မောင်လင်းရိပ် - မိုးခေါ်တေး
မိုးခေါ်တေး
မောင်လင်းရိပ်
(မိုးမခ) ဇွန် ၂၃၊ ၂၀၂၅
ကမ္ဘာပေါ်မှာ မင်းညစ်မင်းမည်းတွေ ရှိလာခဲ့ရင် သူပုန်ဖြူတွေဟာလည်း ပေါ်လာရတာပဲ
သူပုန်ဟာ ဖြူဖြူ နီနီ ကြွက်မနိုင် ကျီမီးရှို့သူ ကြောင်ဖားကြီးကို ခြူတော့ အနည်းဆုံးဆွဲပေးနိုင်ရမယ်
အများဆုံးတော့ သူပုန်ဟာ နောက်ဆုံးမှာ ပြည်သူ့အောင်ပွဲကဗျာကို ရေးနိုင်ရွတ်နိုင်ဖို့ပါပဲ
လူထုအောင်သံဆိုတဲ့ ရုပ်ရှင်ထဲမှာတော့ သူပုန်နီ ခွဲခြားရေးဝါဒကို ဇမ်းတင်ခဲ့တာပေါ့ကွာ
သူပုန်ဆိုတာ နှိမ့်ချခေါ်ဝေါ်တဲ့အနုတ်လက္ခဏာ အနက်ရိပ်လည်းရှိပေမဲ့
အင်အားနဲ့ အောင်ပွဲ၊ ဓမ္မကို စောင့်ခြင်းတွေဟာ နောက်ဆုံးကျ ပညတ်နဲ့ပရမတ်ကို ကွဲသွားစေတာပါပဲ
လူတိုင်းဟာ မွေးကတည်းက သူပုန်၊ မွေးမွေးချင်း ဒို့အရေး ဒို့အရေး အာခေါင်ခြစ်
အော်နိုင်သူမှလည်း မိခင်နို့ကိုပြေးစို့နိုင်သူဖြစ်မှာလေ
ကဗျာဆရာတိုင်းဟာလည်း သူပုန်၊ သူပုန်မဟုတ်ရင် ဘိန်းစားပဲ သူ့အရေးအသားနဲ့ သူ့ဘာသာ မှိန်းနေပေရော့
သူပုန်ဖြူ သူပုန်နီ သူပုန်ဝါ ဖြစ်ပစေ ချစ်ခြင်းမေတ္တာမှာ တစ်ခါတော့ လက်နက်ချရမယ်ကွဲ့
ချစ်ခြစ်မေတ္တာမှာ လက်နက်မချနိုင်သူဟာ မင်းညစ်မင်းမည်းနဲ့ တစ်တန်းတစ်စားတည်း ဖြစ်သွားသတဲ့
မင်းညစ်မင်းမည်းနဲ့ မင်းဖင်ခေါင်းကျယ်တွေ ထကြွလာတဲ့ ကမ္ဘာကြီးထဲမှာ
သူပုန်ဖြူတွေ မှိုပွင့်သလို ပေါ်လာဖို့ ကဗျာပြုမိုးကြီး ရွာချပေးဖို့ လိုလိမ့်မယ် ကဗျာဆရာ သူပုန်တို့။
ဇွန် ၂၃၊ ၂၀၂၅
-
Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar