ၂ ခုမက ကြာရှည်လိမ့်မယ်လို့ ထင်မှတ်ခဲ့ကြမှာ မဟုတ်ပါဘူး။ နိုင်ငံတကာ အဖွဲ့အစည်းတွေကလည်း အခုလို ဆယ်စုနှစ် ၂ ခုကျော်ကြာတဲ့အထိ ထောက်ပံ့ကူညီရလိမ့်မယ်လို့ မျှော်လင့်ထားကြမှာမဟုတ်ပါဘူး။ ၁၉၈၈ မှာ စစ်အာဏာသိမ်းခဲ့တဲ့ နဝတ အစိုးရ၊ ၂၀၁၀ မှာ ရွေးကောက်ပွဲလုပ်ပြီး အာဏာရလာတဲ့ ဦးသိန်းစိန်အစိုးရ ၂၀၁၅ မှာ ရွေးကောက်ပွဲနိုင်ပြီး အာဏာရလာတဲ့ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အစိုးရနဲ့ ၂၀၂၁ မှာ အာဏာသိမ်းခဲ့တဲ့မင်းအောင်လှိုင်ရဲ့ စစ်ကောင်စီ စတဲ့ အစိုးရ ၄ ဆက် ရောက် လာသည့်တိုင် ဖြေရှင်းနိုင်ခြင်း မရှိတဲ့အပြင် ၂၀၂၁ ခုနှစ် နောက်ပိုင်း ပိုမိုကျယ်ပြန့်လာတဲ့ ပြည်တွင်းစစ်ကြောင့် စစ်ဘေးတိမ်းရှောင် ရသူ ၄ သန်းကျော်ထိ ရောက်လာခဲ့ချိန် ထိုင်း-မြန်မာနယ်စပ်က ဒုက္ခသည် ၁ သိန်းကျော် အရေးက စိတ်ဝင်စားစရာ မကောင်းတော့သလို အာရုံစိုက်ခံရမှုလည်း လျော့ကျလာတာတွေ့ရပါတယ်။
နိုင်ငံတကာအစိုးရတွေ၊ ကုလသမဂ္ဂနဲ့အကူအညီပေးရေးအေဂျင်စီတွေ အနေနဲ့ ကမ္ဘာကြီးမှာ လက်ယာဝါဒ ၊ ကိုယ်ကျိုးစီးပွားကာကွယ်မယ့် အစိုးရတွေနဲ့ စစ်ပွဲတွေကို အားပေးအားမြှောက်ပြုတဲ့ အစိုးရတွေ အာဏာရလာတဲ့ ကာလမှာ ထိုင်း-မြန်မာနယ်စပ်က ဒုက္ခသည်တွေကို ရိက္ခာ၊ ကျန်းမာရေးစောင့်ရှောက်မှုတွေ အကူ အညီပေးဖို့ စိတ်ဝင်စားမှု လျော့ကျလာကြတဲ့သဘောလည်းဖြစ်ပါတယ်။ မကြာသေးခင်က အမေရိကန် သမ္မတထရန့်က USAID အကူအညီတွေ ဖြတ်တောက်လိုက်ချိန်မှာ ထိုင်းနယ်စပ်ဒုက္ခသည်တွေအတွက် ဖွင့်လှစ်ထားတဲ့ဆေးခန်းတွေ ပိတ်လိုက်ရလို့ နာတာရှည်ရောဂါသည်အချို့ ကွယ်လွန်ခဲ့ရတဲ့ သတင်းတွေလည်း ဖတ်မိကြပြီး ဖြစ်ပါလိမ့်မယ်။
စစ်စရိတ်တွေ ဘီလျံရာဂဏန်းကနေ ထရီလျံနဲ့ချီသုံးစွဲနေကြချိန် စစ်ပွဲတွေကြောင့် ဒုက္ခရောက်နေကြတဲ့ သန်းနဲ့ချီတဲ့ကမ္ဘာတဝှမ်းက ဒုက္ခသည်တွေကိုကူညီဖို့ နိုင်ငံတကာ အစိုးရတွေက စိတ်မဝင်စားကြတော့တဲ့ အဖြစ်က ဒီနေ့ကမ္ဘာရဲ့ ရင်ဆိုင်နေရတဲ့ အခြေအနေမှန်ဖြစ်ပါတယ်။
မြန်မာ့အရေးမှာကူညီပေးခဲ့ကြတဲ့ အနောက်နိုင်ငံတွေ အမေရိကန်ပြည်ထောင်စု စတဲ့နိုင်ငံတွေက အစိုးရတွေ အနေနဲ့ စစ်အေး တပိုင်း စစ်ပူတပိုင်းဖြစ်နေတဲ့ လက်ရှိကမ္ဘာကြီးမှာ မိမိတို့နိုင်ငံ ကာကွယ်ရေး အသုံးစရိတ်မြှင့်ဖို့ ကုန်သွယ်ရေးစစ်ပွဲတွေမှာအနိုင်ရဖို့ ခံနိုင်ရည်ရှိဖို့ စတဲ့အကြောင်းအရာတွေနဲ့လက်မလည်အောင် ဖြစ်နေကြတဲအနေအထားလည်း ဖြစ်ပါတယ်။
ဒုက္ခသည်စခန်းတွေ နိုင်ငံတကာ အထောက်အပံ့လျှော့ချခံရတာ ထိုင်း-မြန်မာနယ်စပ်တခုထည်းမဟုတ်ပဲ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ခိုလှုံနေကြတဲ့ ၁ သန်းဝန်းကျင်ရှိတဲ့ရိုဟင်ဂျာဒုက္ခသည်တွေလည်း ပါဝင်ပါတယ်။ ၇နှစ်ကျော် ၈ နှစ်ထဲဝင်ရောက်လာတဲ့ရိုဟင်ဂျာဒုက္ခသည်တွေရဲ့ ပြဿနာကိုလည်း ဖြေရှင်းနိုင်ဖို့ လမ်းစ ကောင်းကောင်း မမြင်ရသေးသလို ဆယ်စုနှစ် ၂ ခုကျော်ကြာ ထိုင်း-မြန်မာ နယ်စပ်က ဒုက္ခသည်တွေ အရေးလည်း အဖြေရှာနိုင်ဖို့ မလွယ်သေးတဲ့ အနေအထားဖြစ်ပါတယ်။
နိုင်ငံတကာအကူအညီတွေကို အဓိကအားကိုးနေရတဲ့အခြေအနေမျိုးကနေလွတ်မြောက်အောင် ဘယ်လို အဖြေရှာကြမလဲ ဆိုတာ သက်ဆိုင်ရာ နိုင်ငံရေး စစ်ရေးအဖွဲ့အစည်းတွေနဲ့ လူမှုအသိုင်းအဝိုင်းခေါင်းဆောင်တွေ ဆွေးနွေးအဖြေရှာဖို့ အမြန်ဆုံးလိုအပ်နေပြီဖြစ်ပါတော့တယ်။
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar