လေးလေး - “ မေတ္တာသမားတော် ”
“ မေတ္တာသမားတော် ”
လေးလေး
(မိုးမခ) မေ ၇၊ ၂၀၂၅
မေတ္တာသမားတော်စာအုပ်မှာထူးခြားချက်နှစ်ခုရှိတာကစပြောပြချင်တယ်။ အဲ့ဒါကတော့ စာရေးဆရာကြည်နိုင် စကားဦးသန်းထားသလို ”ပရဟိတလူသားတဦးအကြောင်းကို ပရဟိတလူသားတဦးဖြစ်သူသန်းမြင့်အောင်” က စာပေနဲ့မှတ်တမ်းတင်ထားတာပဲ ဖြစ်တယ်။
နောက်ထူးခြားချက်တခုကတော့ မေတ္တာသမားတော်လို့ တင်စားခေါ်ဝေါ်ခြင်းခံရသူဆရာလေးတင်စံဦးကိုယ်တိုင် ကင်ဆာရောဂါနဲ့ သူမသေခင် ဖတ်သွားခဲ့ရတဲ့ စာမူလည်းဖြစ်နေပြန်တာပါ။ စာရေးသူသန်းမြင့်အောင်က “ဆရာလေးရဲ့အများအကျိုးဆောင်ရွက်မှုများကိုရေးရရင်ဖြင့် ကုန်နိုင်ဖွယ်ရာမရှိပါ။ ဒီဝတ္ထုထဲမှာပါတဲ့အကြောင်းအရာတွေဟာ ဖြစ်ရပ်မှန်များထဲမှ တစိတ်တဒေသဝတ္ထုလတ်တပုဒ်စာမျှသာ ဖြစ်ပါတယ်။” လို့ဆိုထားတယ်။
ဖတ်ကြည့်လိုက်တော့ စာပေလောက၊ နိုင်ငံရေးလောကမှာ ဆရာလေးလို့ ချစ်စနိုးခေါ်ကြတဲ့ ဆရာဝန်တင်စံဦးရဲ့ ဘဝတစိတ်တဒေသတွေပါ၊ ဆရာမသန်းမြင့်အောင် ဝတ္ထုအဖွင့်မှာရေးထားသလို ”ပရဟိတဆိုတဲ့စကားကို လူတိုင်းပါးစပ်ဖျားမှာ ရေပန်းမစားခင်ကတည်းက လူ့ပတ်ဝန်းကျင်မှာရှိနှင့်နေပြီးသားလူတယောက်” အကြောင်း ပါ။
“မေတ္တာသမားတော်”
ပညာတတ်ပေမယ့်
ထည်ထည်ဝါဝါနေလေ့မရှိ
တစိုးတစိဟိတ်ဟန်ကင်းကင်း
ရိုးသားပျုငှာခြင်းအတိနှင့် လူ
သူ..ဒေါက်တာတင်စံဦး
စေတနာဝေဖြာညွတ်နူး
ဘယ်လိုဝိညာဥ◌်တွေပူးကပ်
နော်မန်ဗတ်သွန်း….
ချေဂွေဗားရား…
နိုက်တင်ဂေးနှယ်ဂရုဏာထား
သူလိုသမားတော် ရှားပါဘိ။
ဒီကဗျာကိုကဗျာဆရာမ ”မအိ” ကအရင်ရေးတာ၊ သန်းမြင့်အောင်ကကြိုက်လွန်းလို့ ကဗျာခေါင်းစဉ်ကိုယူပြီး ဆရာလေးအကြောင်းရေးပါရစေဆိုတော့ ကြည်ကြည်ဖြူဖြူ ခွင့်ပြုပေးခဲ့၊ သန်းမြင့်အောင်ကလည်း အချိန် မဆိုင်းဘဲ စာတအုပ်ဖြစ်လာအောင် ရေးထုတ်ခဲ့။ ပရဟိတသမားများရဲ့ လှုပ်ရှားမှုများ၊ အံ့အားသင့်စရာ အများအကျိုး ရွက်သယ်ပိုးခဲ့သူများ၊ ပြောရရင် လက်တွဲညီခဲ့ကြတဲ့ ပရဟိတမောင်နှမတွေအကြောင်း ပြုံးစရာ၊ ဝမ်းနည်းစရာစတဲ့ ရသစုံကိုဖတ်ရင်းခံစားလာရ၊ ရင်မှာတလှပ်လှပ်ဖြစ်ခဲ့ရတဲ့ စာအုပ်ပါ။
ဆရာလေးတင်စံဦးရယ်၊ ဆရာလေးလိုသမျှဖြည့်ဆည်းပေးခဲ့တဲ့ ကိုအောင်ကြင်ဆိုသူရယ်၊ သန်းမြင့်အောင်တို့ရဲ့ အခမဲ့ ဆေးကုထွက်ခန်းတွေ၊ မောင်ရင်းနှမတွေလို နောက်ပြောင်ကျီစယ်ခဲ့ကြပုံတွေ၊ အနောက်သန်တဲ့ ကိုအောင် ကြင်နဲ့ ရိုးအတဲ့ စိုင်းထီးဆိုင်တို့ရဲ့ ကမောက်ကမအဖြစ်တွေ၊ ဆရာလေးကိုမိန်းမသွားတောင်းပေးတဲ့ အခန်းတွေ ဟာ မေတ္တာသမားတော်စာအုပ်ထဲမှာတောက်ပလွန်းတယ်။ ဆရာလေးတင်စံဦးလုပ်ခဲ့တာတွေထဲကတချို့ကို ဖတ်ကြည့်ပါဦး။
“စာပေနဲ့အနုပညာလောက၊ နိုင်ငံရေးလောကတင်မကရပ်ထဲရွာထဲက ဆင်းရဲနွမ်းပါးသူတွေပါမကျန် သူ့ကိုချစ်ခင် အားကိုးကြတယ်။ လူနာရှိရာကိုယ်တိုင်သွား ခြေကြွခ အခမဲ့၊ စမ်းသပ်ခအလကား၊ လိုအပ်တဲ့ဆေးကို အိတ်စိုက်၊ ဆေးဒဏ်ခံနိုင်ဖို့အာဟာရလိုရင် ဝယ်သွားတဲ့ ဆရာ ဝန်။ လူနာကသူ့ရှိတဲ့နေရာကိုလာတဲ့အခါ နွမ်းပါးသူဆိုရင် ဆေးလည်းကု၊ လိုအပ်တဲ့ဆေးဝယ်ပေး၊ လက်ဖက်ရည်ဆိုင်ထိုင်ပြီးအဝကျွေး၊ လမ်းစရိတ်ပါ ပေးလွှတ်တာ။”
ဆရာလေးအဲ့ဒီလိုလုပ်နိုင်အောင် လူရောငွေရောဒိုင်ခံပံ့ပိုးသူက ကိုအောင်ကြင် ပါ။”
ကိုအောင်ကြင်ဆိုတဲ့လူကဆရာလေးလိုတာဖြည့်ဆည်းပေးနိုင်ဖို့ လိုအပ်ရင် သူ့ညီမတွေဆီကအေးဓားပြတိုက် တတ်ပါတယ်။
“လူတွေငတ်နေတာအများကြီးဟ၊ နင်တို့က အဲ့ဒါတွေဝတ်စားပြီးကြောင်တောင်ကြည့်မနေကြနဲ့၊ တချို့ဆို ငတ်ရုံအပြင် မကျန်းမာလို့ ဆေးမကုနိုင်ဘဲသေသွားတဲ့သူတွေတောင်ရှိတယ်။ ချွတ်..ချွတ်.. နင်တို့ လက်ထဲကဟာတွေ”
သန်းမြင့်အောင် ရေးသလို ပရဟိတဆိုတာကို လူတွေပါးစပ်ဖျားရေပန်းမစားခင်ကတည်းကရှိခဲ့တဲ့ ပရဟိတ သမားတွေပါ။ ဆရာတော် အရှင်ဆန္ဒာဓိကက ပရဟိတဆိုတာ ကိုယ်ချင်းစာ တရားပဲလို့ မိန့်ဖူးတယ်။ ကိုယ်ချင်းစာစိတ်လူတိုင်းထားနိုင်ရင် ဒီကမ္ဘာတော်တော်အေးချမ်းမယ်။ ဆရာလေးတင်စံဦးတို့လို ကိုအောင်ကြင်တို့လို သန်းမြင့် အောင်တို့လိုလူတွေချည်းဆို မြန်မာပြည်လည်း အတော်ငြိမ်းချမ်းမယ်။ အပေးသမားတွေ။
သူတို့တွေးဆေးကုခန်းထွက်ပုံကိုသန်းမြင့်အောင် က”ဆရာလေးကလူနဲ့မကွာအမြဲပါနေကျ လွယ်အိတ်ကို ပုခုံးမှာလွယ်၊ ထီးကောက်ကြီးလက်မှာချိတ်လို့၊ ကိုအောင်ကြင် က ဆေးသေတ္တာကိုတဖက် ဆရာလေးကြို ဝယ်ခိုင်းထားတဲ့ ဆေးထုပ်ကြီးကိုတဖက်ဆွဲလို့၊ ကျမကပေါင်ချိန်စက်ကိုကိုင်ပြီးလိုက်ရပါတယ်။” လို့ ရေးဖွဲ့ ထားတယ်။ ဆရာလေးဆေးကုပေးခဲ့တဲ့ စာပေနဲ့နိုင်ငံရေးနယ်ပယ်က ထင်ရှားသူတချို့ကိုလည်း သန်း မြင့်အောင်က မမေ့မလျော့ မှတ်တမ်းတင်ခဲ့။
“ဆရာလေးကိုကျန်းမာရေးအတွက် ချစ်ခင်အားကိုးကြတဲ့သူတွေ ဆရာလေးဆေးကုပေးရတဲသူတွေထဲမှာ ကျမတို့ချစ်ခင်လေးစားတန်ဖိုးထားရတဲ့ စာရေးဆရာကြီးတွေ၊ နိုင်ငံရေးသမားကြီးတွေလည်း ပါပါတယ်။ ကျမမှတ်မိသလောက်ပြောရရင် ဆရာဒဂုန်တာရာ၊ လေထီးဦးအုန်းမောင်၊ ဆရာလူထုစိန်ဝင်း၊ ဝါးခယ်မ သခင်သိန်းမောင်၊ သခင်အုန်းမြင့်၊ တော်ဘုရားကလေး၊ ဆရာတိုက်စိုး၊ တက္ကသိုလ်မြစိမ်း၊ ဆရာထက်မြက်၊ ဆရာကြည်နိုင်၊ ဆရာမ မစိမ်းပင်၊ ပန်းချီတဂိုးမျိုး၊ ဆရာမောင်ခိုင်မာ၊ ဆရာယဥ◌်မင်းပိုက်၊ ဆရာဇော်နောင်၊ ဆရာမ မအိ၊ ဆရာမောင်တင်ဆင့်၊ ဆရာကြည်တင်ဦး+မရီဝေ၊ ကိုတောက်၊ ဆရာမောင်လင်းယုန်(ရှမ်းပြည်)၊ ဦးလှရွှေ၊ ဒေါ်ခင်မာအေး၊ ဦးလှတင်အောင်၊ မောင်သာမည၊ စန္ဒရားဦးသိန်းမောင်၊ ပန်းချီခင်မြင့်အောင်၊ ကိုညွန့်သစ်၊ သခွပ်နီ၊ ကိုနီဟိန်း၊ အုန်းမြင့်လှိုင်၊ မောင်စိမ်းခေါင်၊ ကိုစစ်တင်၊ ကိုကြူးနစ်၊ မဟေသီမဂ္ဂဇင်း အယ်ဒီတာတွေဖြစ်တဲ့ ဆရာခင်မောင်ညွန့်၊ ဆရာဝင်းသူရ၊ ဆရာမောင်သွေးသစ်ဇနီး မမတင်တင်ရီ၊……..” ။
အသံအိုးကင်ဆာဆဲလ်တွေပြန်တွေ့တဲ့ ၂၀၂၂ မတိုင်မီလေးမှာ ဆရာလေးတင်စံဦးဟာ ”ဆရာဝန်လေးတင်” ကလောင်နဲ့” ကိန်းဂဏန်းတလုံးနဲ့ ကမ္ဘာပျက်တော့မှာလားနှင့် သဘာဝပတ်ဝန်းကျင်ဆောင်းပါးများ ၊ ကင်ဆာမဖြစ်အောင် ဘယ်လိုနေထိုင်စားသောက်ကြမလဲနှင့် အိပ်မရညများကျန်းမာရေးစာစု။
”ဘာကြော င့်အမျိုးသားတွေအသက်တိုကြတာလဲနှင့် အစားအစာ၊ ဆေးဝါးဆိုင်ရာကျန်းမာရေးစာစု ... စတဲ့စာအုပ်တွ ေရေးသားထုတ်ဝေခဲ့ပါသေးတယ်။
ဆရာလေးတင်စံဦးဟာ သူ့နောက်ဆုံးအချိန်အထိ သူကျင်လည်ရာပရဟိတအသိုင်းအဝိုင်းမှာသူချစ်ခင်သူတွေနဲ့အတူ နေသွားခဲ့တယ်။ သူ့ဘာသာမနေရတော့ဘူးဆိုတာကိုလည်း ဆရာဝန်ပီပီ သိသွားခဲ့ပါတယ်။ ဒီအကြောင်းတွေကိုတော့ မေတ္တာသမားတော်စာအုပ်ရဲ့မေတ္တာသမားတော်သို့ အမှတ်တရအလွမ်းစကားများမှာဖတ်ရတယ်။ မေတ္တာသမားတော်၏ ဈာပနမှတ်တမ်းတင်ဓာတ်ပုံတွေ၊ အလွမ်းပုံရိပ် ဓာတ်ပုံတွေလည်း စာအုပ် ထဲ ရိုက်နှိပ်ဖော်ပြပေးထားတယ်။
တချို့သောအလွမ်းစကားတွေကောက်နုတ်ဖော်ပြရရင် ”စာပေလောကအသိုင်းအဝိုင်းတွင် ဆရာလေးဟု ဆိုလိုက်သည်နှင့် ရှပ်အကျ်အဖြူ၊ ပုဆိုး၊ လွယ်အိတ်၊ ထီးကောက်ကြီးနှင့် သူ့ရုပ်သွင်ကိုသာတန်းမြင်ကြ သည်။ အခြားအမည်တွေနှင့်သူ့ကိုမည်မျှဂုဏ်ပြုသည်ဖြစ်စေ သူကဂရုစိုက်ချင်မှလည်းစိုက်မည်။ သို့သော် ”ဆရာလေး ” ဆိုသည့် ဂုဏ်ပုဒ်မှာ သူ့ကိုယ်ပိုင်အမှတ်အသားဖြစ်နေသည်”
(တင်ညွန့်)။
ကျနော်အစွဲမိဆုံးကတော့ “ပရဟိတဆိုတဲ့စကားကို လူတိုင်းပါးစပ်ဖျားမှာရေပန်းမစားခင်ကတည်းက လူ့ပတ်ဝန်းကျင်မှာ ရှိနှင့်နေပြီးသားလူတယောက်” ဆိုတဲ့ ကျယ်ဝန်းနက်နဲတဲ့ စာရေးသူသန်းမြင့်အောင် ရဲ့စကားပါပဲ။
သန်းမြင့်အောင်ရဲ့”မေတ္တာသမားတော်” စာအုပ်ကို စိတ်ကူးချိုချိုစာအုပ်တိုက်က ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလမှာ ပထမအကြိမ်၊ အုပ်ရေး ၅၀၀ ထုတ်ဝေဖြန့်ချိခဲ့ပြီး၊ စာအုပ်တန်ဖိုးက ကျပ် ၈,၀၀၀ ပါ။
လေးလေး
-
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar