Breaking News

ပြည်တွင်းစစ်မီးတောက်ထဲက မြန်မာပြည်သူတွေ ရဲ့ ကမ္ဘာစစ်အပေါ် စိုးရိမ်မှု

မြန်မာနွေဦးခရိုနီကယ် - ဇွန် ၂၂ မြင်ကွင်း

(မိုးမခ) ဇွန် ၂၃၊ ၂၀၂၅

ပြည်တွင်းစစ်မီးတောက်ထဲက မြန်မာပြည်သူတွေ ရဲ့ ကမ္ဘာစစ်အပေါ်  စိုးရိမ်မှု

ယမန်နေ့က အမေရိကန် ပြည်ထောင်စုက ၄င်းရဲ့ မြေအောက်ဘန်ကာကို ဖျက်ဆီးနိုင်စွမ်း ရှိတယ်ဆိုတဲ့ ဗုံးလက်နက်တွေကို ကမ္ဘာမှာ ခေတ်အမီဆုံးဆိုတဲ့ B 2 ဗုံးကြဲလေယာဥ်နဲ့ သယ်ဆောင်ပြီး မိုင်ထောင်ချီအကွာအဝေးကနေ လာရောက်ပြီး အီရန်နိုင်ငံက အဏုမြူလက်နက်ထုတ်ဖို့ လုပ်နေတယ်လို့ အမေရိကန် သမ္မတဖြစ်သူ ထရန့်က စွပ်စွဲပြောဆိုတဲ့ မြေအောက်အဆောက်အဦတွေ၊ ပစ္စည်းတွေကို ဗုံးကြဲဖျက်ဆီးခဲ့ပါတယ်။

အစ္စရေးလ်က အီရန်ကို တိုက်ခိုက်ပြီး ၉ ရက်ကျော် ၁၀ ရက်ဝန်းကျင်မှာ အမေရိကန်ပြည်ထောင်စုက စစ်ပွဲထဲ ပါဝင်လာတာ ဖြစ်ပါတယ်။ အခုလို အရှေ့အလယ်ပိုင်းက အစ္စရေးလ်-အီရန်စစ်ပွဲမှာ အမေရိကန် ပါဝင်လိုက်ခြင်းဟာ ကမ္ဘာစစ်ဆီ ဦးတည်သွားမလားဆိုတဲ့ စိုးရိမ်မှုတွေ ထင်ထင်ရှားရှား ပေါ်ထွက်လာစေပြီ ဖြစ်ပါတယ်။

ပြည်တွင်းစစ်မီး တောက်လောင်နေတဲ့ မြန်မာနိုင်ငံက လူထုအဖို့ အီရန်ကို အမေရိကန် တိုက်ခိုက်ခြင်းဟာ မြန်မာနိုင်ငံအဖို့ ထူးပြီးဆိုးမလာဘူးလို့ မှတ်ယူသူ ရှိကောင်းလည်း ရှိမှာ ဖြစ်ပေမယ့် ဒီစစ်မီးက တနည်းမဟုတ်တနည်းနဲ့ မြန်မာနိုင်ငံကိုလည်း ရိုက်ခတ်လာနိုင်တယ်လို့ မြန်မာနိုင်ငံက အချို့သောသူတွေ စိုးရိမ်လာကြတာ တွေ့ရပါတယ်။ အထူးသဖြင့်တော့ အဏုမြူစစ်ပွဲလိုမျိုးကို စိုးရိမ်မှုဖြစ်တာ တွေ့ရပါတယ်။ နဂိုကတည်းက ရုရှားနဲ့ ယူကရိန်း စစ်ပွဲအတွင်း ယူကရိန်းကို လက်နက် ငွေကြေး ထောက်ပံ့နေတဲ့ အမေရိကန်ပြည်ထောင်စုနဲ့ တဖက်က အဏုမြူလက်နက်တွေ ပိုင်ဆိုင်ထားတဲ့ ရုရှားလို အင်အားကြီးနိုင်ငံတွေက ယူကရိန်းစစ်ပွဲမှာကတည်းက အဏုမြူလက်နက်နဲ့ အသုံးပြုမှုနဲ့ ပတ်သက်တဲ့ လက်စွဲစည်းမျဥ်းတွေကို ပြန်သုံးသပ်တာတွေ ယမန်နှစ်က လုပ်ဆောင်ခဲ့ဖူးပြီး အခုအရှေ့အလယ်ပိုင်းမှာ အီရန်ရဲ့ အဏုမြူလက်နက် သုတေသနနဲ့ ဖွံ့ဖြိုးမှုစီမံကိန်းကို အမေရိကန်က အင်အားသုံး ဖျက်ဆီးမှုက ရုရှားနိုင်ငံပါ ပါဝင်လာမလားဆိုတဲ့ စိုးရိမ်မှု၊ အရှေ့အလယ်ပိုင်းမှာ ဖြစ်ပွားတဲ့ စစ်ပွဲက ပိုမိုကျယ်ပြန့်လာပြီး ကမ္ဘာရဲ့ အခြားသော ဒေသတွေကိုပါ ကူးစက်လာမလား ဆိုတဲ့ စိုးရိမ်မှုတွေက အခြေအမြစ် မရှိတဲ့ စိုးရိမ်မှုတွေလို့ ဆိုလို့ မရတဲ့ အနေအထားဖြစ်လာပါတယ်။

ကမ္ဘာမှာ စစ်အင်အား၊ လက်နက်အင်အား၊ ငွေကြေးနဲ့ နည်းပညာအင်အားရှိရင် နိုင်ငံတွေရဲ့ အစိုးရတွေ ပြုတ်ကျအောင် ပြောင်းလဲအောင် လုပ်နိုင်တယ်ဆိုတဲ့ အယူအဆ၊ နိုင်ငံတနိုင်ငံရဲ့ အချုပ်အခြာအာဏာ နယ်မြေပိုင်နက်တွေကိုလည်း အင်အားကြီးနိုင်ငံတွေ အနေနဲ့ လေးစား လိုက်နာစရာမလိုဘူး ဆိုတဲ့ အယူအဆ လက်တွေ့ကျင့်သုံးမှုတွေ ကျယ်ပြန့်လာခြင်းဟာ ပထမ ကမ္ဘာစစ်၊ ဒုတိယကမ္ဘာစစ်မတိုင်ခင် အခင်းအကျင်းမျိုး အနေအထားမျိုးနဲ့ နှိုင်းယှဥ်စရာတွေ ဖြစ်လာစေပါတယ်။

ကမ္ဘာပေါ်မှာ အနောက်ဥရောပနဲ့ အရှေ့အလယ်ပိုင်းတို့မှာ လက်ရှိဖြစ်နေတဲ့စစ်ပွဲ ၂ ရပ်မှာ အင်အားကြီးနိုင်ငံတွေဖြစ်တဲ့ ရုရှား၊ အမေရိကန်ပြည်ထောင်စုနဲ့ အင်အားကြီးနိုင်ငံမဟုတ်သော်လည်း အင် အားကြီးနိုင်ငံရဲ့ ငွေကြေး၊ လက်နက်၊ နိုင်ငံရေး ပုံအောထောက်ခံမှုကိုရထားတဲ့ အစ္စရေးလ်တို့က ဒုတိယကမ္ဘာစစ်အပြီး ကမ္ဘာ့နိုင်ငံတွေအကြား ချမှတ်ထားတဲ့စည်းမျဥ်းစည်းကမ်းတွေအားလုံးကို ချိုးဖျက် လုပ်ဆောင်ခဲ့ကြပြီ ဖြစ်ပါတယ်။

နိုင်ငံတနိုင်ငံရဲ့ အချုပ်အခြာအာဏာပိုင်ဆိုင်မှုကို ချိုးဖောက်ပြီး ရုရှားကလည်း ယူကရိန်းနယ်မြေထဲ ဝင်ရောက် တိုက်ခိုက်ခဲ့သလို အစ္စရေးလ် နဲ့ အမေရိကန် ပြည်ထောင်စုတို့ကလည်း အီရန်နိုင်ငံကို စပြီးတိုက်ခိုက်ခဲ့ကြတာ ဖြစ်ပါတယ်။ ဒါ့အပြင် အစ္စရေးလ်နဲ့  အမေရိကန် နိုင်ငံတို့က အီရန်ရဲ့ အစိုးရ အပြောင်းအလဲဖြစ်အောင် ရည်ရွယ် လုပ်မယ်၊ လက်ရှိ အီရန်ခေါင်းဆောင် အစိုးရဖြုတ်ချရမယ်ဆိုတဲ့အထိ ပြောင်ပြောင်တင်းတင်း ပြောဆိုလာကြတဲ့ အနေအထားကလည်း ကမ္ဘာ့နိုင်ငံတွေအကြားမှာ ထားရှိတဲ့ အခြေခံမူဝါဒတွေကို ချိးဖျက်လိုက်ကြတာ ဖြစ်ပါတယ်။

ဒုတိယကမ္ဘာစစ်အပြီး နောက်နောင် အလားတူ ကမ္ဘာစစ်တွေ ဖြစ်ပွားမလာအောင် ကာကွယ်ကြဖို့ သဘောတူ ထူထောင်ခဲ့ကြတဲ့ ကုလသမဂ္ဂအဖွဲ့ရဲ့ သြဇာအာဏာလည်း အင်အားကြီးနိုင်ငံတွေက ဖျက်ဆီးခဲ့ကြလို့ ယခု အဖြစ်အပျက်မှာ ဝင်ရောက်ထိန်းကျောင်းနိုင်တဲ့အခြေအနေမရှိပါဘူး။ ကုလသမဂ္ဂက အင်အားကြီး နိုင်ငံတွေအကြားဖြစ်ပွားတဲ့ တင်းမာမှု၊ စစ်ပွဲဖြစ်နိုင်ခြေ အန္တရာယ်ရှိတဲ့အခြေအနေမှာ ကြားဝင်ဖြေရှင်းပေးနိုင်တဲ့သာဓကတွေဟာ ၁၉၆၀ ပြည့်နှစ် ကျော် နဲ့ ၁၉၇၀ ပြည့်နှစ်တွေမှာ ကျန်ရှိခဲ့ပြီဖြစ်ပါတယ်။ လုပ်ကြံခံရတဲ့ သမ္မတကနေဒီ နဲ့ ဆိုဗီယက်ပြည်ထောင်စု သမ္မတ ခရူးရှက်လက်ထက် ကျူးဘားဒုံး လက်နက်ချထားမှုအပေါ် ဖြစ်ပွားတဲ့ အဖြစ်အပျက်ဟာ ကုလသမဂ္ဂရဲ့ အတိတ်က သမိုင်းအဖြစ်တခု အဖြစ်သာ မှတ်ယူကြရတဲ့ အခြေမျိုးဖြစ်ပါတယ်။ အခုလက်ရှိကာလဟာ ကမ္ဘာစစ်နှုတ်ခမ်းပေါ် လျှောက်နေကြသည့်တိုင် အင်အားကြီးနိုင်ငံတွေ အနေနဲ့ မိမိတို့ရဲ့ သြဇာ၊ အာဏာ၊ အကျိုးစီးပွား တည်တံ့မှုအတွက်မလုပ်သင့်တာ မလုပ်ထိုက်တာ ဘာမှမရှိဘူးလို့ မှတ်ယူနေကြချိန်လို့ပြောရင် မှားမယ် မထင်ပါဘူး။

စစ်လက်နက်နည်းပညာတွေ၊ ရေနံနဲ့ နည်းပညာဆိုင်ရာ စီးပွားရေးတွေက ရရှိတဲ့အကျိုးအမြတ် ချမ်းသာကြွယ်ဝမှုတွေကို အစွမ်းကုန် အသုံးချပြီး လာမယ့် မဝေးတဲ့ အနာဂတ်ကာလမှာ မိမိတို့နိုင်ငံကသာ ကမ္ဘာမှာ လွှမ်းမိုးတွင်ကျယ်နိုင်ဖို့ စစ်အင်အား၊ ငွေကြေးအင်အား၊ နည်းပညာ နဲ့ ဝါဒဖြန့်ချိရေးလက်နက် အားလုံးကို ရော ယှက်သုံးစွဲကာ လုပ်ဆောင်နေကြချိန်ဖြစ်ပါတယ်။

ကမ္ဘာနိုင်ငံရေး အခင်းအကျင်းမှာ စာရိတ္တ၊ စရဏ စွမ်းအားကျဆုံးနေချိန်လည်း ဖြစ်ပါတယ်။ ကိုယ်ကျင့်တရားအားဖြင့် လေးစားဖွယ်မရှိသူ၊ ဓနအင်အား၊ အာဏာနဲ့ ဖြတ်လမ်းနည်းမျိုးစုံသုံးပြီး ရွေး ကောက်ပွဲနိုင်အောင် ကြိုးစားလုပ်ဆောင်သူတွေ၊ အတိုက်အခံတွေကို ဖမ်းဆီး လုပ်ကြံသတ်ဖြတ်သူတွေက နိုင်ငံ့ခေါင်းဆောင်တွေ ဖြစ်ကြပြီး အဆိုပါ ခေါင်းဆောင်တွေကို ဂုဏ်သိက္ခာ အမွှမ်းတင်ပေးမယ့် ၄င်းတို့လုပ်ဆောင်ချက်တွေကို မှန်ကန်ကြောင်း လုပ်သင့်ကြောင်း ဝါဒဖြန့်ချိပေးမယ့် သတင်းမီဒီယာတွေ၊ သတင်းမီဒီယာ ပလက်ဖောင်းတွေကို ငွေနဲ့ အာဏာ ၂ မျိုးပေါင်းစပ်သုံး ဝယ်ယူလုပ်ဆောင်စေကြတဲ့ ခေတ်ကာလ ဖြစ်ပါတယ်။

ခေတ်သစ် ကိုလိုနီဝါဒလို့ ဆိုဆို အရှိန်အဟုန်နဲ့ တိုးတက်လာတဲ့ အိုင်တီ နည်းပညာ၊ ဥာဏ်ရည်တု နည်းပညာတွေကို အစွမ်းကုန်သုံး တဖက်မှာ အင်အားအမာလို့ ခေါ်တဲ့ ဗုံးတွေ၊ ဒုံးကျည်တွေ၊ အဏုမြူ၊ ဖျက်အားပြင်း လက်နက်တွေပိုင်ဆိုင်အောင်ကြိုးစားပြီး ကမ္ဘာကြီးကို ၄င်းတို့ နောက်လိုက် သြဇာခံဖြစ်အောင် လူထုကို ဘာသာရေးအရမှိုင်းတိုက်ပြီး ဘာသာရေးအတွက် ကြိုးပမ်းလုပ်ဆောင်နေကြတဲ့ သဖွယ်ဖြစ်အောင် ခေတ်သစ် ကိုလိုနီနယ်ချဲ့ နိုင်ငံတွေရဲ့ ခေါင်းဆောင်တွေက လုပ်ဆောင်နေကြတာ ဖြစ်ပါတယ်။

အခုလို စစ်ပွဲတွေကာလမှာ အနောက်နိုင်ငံက သတင်းမီဒီယာ ဖော်ပြမှုတိုင်းလည်း မျှတမှု၊ တိကျမှု၊ အဖြစ်အပျက်ရဲ့ အကြောင်းရင်းနောက်ခံတွေကို နားလည်အောင် ဖော်ပြမှုတွေ မဟုတ်ကြပါဘူး။ Main stream လို့ ခေါ်တဲ့ လူကြည့်များ လူအများက သတင်းမီဒီယာလို သိရှိလက်လှမ်းမီတဲ့ မီဒီယာတွေကိုလည်း အင်အားကြီးနိုင်ငံတွေက အာဏာရှိသူတွေ၊ စစ်လက်နက် ထုတ်လုပ်တဲ့ ကုမ္ပဏီကြီးတွေက ပေါ်ပေါ်တင်တင် မဟုတ်တဲ့ နည်းလမ်းတွေနဲ့ ထောက်ပံ့ထားကြတာ ဖြစ်ပါတယ်။

၂၀၀၃ ခုနှစ် မှာ အီရတ်ရဲ့ အာဏာရှင် ဆက်ဒမ်ဟူစိန် အစိုးရကို ဖြုတ်ချဖို့  အမေရိကန်က ကျူးကျော်တိုက်ခိုက်ခြင်း မပြုမီ WMD လို့ အတိုကောက်ခေါ်ဆိုတဲ့ လူအစုလိုက်အပြုံလိုက်သေစေနိုင်တဲ့ ဖျက်အားပြင်းလက်နက်တွေ အီရတ်နိုင်ငံမှာ ရှိတယ်ဆိုတဲ့ အမေရိကန် အစိုးရရဲ့ ဖန်တီးပြောဆိုတဲ့ ဇာတ်လမ်းကို အဆိုပါ သတင်းမီဒီယာတွေက စိစစ်ခြင်း မပြုဘဲ ပဲ့တင်ထပ်အောင် ဖော်ပြပေးခဲ့ကြတာ ဖြစ်ပါတယ်။

အခုတဖန် အီရန်မှာ အဏုမြူလက်နက် သီတင်းပတ်တွေအတွင်းထုတ်နိုင်တော့မယ်၊ လအနည်း ငယ်အတွင်းထုတ်နိုင်တော့မယ်ဆိုတဲ့ အမေရိကန်အစိုးရရဲ့ပြောဆိုမှုတွေကိုစိစစ်မှုမရှိဘဲ ပဲ့တင်ထပ်အောင် သတင်းမီဒီယာတွေက ပြောဆိုပေးကြတာလည်း သတိပြုမိဖို့ အရေးကြီးတာ ဖြစ်ပါတယ်။

စစ်လက်နက်ပစ္စည်းတွေ ဘယ်လောက်ဖျက်အားကောင်းတယ်၊ ဘယ်လောက်ခေတ်မီတယ် ဆိုတာကို လက်ခုပ်လက်ဝါးတီး အားပေးခြင်းထက် တရားမျှတမှုနဲ့ နိုင်ငံအချင်းချင်းအကြား ချမှတ်သဘောတူထားကြတဲ့ စည်းမျဥ်းစည်းကမ်းဥပဒေတွေကို ချိုးဖောက်ဖျက်ဆီးမှုတွေကြောင့် ဖြစ်လာမယ့် ကမ္ဘာ့အခင်းအကျင်း ခေတ်သစ် ကိုလိုနီဝါဒ အန္တရာယ်ကိုလည်း မြင်အောင် ကြည့်နိုင်ဖို့ အရေးကြီးတာ ဖြစ်ပါတယ်။

-
Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar