ခေါင်းကြီး - သူငယ်ချင်းသို့ နောက်ဆုံးစကား
ခေါင်းကြီး - သူငယ်ချင်းသို့ နောက်ဆုံးစကား
မိုးမခ ၊ ဇွန် ၇ ၊ ၂၀၂၅
ကြမ်းခင်းအကာ ဗလာနတ္ထိ
ကပ်ငြိတံခါး ပြတင်းကြားလည်း
ဆိုးရွားမှိုတက် ပင့်ကူယှက်လို့
ခေါင်ထက်မိုးယို စည်းရိုးပြိုပြီး
ခန်းအိုကြိုကြား ခြစားဖျက်ဆီး
ပျက်လုနီးသည့် အိမ်ကြီးပမာ
ပြည်မြန်မာမြင် ရင်မှာမချိ
ပကတိသွင် သိစေချင်သည်
ဆင်ခြင်ကြည့်ပါသူငယ်ချင်း။
ကမ္ဘာတလွှား နိုင်ငံများစွာ
တိုးပွားစည်ပင် ငြိမ်းချမ်းစဉ်မှာ
လွင့်စင်ပျက်စီး တို့ပြည်ကြီးကို
စစ်မီးကင်းစင် သာစေချင်သည်
ရင်မှာထက်သန် ဆန္ဒမှန်ဖြင့်
အန္တရာယ်ကြား တို့ပြည်သားတို့
ကြိုးစားကြရန် ဓိဋ္ဌာန်ပါသည်
မင်း ပါမှာလား သူငယ်ချင်း။
ဖြစ်မျိုးစုံစွာ ပြည်ရွာနာစဉ်
ရင်မှာခံစား သွေးရင်းသားလို
လူသားဆန်စွာ ကိုယ်ချင်းစာလျက်
အာဇာနည်များ စွန့်စားဖေးကူ
တအူထုံ့ဆင်း ညီနောင်ရင်းတို့
လက်ချင်းယှက်တွဲ ချီတက်ဆဲမို့
ခက်ခဲပင်ပန်း ခရီးကြမ်းမှာ
လှမ်းလာမှာလား သူငယ်ချင်း။
ဒါမှမဟုတ်.....
"အိမ်မီးလောင်လောင် ငါမယောင်ဘူး
အိမ်ဆောင်ပြိုပြို ငါမငိုဘူး
အိမ်အိုပျက်ပျက် ငါမခက်ဘူး
ငါ့တွက်ငါသာ စိုးရိမ်ရာမို့
ငါ့မှာရူးနှမ်း ငါ့အခန်းသာ
စွဲလမ်းတပ်မက် သီးခြားကွက်ပြီး
တွက်ချက်စိတ်ထား ငါကြိုးစားမယ်"
ရိုးသားရဲ့လား သူငယ်ချင်း။
"ငါဖောက်တဲ့လမ်း ငါ့စခန်းထဲ
ငါ့လမ်းငါပြင် ငါ့စင်ငါဆောက်
သက်သောင့်သက်သာ ငါ့နေရာပဲ
ငါ့ဘာသာငါ ငါကာကွယ်မယ်
ငါ့နယ်ပယ်လှ ဂုဏ်ထူးရဖို့
ငါ့အလုပ်သာ အခရာမို့
ငါ့တာဝန်ကုန် လိပ်ပြာလုံပြီ"
မင်း ယုံကြည်လား သူငယ်ချင်း။
"ဘာပဲဖြစ်ဖြစ် ငါမညစ်ဘူး
ကိုယ်ဖြစ်ကိုယ်ခံ ကိုယ့်ကံပဲမို့
ကိုယ့်လာမပူ ငါမကူဘူး
ဘယ်သူနာနာ ငါအသာနေ
ဘယ်သူသေသေ ငတေငါပဲ
ငါယုံကြည်ရာ ငါ့ကမ္ဘာမို့
သာတဲ့လမ်းဘက် ငါလှမ်းတက်မယ်"
နေရက်တယ်လား သူငယ်ချင်း။
လောကီလူ့ရွာ များသူငါလို
လူသာမန်ပင် ပုထုဇဉ်မို့
လိုချင်လောဘ အတ္တများဆဲ
အားနည်းဓာတ်ခံ မူမမှန်တော့
တံလျှပ်ရေထင် ရွှေသမင်လို
အမြင်တွေလျှမ်း ရော်ရမ်းကာမှတ်
ငတ်လည်းမပြေ မိုးခါးရေသောက်
စိတ်ဖြေဖျောက်လို့ ဝမ်းမြောက်ကျေနပ်
နေတတ်ပြီလားသူငယ်ချင်း။
ကမ္ဘာတဝန်း အံ့မခန်းစွာ
စွမ်းစွမ်းတမံ ဝန်းရံကာဝိုင်း
တစ်တိုင်းပြည်လုံး ကြိမ်မီးအုံးသို့
အုန်းအုန်းကျွက်ကျွက် တူရုန်းထွက်လို့
ရွက်သစ်ဝေဖူး ဒီနွေဦးမှာ
ထူးခြားထွန်းတောက် မင်းတစ်ယောက်လား
ကြောက်စိတ်ဖယ်လွှင့် သဲတစ်ပွင့်လား
ထပ်ဆင့်ခိုင်မတ် အုတ်တစ်ချပ်လား
ထင်မှတ်နေဆဲ စိတ်ကူးထဲမှာ
ငါပဲမျှော်လင့်မိနေလား။
ဘယ်လိုပဲဖြစ်ဖြစ်ပါ....
သူငယ်ချင်းရေ...
ရာစုနှစ်တစ် ပညာခေတ်မှာ
ဆန်းသစ်ကြံဆ နည်းဝေငှပြီး
ဆန္ဒမြဲမြံ သန္နိဌာန်တည်
ပြည်ထောင်သားများ စည်းလုံးအားနဲ့
နိုးကြားတက်ကြွ ဇွဲလုံ့လကြောင့်
မုချဧကန် အောင်ပွဲခံမည်...
အမှန်တရား ဝင့်ဝင့်ကြွားလို့
လေးပါးဗြဟ္မစိုရ် ရွှန်းရွှန်းစိုမည်...
ပင်ကိုယ်သတ္တိ သံမဏိဖြင့်
တစိမကျန် အမြစ်လှန်ပစ်
စနစ်ဆိုးမွေ ချုပ်ငြိမ်းစေမည်...
ရွှေရောင်အိပ်မက် တို့မျိုးဆက်တွက်
ခက်ခဲထုဆစ် သမိုင်းသစ်ဟု
ရင်နှစ်ယုံကြည် ရှေ့သို့ချီမည်...
ညီညာစိတ်ထား စွမ်းပကားနဲ့
ကြိုးစားရုန်းထလိုက်ကြစို့။
လောဘဒေါသ မာန်မာနနဲ့
အတ္တပိတ်ဆီး မောဟမီးကြောင့်
ကြီးစွာသောက ဗျာပါဒစုံ
ဒုက္ခဖုံဖုံ တွေ့ကြုံပျက်စီး
ကပ်ကြီးသုံးခု ပေါင်းစုနှိပ်စက်
အနိဌာရုံ မိစ္ဆာစုံလှ
သုညအောက်ကျ ဒီကာလမှာ...
ပရဟိတ ဝေမျှရိက္ခာ
ကရုဏာထား မေတ္တာပွားလို့
တရားသစ္စာ သင့်ရာညွှန်ပြ
အဓမ္မနဲ့ ဓမ္မတို့ကြား
ပြဒါးတစ်လမ်း သံတစ်လမ်းမှာ
ယမ်းကုန်မီးကုန် လုံးစုံပုံထပ်
ဆုံးသတ်ဆင်နွှဲ နောက်ဆုံးပွဲမို့
ရဲရဲရင့်ရင့် ဆုံးဖြတ်သင့်ပြီ
မြင့်မြတ်တန်ဖိုး ဘိုးဘွားဘီဘင်
မျိုးစဉ်ဆက်တိုင်း မင်းသမိုင်းမှာ
မရိုင်းစေရာ ဂုဏ်သိက္ခာမို့
သေချာမနှေး အမှန်တွေးမယ်
ရွေးချယ်ဖို့ရန် အမြန်ကြံလော့
အချိန်မကျန်တော့ဘူး သူငယ်ချင်း။
ဆရာဇော်ဂျီ၏ ဂန္ထဝင်ကဗျာ "မင့်အိမ်"ကို ဆင့်ပွားခံစား ရေးဖွဲ့ပါသည်။
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar