သန်းဌေးမောင် - ကျီးလန့်စာဘူဖေး
ကျီးလန့်စာဘူဖေး
သန်းဌေးမောင်
(မိုးမခ) မေ ၆၊ ၂၀၂၅
ကိန်းခန်းနဲ့ တာယာတွေ စိမ်းလန်းတဲ့ မြန်မာပြေ၊
လျှိုမြှောင်တောလမ်း ခရီးကြမ်းကြီး ဘယ်မှာဆုံးမလဲ၊
လမ်းဆုံးက မြယာပင်အောက်မှာပဲလား
ပင်ခြေမှာ မြယာရွက်တွေဖုံးမှ ငြိမ်းချမ်းမှာတဲ့လား၊
ဗုံးသံတွေ လေယာဥ်သံတွေ တစ်ဖြတ်ငြိမ်တော့မှ
မှိုချိုး မျှစ်ချိုး ညစာအတွက်တောထဲတိုး၊
ဖားဥစွဲ ဗရာနဲ့ ပျောက်ဆုံးသွားတဲ့မြစ်တစင်းကိုထုပ်ပိုး၊
နို့ချောင်းပိတ်နာရီတွေမှာ ဆာလောင်နေတဲ့ကလေးငိုသံ၊
မိခင်ရဲ့ ချော့မြူသံ
စမ်းရေစီးသံ၊
ပုစဥ်းရင်ကွဲနဲ့ ညပိုးမွှာတို့အသံ
ကြယ်လေးတွေက မှိတ်တုတ် မှိတ်တုတ်၊
ခွေးဟောင်သံက တဝုတ်ဝုတ်၊
အားကုန်တော့မဲ့ဘက်ထရီမီးက စနစ်တကျဆုတ်ခွာလို့၊
အိုးနင်းခွက်နင်းလရောင်စမ်းချောင်းထဲ လက်ဆေးပြီး
အဘွားချက်တဲ့ မျက်ရည်ပေါလော တာလပေါချောင်းစီး၊
ကိုယ့်ဖက်ထဲကိုယ် ဘူဖေးကြတဲ့ညစာ
မျှစ်စားသူများပန်းချီကား၊
မလုံခြုံသော်လည်း မပြိုကွဲသေးတဲ့ ဘဝတွေ၊
သူတို့သည် မျက်စေ့တစ်ဘက်ဖြင့် အစာကို၄င်း
ကျန်မျက်စေ့တစ်ဘက်ဖြင့် ရန်သူကို၄င်း။
မေ၊၅၊ ၂၀၂၅
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar