Breaking News

အပစ်ရပ် သက်တမ်း ၁ လ ထပ်တိုးပြီး ရုရှားနိုင်ငံ ထပ်သွားဦးမယ့် စစ်ခေါင်းဆောင်

မြန်မာနွေဦးခရိုနီကယ် - မေ ၆ မြင်ကွင်း

မိုးမခ၊ မေ ၇ ၊ ၂၀၂၅

အပစ်ရပ် သက်တမ်း ၁ လ ထပ်တိုးပြီး ရုရှားနိုင်ငံ ထပ်သွားဦးမယ့် စစ်ခေါင်းဆောင်

စစ်ကိုင်း၊ မန္တလေးနဲ့ ပျဥ်းမနားဒေသတွေမှာ အင်အားပြင်းထန်တဲ့ ငလျင်လှုပ်ခတ်ပြီး လူ ၄၀၀၀ ဝန်းကျင်သေဆုံးကာ ကြီးမားတဲ့ ထိခိုက်ပျက်စီးမှုတွေကြောင့် ကယ်ဆယ် ကူညီရေးနဲ့ ပြန်လည်ထူထောင်ရေး လုပ်ဆောင်ဖို့ စစ်ကောင်စီက တဖက်သတ် အပစ်ရပ်စဲမယ်ဆိုတဲ့ ကြေညာချက်ကို နောက်ထပ် သက်တမ်း ၁ လနီးပါးတိုးလိုက်ကြောင်း မေလ ၅ ရက်နေ့ကမှာ ကြေညာခဲ့ပါတယ်။

စစ်ကောင်စီကဲ့သို့ပဲ အခြားလက်နက်ကိုင် အဖွဲ့တွေ ဖြစ်တဲ့ မြောက်ပိုင်း မဟာမိတ် ၃ ဖွဲ့၊ NUG အစိုးရ၊ KIA အစရှိတဲ့ အဖွဲ့တွေကလည်း  ဧပြီလဆန်းကတည်းက အသီးသီးကြေညာခဲ့ကြပါတယ်။ သို့ပေမယ့် အပစ်ရပ် ကြေညာချက်တွေဟာ ရင်ဆိုင်တိုက်ခိုက်နေတဲ့ လက်နက်ကိုင် အဖွဲ့တွေအကြား လုပ်ထုံးလုပ်နည်းတွေ၊ လိုက်နာရမယ့် စည်းမျဥ်းစည်းကမ်းတွေကို နှစ်ဖက် ညှိနှိုင်းသဘောတူတဲ့ အပစ်ရပ်ကြေညာချက်မျိုး မဟုတ်တာကြောင့် လက်တွေ့မှာတော့ တိုက်ပွဲတွေ ဖြစ်မြဲဖြစ်ပွားနေသလို စစ်ကောင်စီကလည်း လေကြောင်းတိုက်ခိုက်မှုတွေ ဆက်လက်လုပ်ဆောင်နေဆဲဖြစ်ပါတယ်။

တဖက်သတ် အပစ်ရပ်စဲရေးတွေမှာ တိကျတဲ့ စည်းကမ်းချက် မပါရှိဘဲ မိမိကိုယ်ကာကွယ်သောအားဖြင့် ခုခံပစ်ခတ်ခွင့် ရှိမှာ ဖြစ်ပြီး ထိုးစစ်တွေဆင်မှာမဟုတ်ဘူးဆိုတဲ့ ယေဘုယျ ဖေါ်ပြချက်တွေသာ ပါရှိတာဖြစ်ပါတယ်။ တိုက်ခိုက်နေတဲ့ တပ်ဖွဲ့ ၂ ဖွဲ့အကြား အပစ်အခတ်ရပ်စဲမှုဆွေးနွေး သဘောတူညီမှုမျိုးမှာ နှစ်ဖက်တပ် အနေအထား၊ နေရာရွှေ့ပြောင်းခြင်း၊ လူသစ်စုဆောင်းခြင်း၊ အစရှိတဲ့ အချက်အလက်တွေအထိ ဆွေးနွေးညှိနှိုင်းပြီး ကျေလည်တဲ့အဆင့်မှာ သဘောတူညီလက်မှတ်ထိုးကြတာ ဖြစ်ပေမယ့် ယခု အနေအထားကတော့ အထက်က လုပ်ဆောင်မှုမျိုး မပါရှိတဲ့ တဖက်သတ် အပစ်ရပ်ခြင်း သို့မဟုတ် ထိုးစစ်ရပ်စဲခြင်းလို့ ခေါ်ဆိုရမှာ ဖြစ်ပါတယ်။ စောင့်ကြည့်မယ့် သက်သေအဖွဲ့အစည်းတွေလည်း မပါရှိသလို တဖက်ဖက်က ဖောက်ဖျက်ရင်လည်း ဆက်သွယ်ပြောဆိုမယ့် လုပ်ထုံးလုပ်နည်းတွေလည်း မပါရှိတာကြောင့် အခုလို တဖက်သတ်အပစ်ရပ်စဲကြောင်း ကြေညာချက်တွေဟာ နိုင်ငံရေးကစားကွက်တွေ လို့သာ ဆိုရမှာ ဖြစ်ပါတယ်။ ကုလသမဂ္ဂနဲ့ အာဆီယံအဖွဲ့တို့လို အဖွဲ့အစည်းတွေက ငလျင်ဘေးကို အကြောင်းပြုပြီး မြန်မာနိုင်ငံက လက်နက်ကိုင် တိုက်ပွဲတွေ ရပ်ဆိုင်းသွားမလားဆိုတဲ့ အားနည်းတဲ့ မျှော်လင့်ချက်မျိုး ထားရှိနေကြတာ ဖြစ်ပြီး အဆိုပါ မျှော်လင့်ချက် တိုက်တွန်းချက်တွေကို စစ်ကောင်စီ နဲ့ အခြားသောလက်နက်ကိုင် အဖွဲ့အစည်းတွေက လက်တွေ့မြေပြင်မှာ မဖေါ်ဆောင်နိုင်တဲ့ အပစ်ရပ် ထုတ်ပြန်ချက်တွေနဲ့ တုံ့ပြန်ကြတဲ့ သဘောလို့သာ ကောက်ချက်ချရမှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ လက်နက်ကိုင် ပဋိပက္ခ အခြေအနေဟာ အပစ်ရပ်စဲဖို့ ငြိမ်းချမ်းရေးဆွေးနွေးဖို့ အခြေအနေမပေးသေးတဲ့ အနေအထားလို့ ဆိုရင် မှားမယ်မထင်ပါဘူး။ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အချို့အနေနဲ့ နယ်မြေသိမ်းယူနိုင်မှုအရ ကြီးမားတဲ့ အောင်မြင်မှုတွေ ရထားတဲ့အနေအထားမျိုးဖြစ်ပြီး အာဏာသိမ်း စစ်ကောင်စီတပ် အနေနဲ့လည်း ဆုံးရှုံးထားတဲ့ နယ်မြေတွေကို ပြန်လည်တိုက်ခိုက်သိမ်းယူတဲ့ နည်းနဲ့တမျိုး အိမ်နီးချင်း အင်အားကြီးနိုင်ငံ ဖြစ်တဲ့ တရုတ်နိုင်ငံရဲ့ ဖိအားပေးမှုနဲ့ တဖုံပြန်ရယူနိုင်မယ်လို့ မျှော်လင့်နေတဲ့ အနေအထားကြောင့်လည်း အမှန်တကယ် လိုက်နာတဲ့ အပစ်အခတ်ရပ်စဲရေးက ပေါ်ပေါက်လာဖို့မလွယ်ကူတဲ့ အခြေအနေဖြစ်ပါတယ်။

လွန်ခဲ့တဲ့ ၁ လတာအတွင်း စစ်ကောင်စီ အနေနဲ့ ထပ်ပြီး လက်လွှတ်ဆုံးရှုံးရတဲ့ နယ်မြေ၊ စခန်းတွေရှိသလို ပြန်လည်ရရှိခဲ့တဲ့ နယ်မြေမြို့ဆိုရင် လားရှိုးက သာဓက အနေအဖြင့် ညွှန်းဆိုနိုင်ပါတယ်။ ကရင်ပြည်နယ်မှာ အချို့ စစ်စခန်းတွေ ထပ်ပြီးလက်လွှတ်ဆုံးရှုံးရသလို ရှမ်းမြောက်မှာတော့ လားရှိုးလိုအချက်အချာကျတဲ့ ဗျူဟာအရ အရေးပါတဲ့မြို့ကို ပြန်လည်ရရှိခဲ့တာတွေ့ရမှာဖြစ်ပါတယ်။

အိမ်နီးချင်း တရုတ်နိုင်ငံ အနေနဲ့တော့ မြန်မာ့အရေးမှာ ၄င်းနဲ့ အကျိုးစီးပွားဆန့်ကျင်ဘက်ဖြစ်နေတဲ့ အမေရိကန်ပြည်ထောင်စုနဲ့ နီးနီးကပ်ကပ် ဆက်ဆံတဲ့ နိုင်ငံရေး၊ စစ်ရေးအင်အားစုတွေ နယ်မြေထိန်းချုပ်ခြင်း မပြုနိုင်ဖို့၊ အာဏာမရဖို့ ဦးတည်ချက်ထားပြီး မြန်မာနိုင်ငံရေးကို သံတမန်ရေး၊ စီးပွားရေး၊ နယ်စပ်ကုန်သွယ်ရေး တို့ကို ကိရိယာသဖွယ် အသုံးချကာ ပုံသွင်းမယ်လို့ ကောက်ချက်ချနိုင်ပါတယ်။ စစ်ကောင်စီအဖို့ တရုတ်ရဲ့ အပစ်ရပ်ရေးက စစ်ရေးအရ ကျဥ်းထဲကျပ်ထဲ ကျနေတဲ့ အနေအထားကနေ အတိုင်းအတာတခုထိ ထွက်ပေါက်ရစေခဲ့တာတွေ့ရပြီး နောက်ထပ် ဘယ်လောက်ဖိအားပေးနိုင်ဦးမလဲ ဘယ်အဖွဲ့တွေကို ဖိအားပေးမလဲဆိုတာ စောင့်ကြည့်ရမယ့် အနေအထားလည်း ဖြစ်ပါတယ်။

ဒီနေ့အဖို့ အခြားသော သတင်းတပုဒ်ကတော့ ရုရှားနိုင်ငံ သမ္မတ ပူတင်ရဲ့ ဖိတ်ကြားချက်အရ လာမယ့် ရက်အနည်းငယ်အတွင်း ရုရှားဖက်ဒရေးရှင်းနိုင်ငံ မော်စကိုမှာ ကျင်းပမယ့် ရင်ပြင်နီချီတက်ပွဲကို သွားရောက်မယ်လို့ သတင်းတွေမှာ ဖေါ်ပြထားကြပါတယ်။

ဒုတိယကမ္ဘာစစ်မှာ နာဇီဂျာမနီကို မဟာမိတ်တပ်တွေနဲ့အတူ ရုရှားတပ်နီတော်က အပြီးသတ်အနိုင်ရတဲ့ နေ့ရက်တွေကို ရုရှားနိုင်ငံက အောင်ပွဲအဖြစ် နှစ်စဥ်ကျင်းပလေ့ရှိပြီး ရုရှားနဲ့ဆက်ဆံရေး ပိုမိုခိုင်မာလာတဲ့အနေ အထားရှိတဲ့ စစ်ကောင်စီခေါင်းဆောင်က တက်ရောက်မှာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂ လဝန်းကျင်ကတည်း ရုရှားသမ္မတပူတင် ရဲ့ဖိတ်ကြားမှုအရ စစ်ခေါင်းဆောင် ရုရှားကိုသွားရောက်ခဲ့ပြီး တဆက်ထည်း ရုရှားနဲ့ရင်းနှီးတဲ့ ဆက်ဆံရေးရှိတဲ့ ယခင် ဆိုဗီယက်ပြည်ထောင်စုအဖွဲ့ဝင်ဟောင်း ဘယ်လာရုစ် နိုင်ငံကိုလည်း တရားဝင် သွား ရောက်ခဲ့ပါသေးတယ်။ အဲဒီနောက် ၂ လအကြာ အခုလို ရင်ပြင်နီချီတက်ပွဲကို အခြားသောနိုင်ငံခေါင်းဆောင်တွေ နဲ့အတူ တက်ရောက်ဖို့ ဖိတ်ကြားခံရတာ ဖြစ်ပါတယ်။

အာဏာသိမ်းစစ်တပ်အနေနဲ့ တရုတ်နိုင်ငံနဲ့ ရင်းနှီးတဲ့ဆက်ဆံရေး ပြန်လည်ဖြစ်ပေါ်လာချိန်မှာ စစ်လက်နက် ပစ္စည်း၊ စစ်ပညာသင်ပေးတာတွေနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းမှာ မြန်မာစစ်အစိုးရကို သံတမန်ရေးအရရပ် တည်ပေးနေတဲ့  ရုရှားကိုလည်း ပိုမိုရင်းနှီးတဲ့ဆက်ဆံရေးဖြစ်အောင် တိုးပြီးကြိုးစားနေတာကို တွေ့ကြရမှာဖြစ်ပါတယ်။

ငလျင်ဘေးကြောင့် လူသားချင်းစာနာမှုအကူအညီတွေ ဆက်သွယ်ပေးအပ်ကြရာက အာဏာသိမ်းစစ်ကောင်စီဟာ သံတမန်ရေးအရ ဖယ်ကျဥ်ခံထားမှုကို အတိုင်းအတာတခုထိ ပျက်ပြယ်စေခဲ့ပြီး အာဆီယံ အနေနဲ့အစည်းအဝေးတွေ တရားဝင်ပြန်လည်တက်ခွင့်မပြုသေးသည့်တိုင် တရားဝင်တွေ့ဆုံမှုတွေ လုပ်ဆောင်လာနေတဲ့အချက်က စစ်ကောင်စီကို အမြတ်ထွက်စေခဲ့တာ ဖြစ်ပါတယ်။

ကမ္ဘာကြီးမှာ အမေရိကန်မှာ သမ္မတသစ်ဒေါ်နယ်ထရန့်တာဝန်ယူပြီးနောက် ကမ္ဘာ့အရေးတွေမှာ တက်ကြွစွာပါဝင်တာထက် နိုင်ငံတကာအကူအညီတွေဖြတ်တောက်ကာ နိုင်ငံအများအပြားအပေါ် ကုန်သွယ်ခွန် တိုးမြှင့င့်ကောက်ခံတာတွေ၊ နယ်မြေချဲ့ထွင်ဖို့ သယံဇာတထုတ်ယူဖို့တွေကိုအဓိကထားပြီး  အထီးကျန်နိုင်ငံခြား ရေးမူဝါဒသဖွယ်ဖြစ်လာချိန်မှာ ကမ္ဘာ့သံတမန်ရေးမှာ ရုရှားနဲ့တရုတ်နိုင်ငံတွေက ပိုမိုသြဇာထူထောင်လာနိုင် ခြေရှိပြီး စစ်ကောင်စီအဖို့ အသက်ရှူပေါက်ရစေတဲ့အနေအထားမျိုး ဖြစ်လာနေတာလည်း သတိပြုစရာ ဖြစ်ပါတယ်။

-
Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar