Breaking News

စစ်ကောင်စီ၏ ရှုံးနိမ့်တဲ့ စစ်မျက်နှာနဲ့ နယ်မြေအချို့ ပြန်သိမ်းနိုင်လာတဲ့ စစ်မျက်နှာများ

မြန်မာနွေဦးခရိုနီကယ် - မေ ၂၇ မြင်ကွင်း

(မိုးမခ) မေ ၂၈ ၊ ၂၀၂၅

စစ်ကောင်စီ၏ ရှုံးနိမ့်တဲ့ စစ်မျက်နှာနဲ့ နယ်မြေအချို့ ပြန်သိမ်းနိုင်လာတဲ့ စစ်မျက်နှာများ

၂၀၂၄ ခုနှစ်ထဲမှာ တပ်စခန်းတွေနဲ့ မြို့တွေ နယ်မြေတွေ တခုပြီးတခု လက်လွှတ်ဆုံးရှုံးခဲ့ရတဲ့ စစ်ကောင်စီအဖို့ ၂၀၂၅ ခုနှစ်လယ် မတိုင်ခင် အနေအထားမှာ အချို့ စစ်မျက်နှာတွေမှာ တန့်နေတဲ့အနေအထား ရှိသလို အချို့သော စစ်မျက်နှာတွေမှာတော့ လက်လွှတ်ခဲ့ရတဲ့ နယ်မြေဒေသအချို့ကို ပြန်လည်တိုက်ယူဖို့ စစ်ဆင်ရေး၊ ထိုးစစ်ဆင်တာတွေ လုပ်ဆောင်လာနေတာတွေ့ရမှာ ဖြစ်ပါတယ်။

ဥပမာအနေနဲ့ ပြရရင် လက်လွှတ်ဆုံးရှုံးထားရတဲ့ ဖားကန့်ဒေသကို စစ်ကြောင်းပြန်ထိုးလာတာ မကြာသေးခင် သီတင်းပတ်တွေမှာ ဖြစ်ပွားခဲ့သလို ချင်းပြည်နယ်မှာလည်း သိုင်းငင်း လမ်းခွဲစခန်း၊ သိုင်းငင်းကနေ တီးတိန်မြို့သွားတဲ့လမ်းက ကနေဒီတောင် စတဲ့ စခန်းတွေကို ပြန်လည် သိမ်းယူဖို့ ရည်ရွယ်တယ်လို့ မှန်းဆရတဲ့ အင်အား ၈၀၀ ဝန်းကျင် စစ်ကြောင်းတခု ကလေးမြို့ကနေ ချင်းတောင်တန်းတွေဆီ တက်ဖို့ ကြိုးစားနေတာတွေ့ရမှာ ဖြစ်ပါတယ်။

နောက်စစ်မျက်နှာတခုကတော့ နောင်ချိုမြို့နယ် တောင်ခမ်းဒေသ ဖြစ်ပါတယ်။ ရှမ်းပြည်နယ် မြောက်ပိုင်းကနေ မြန်မာနိုင်ငံအလယ်ပိုင်းနဲ့ ရှမ်းတောင်ကို ဆက်သွယ်ရာ လမ်းကြောင်းသဖွယ် ဖြစ်တဲ့ တောင်ခမ်းဒေသက စစ်ရေးမဟာဗျူဟာ အရ အရေးပါတဲ့ဒေသ ဖြစ်နေပြီး စစ်ကောင်စီတပ်တွေလည်း လူအင်အား၊ လေကြောင်းပစ်ကူ၊ ဒရုန်းစတဲ့ နည်းအမျိုးမျိုးနဲ့ ခုခံတိုက်ခိုက်နေရာက ဆယ်လကျော် တနှစ်နီးပါးဝန်းကျင် ရောက်လာချိန်မှာ ကျေးရွာအချို့ကို ပြန်သိမ်းယူနိုင်တဲ့ အနေအထားရောက်လာတာ တွေ့ရပါတယ်။ ကရင်ပြည်နယ်မှာလည်း ထိုင်းနယ်စပ်နဲ့ ကပ်နေတဲ့ စစ်ကောင်စီတပ် စခန်းတချို့ ဆက်လက်ဆုံးရှုံးနေတဲ့တိုင် ကော့ကရိတ်နဲ့ မြဝတီခရိုင်ထဲက ဒေသအချို့ကို ပြန်လည်ထိုးစစ်ဆင်ဖို့ ကြိုးစားနေတာလည်း တွေ့ရမှာ ဖြစ်ပါတယ်။ ရှမ်းမြောက်က လားရှိုးမြို့ကတော့ တိုက်ခိုက်ယူစရာမလိုဘဲ တရုတ်နိုင်ငံရဲ့ အကူအညီနဲ့ MNDAA ထံမှ ပြန်လည်လွှဲပြောင်းရရှိခဲ့တာ ဖြစ်ပါတယ်။

ကချင်ပြည်နယ် စစ်မျက်နှာမှာတော့ စစ်ကောင်စီတပ်တွေ အနေနဲ့ နယ်မြေတချို့ ဆက်လက် ဆုံးရှုံးနေဆဲဖြစ်တာတွေ့ရမှာပါ။ ယမန်နှစ် နှစ်ကုန်ပိုင်းက စတင်တိုက်ခိုက်ခဲ့တဲ့ ဗန်းမော်မြို့သိမ်းယူဖို့ တိုက်ပွဲမှာလည်း စစ်ကောင်စီတပ်တွေ အနေနဲ့ ခက်ခက်ခဲခဲ ခုခံကာကွယ်နေရသလို စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ် အမှတ် ၂၁ လည်း ဆုံးရှုံးလု နီးနီးဖြစ်နေတာတွေ့ရမှာ ဖြစ်ပါတယ်။

စစ်ကိုင်းတိုင်း၊ မကွေးတိုင်း နဲ့ မန္တလေးတိုင်း ၃ တိုင်းပါဝင်တဲ့ အညာဒေသမှာတော့ စစ်ကောင်စီ အနေနဲ့ အနိုင်ရတာတွေလည်း ကြီးကြီးမားမား မတွေ့ရသလို နယ်မြေထပ်ပြီး လက်လွှတ်ဆုံးရှုံးတာလည်း သိပ်မတွေ့ရတဲ့ အနေအထားဖြစ်ပါတယ်။

စစ်ကိုင်းတိုင်းထဲက မြို့အများစုကို စစ်ကောင်စီက ဆက်လက်ထိန်းချုပ်ထားပြီး ရံဖန်ရံခါ စစ် ကြောင်းထိုးတာတွေ ရှိနေပေမယ့် ၂၀၂၂၊ ၂၀၂၃ ခုနှစ်တွေလောက် အညာဒေသကို စစ်ကြောင်းထိုးပြီး နယ်မြေပြန်သိမ်းဖို့ ကြိုးစားတာတွေ သိပ်မတွေ့ရပါဘူး။ မန္တလေးတိုင်းထဲက မတ္တရာမြို့နယ်မှာတော့ MDY-PDF က သိမ်းယူထားတဲ့ အချို့သောကျေးရွာတွေကို စစ်ကောင်စီတပ်က ပြန်လည်သိမ်းယူနိင်ခဲ့တာတွေလည်း ရှိခဲ့ပါတယ်။

မြန်မာနိုင်ငံ တနံတလျားကို ခြုံကြည့်မယ်ဆိုရင် AA နဲ့ ရင်ဆိုင်ရတဲ့ ရခိုင်စစ်မျက်နှာမှာ အရှုံးနဲ့ ရင်ဆိုင်ရသလို KIA နဲ့ ရင်ဆိုင်ရတဲ့ ကချင်ပြည်နယ်မှာလည်း အလားတူဖြစ်ပါတယ်။ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်းတို့မှာ KNLA က ထိခီးလို နယ်ခြားကုန်သွယ်စခန်း စခန်းငယ်တွေ ကောက်သင်းကောက် သိမ်းယူတာတွေ ရှိနေပေမယ့် မြို့တွေ သိမ်းယူနိုင်တဲ့ အခြေအနေတော့မတွေ့ရပါဘူး။ စစ်ကောင်စီနဲ့ PNLA အကြား လက်ရှိတိုက်ပွဲကြီးကြီးမားမား မရှိဘဲ နယ်မြေဆုံးရှုံးမှု မရှိသလို ယမန်နှစ်ဆန်းပိုင်းက ဆုံးရှုံးတဲ့ ဆီဆိုင်မြို့ ပြန်လည်သိမ်းယူနိုင်ခဲ့တာ တွေ့ရမှာ ဖြစ်ပါတယ်။ တဖန် ကရင်နီ (ကယား)ပြည်မှာတော့ စစ်ကောင်စီတပ်တွေ လွိုင်ကော်မြို့ ပြန်လည် ထိန်း ချုပ်ထားနိုင်တဲ့အနေအထားရောက်နေပြီး KNDF, KA တို့ အနေနဲ့ ထိုးစစ်အသစ်တွေ မြို့သိမ်း တိုက်ပွဲ အသစ်တွေ ထပ်မံဖော်ဆောင်တာ မတွေ့ရပါဘူး။

ချင်းပြည်နယ်မှာ မကြာသေးခင်က ဖလမ်းမြို့ကို လက်လွှတ်ဆုံးရှုံးရပြီးနောက် လက်ရှိ သိုင်းငင်း၊ တီးတိန်ဘက်ကို စစ်ကြောင်း စတင်ထိုးနေတာတွေ့ရမှာ ဖြစ်ပါတယ်။ မကွေး၊ ပခုက္ကူ၊ မြိုင်၊ ရေစကြို၊ ပေါက်တို့မှာ ထူးထူးခြားခြား ထပ်ပြီးလက်လွှတ်ဆုံးရှုံးတာ မရှိပေမယ့် ကျေးရွာတွေ နယ်တွေကို အဖွဲ့အမျိုးမျိုး နာမည်အမျိုးမျိုးနဲ့ ရှိကြတဲ့ PDF တွေက ထိန်းချုပ်ထားတဲ့ အနေအထားဖြစ်ပါတယ်။

ရှမ်းမြောက်ဒေသက သိရှိကြပြီးဖြစ်တဲ့ အတိုင်း MNDAA က အပစ်ရပ်သဘောတူညီချက်ကို ယခုနှစ်ဆန်းမှာ လက်မှတ်ထိုးပြီးနောက်ပိုင်း စစ်ကောင်စီနဲ့ တိုက်ခိုက်မှု မရှိတော့သလို TNLA နဲ့သာ ရင်ဆိုင်တိုက်ခိုက်နေတဲ့ အနေအထားဖြစ်ပြီး ၁၀၂၇ စစ်ဆင်ရေး အစပိုင်းကာလတွေလို အဖွဲ့ပေါင်းစုံ အုံနဲ့ကျင်းနဲ့ စုပြီးစစ်ဆင်နိုင်တဲ့ အခြေအနေမျိုး မတွေ့ရတော့ဘဲ တဖွဲ့ချင်း တစုချင်းက ရင်ဆိုင်တိုက်ခိုက်နေကြတဲ့ အနေအထားမျိုး ဖြစ်ပါတယ်။

၁၀၂၇ ပထမလှိုင်းနဲ့ ဒုတိယလှိုင်း အခြေအနေ နောက်ခံဖြစ်တဲ့ လက်နက်ကိုင်အဖွဲ့ အများအပြားက စစ်ရေးမဟာဗျူဟာ တခုတည်းအောက်မှာတိုက်ခိုက်ခဲ့ကြတဲ့အနေအထားက တရုတ်နိုင်ငံရဲ့ ဖိအားတခုထည်းကြောင့် ပျက်ပြယ်သွားတာတော့ မဟုတ်ဘူးလို့ ဆိုနိုင်ပါတယ်။ တရုတ်နိုင်ငံရဲ့ ဖိအားက အဓိကကျတဲ့ အကြောင်းတွေထဲက တခုဖြစ်ပြီး နယ်မြေတွေ သိမ်းယူလာနိုင်ချိန်မှာ ဦးဆောင်ကြတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေအကြား အကျိုးစီးပွားချင်း ဆန့်ကျင်မှုတွေ ပေါ်ထွက်လာခြင်းကလည်း အခြားသော အကြောင်းအချက် ဖြစ်နိုင်ပါတယ်။

စစ်အာဏာရှင်စနစ် ဖယ်ရှားရေး ရည်မှန်းချက်တူညီတဲ့ လက်နက်ကိုင်အင်အားစုတွေအနေနဲ့ ၁၀၂၇ စစ်ဆင်ရေးကနေ သင်ခန်းစာယူရမယ့် အချက်တွေ ဆန်းစစ်ကြည့်ကြဖို့လည်း လိုအပ်နေတာ ဖြစ်ပါတယ်။ အမျိုးသားညီညွတ်ရေး အစိုးရ ရဲ့ အခန်းကဏ္ဍ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေရဲ့  ရည်မှန်းချက်ပန်းတိုင်နဲ့ NUG ရဲ့ ရည်မှန်းချက်ပန်းတိုင် နှစ်ခုက ဘယ်လောက်ရာနှုန်း တူညီမှုတွေ ရှိနေသလဲ ဘယ်အရာတွေက ကွဲလွဲမှုတွေဖြစ်နေသလဲ စသဖြင့် ပြန်လည်ဆန်းစစ်သုံးသပ်ပြီး ရှေ့ ဆက်မယ့်တော်လှန်ရေးခရီးအတွက် မဟာဗျူဟာတွေ ပြန်လည် ချိန်ညှိကြဖို့ လိုအပ်လိမ့်မှာ ဖြစ်ပါတယ်။

-

Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar