Breaking News

နိုင်မင်းညို မြစ်ခြေ - တိုးတိုးတိတ်တိတ်မြစ်တစ်စင်း

Art - Aung Htet 

တိုးတိုးတိတ်တိတ်မြစ်တစ်စင်း
နိုင်မင်းညို မြစ်ခြေ
(မိုးမခ) ဇွန် ၂၃၊ ၂၀၂၅


(၁)


တစ်ခါတစ်ခါမှာ ကိုယ့်အသက်ကိုထုတ်ပြီး ဟို .... အဝေးက ရွေ့လျားပျံသန်းနေတဲ့တိမ်ရောင်စုံနဲ့အတူ ကူးခတ်နေမိတယ်။
လက်ကနာရီကိုငုံ့ကြည့်မိမှ မျက်ရည်ပြိုကျနေတဲ့ မျက်လုံးဖန်သားပြင်ကို ထိစမ်းကြည့်မိတယ်။ ရင်ထဲဝမ်းနည်းရထားဟာ တစ်ရာသီစာမက မရပ်မနားခုတ်မောင်းနေတော့မယ်။
တကယ်ဆို••••ဒီရထားသံလမ်းဘေးမှာ သူအမြဲ‌ဆိုနေမိတဲ့သီချင်းဟာ ငှက်တောင်မွှေးကျွတ်ထွက်သွားတဲ့ သံဝေဂဆန်ဆန်ဓမ္မသီချင်းတွေပေါ့။

ဘုရားသွားကျောင်းတက်တဲ့အခါတွေမှာ သူတွေ့နေကြမြင်ကွင်းဟာလည်း တကယ့်ထိတ်လန့်ဖွယ်ရာနာကျင်မှုပါပဲ။ ငှက်လှောင်အိမ်ထဲက ငှက်ကလေးတွေကိုဝယ်ပြီး နင့်အသက်တစ်ခါလွှတ် ငါ့အသက်ဆယ်ခါလွှတ်‌ဆိုတဲ့ အဆမတန်အတိုးနှုန်းများတဲ့ဆုတောင်းသံတွေဟာ နားထဲမှာအမြဲလိုလိုလေပြင်းမုန်တိုင်းတိုက်ခတ်နေတတ်ကြရဲ့။

(၂)

ဖြစ်ပြီးရင် ပျက်မှာသိလို့
မပျော်ရွှင်တဲ့စိတ်နဲ့
ရယ်ရမှာလည်း 
ရှက်တယ်။

အဲ့ဒီသူငယ်ချင်းလွန်းအိမ်ရဲ့ ကဗျာစာသားအချို့ဟာ သူ့စိတ်ကိုတစ်ဖျန်းဖျန်းရိုက်ခတ်ခဲ့တာ ဘယ်အချိန်ကတည်းကဆိုတာသူသေချာမသိဘူး။
အခန်းကျဥ်းထုပ်တန်းပေါ်ပစ်တင်ထားတဲ့ အဝတ်အထည်တွေဆီမှာကပ်ငြိနေတဲ့ ဖုန်မှုန့်နဲ့လိပ်ပြာအသေတွေတွေ့ရမှ သူငယ်ချင်းရဲ့ကဗျာစာသားဟာ သူ့ရင်ကို ပိုပြီးဟက်ထိစေခဲ့တာ။

မြို့ပြလမ်းတွေပေါ်က  အမှိုက်ကလေးတစ်စလို နှစ်ရှည်လများ လေရဲ့သယ်ဆောင်ရာလိုက်နေမိခဲ့တယ်။ ကဗျာလို စာလိုအချို့ကို ကွန်ပြူတာဆိုင်သွားထုတ်ထားတဲ့စာရွက်တွေမှာ သူ့ရဲ့မရောက်ရှိသေးတဲ့လမ်းမတွေအကြောင်း ချွဲချွဲပျစ်ပျစ်ရေးခြစ်ထားခဲ့တယ်။
ဒီလိုနဲ့လက်ဖက်ရည်ဆိုင်အချို့မှာ ငေးမောထိုင်နေမိတဲ့အခါ စိတ်ကိုလမ်းပေါ်ပစ်တင်ပြီး အတိတ်ထဲစီးဝင်နေခဲ့ချိန် အမည်နာမတစ်ခုဟာ လှိုင်းမငြိမ်မသက်စီးဆင်းလာခဲ့တယ်။
မြစ်ရဲ့ရည်ရွယ်ချက်က အံ့ဩ‌စရာသိပ်ကောင်းလှတယ်။ တိမ်ကို တိုးဝင်ဖောက်ထွက်ဖို့ဆိုလားပဲ...။

(၃)

သူ့ဘဝမှာ အဆင်မပြေမှုတွေ၊ နာကျည်းချက်တွေကိုကန်ထုတ်ပြစ်ခဲ့လို့ရရင်။  သူဒီလမ်းပေါ်ကနေအရူးတစ်ယောက်လိုပျောက်ကွယ်သွားချင်တယ်။  ရှေ့မှာငြိမ်သက်တည်ကြည်နေတဲ့ဖန်ခွက်ကလေးကို အံကြိတ်ကြိမ်းမောင်းနေရတာ သူ့လက်ထဲက မတည်မြဲတဲ့ ပိုက်ဆံအကြွေတွေကြောင့်လား။ မေးခွန်းဆိုတာ သူ့ခေါင်းဦးအထက်က မှိုတွေလိုပါပဲ။ တစ်နေ့ခြင်းလျှော်ဖွပ်နေရတယ်။ ပျောက်ဆုံးသူတွေဟာ မီးခိုးငွေ့လိုပျောက်ကွယ်သွားကြပေါ့။

ထွက်ခွာသွားခြင်းဟာ ပြန်ရောက်မလာတော့ခြင်းလား။ ပြန်ရောက်မလာခြင်းဟာ ထွက်ခွာသွားခြင်းလား။ လူ့ဘဝဆိုတာလည်းအပူငွေ့တမြေ့မြေ့ထွက်နေတဲ့ ခန္ဓာအစုရထားအိုကြီးတစ်စင်း။

ညထဲမှာ ခုတ်မောင်းနေတဲ့ကော်ဖီခွက်ထဲ ဂိမ်းဆော့ရင်းပြုတ်ကျသွားတဲ့ ငါ့သူငယ်ချင်းကို နားထောင်ပျင်းလောက်အောင် ကဗျာဆိုင်ရာတွေဖတ်ပြနေချင်သေးတယ်။ ဖတ်ထားတဲ့စာတွေ နွားတစ်ကောင်လို စားမြုံပြန်တော့  သူ့နားလှိုင်ခေါင်းပေါက်ထဲ အဆိပ်ပြင်းသူ ပုရွတ်ဆိတ်လေးဖြစ်ခဲ့ရတယ်။

ဗလာစာရွက်ထဲ အက္ခရာတွေပစ်ထည့်ဖို့ ဖက်ကြမ်းတစ်လိပ်နဲ့ရှိုက်ထုတ်ခဲ့ရတဲ့သက်ပြင်းငွေ့ငွေ့တွေ။  မျက်လုံးအစုံကိုဖိပြီး ကြမ်းကြမ်းတမ်းတမ်းမှိတ်ထားမိတိုင်း အတိတ်ထဲကအသံတွေ ကဗျာထရွတ်နေတယ်။ ကလေးဘဝကလိုဖန်ဆင်းရှင်ဆိုတာ ခုထိအယုံအကြည်ရှိနေသေးရင်ကောင်းမယ်။ ပြန်လည်ဖန်ဆင်းမန်းမှုတ် သူ့ကိုအသက်ရှင်လျှက်ပြန်တွေ့ရမယ်။

(၄)

တုန်ခါနေတဲ့ နေ့တွေဆိုတာပျောက်ဆုံးသူကို လိုက်ရှာနေတဲ့ ခါးကုန်းကုန်းညနေအိုတွေပါပဲ။ အချိန်မတန်ဘဲကြွေကျသွားတဲ့ပန်းပွင့်ကလေးမှာ အိမ်ရဲ့လိပ်စာမရှိခဲ့ဘူး။ ဓာတ်ဗူးထဲမှာအရောင်ပြောင်းနေတဲ့ရေတွေလို ပျောက်ဆုံးခြင်းကိုနာမည်ပြောင်းယူလိုက်ရမလား။ ဆန့်ကျင်ဘက်တွေပေါ့။ မရှိတော့ခြင်းဟာ ရှိနေခြင်း။ အိပ်ပျော်သူဟာ ထသွားထလာလုပ်နေခြင်း။ အများကြီးပေါ့ဗျာ။

ဟို••••အတိတ်ကမျက်ရည်ထဲမှာ သေချာစွာ ကဗျာထိုင်ဖတ်နေလိမ့်မယ်။ ရင်ဘတ်ပေါ်က ဆေးလိပ်ပြာကို ကဗျာထဲထည့်နေလိမ့်မယ်။ ကလီယိုပတ်ထွာ ၊ ဂျက်ဆီကာ အစရှိတဲ့ နာမည်တွေကိုအော်ခေါ်နေလိမ့်မယ်။  တစ်နေ့မှာ ဂျင်းဘောင်းဘီအရှည်ကို ဘလိတ်ဓားနဲ့ခြစ်မိသွားတော့ သွေးတွေပန်းထွက်လာရဲ့။  ငါယုံကြည်ပါတယ်။ မင်းဟာ တိမ်ကိုတိုးဝင်ဖောက်ထွက်သွားမဲ့မြစ်တစ်စင်းဆိုတာ...
ငါရပ်ကြည့်ငေးမောနေမိတယ်။ ။ 

နိုင်မင်းညို မြစ်ခြေ 

 -

Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar