Breaking News

နိုင်ဘဦး - အိုဒက်ဆီ (Odyssey)၊ ဂျေဆန်ဘုံး (Jason Bourne)၊ ရာမဇာတ်တော် (Ramayana) နှင့် အိမ်အပြန် (Homeward Bound)

 The Odyssey

နိုင်ဘဦး - အိုဒက်ဆီ (Odyssey)၊ ဂျေဆန်ဘုံး (Jason Bourne)၊ ရာမဇာတ်တော် (Ramayana) နှင့် အိမ်အပြန် (Homeward Bound)

မိုးမခ ၊ ဩဂုတ် ၁၆ ၊ ၂၀၂၆ 

 

ပြီးခဲ့တဲ့ ၂-၃ ပတ်က အိုဒက်ဆီ ဆိုတဲ့ ရုပ်ရှင် ရုံတင်ပါတယ်။ လူကြိုက်အရမ်းများနေပါတယ်။ အကယ်ဒမီ ချိန်လောက်တယ်လို့ တစ်ပြေးနေပါတယ်။ မင်းသားက ဘုံးစီးရီး ရုပ်ရှင်များမှာ အဓိကဇာတ်လိုက် ဂျေဆန်ဘုံးအနေနဲ့ သရုပ်ဆောင်ခဲ့တဲ့ မက်ဒေမွန် ဖြစ်ပါတယ်။

လူကြိုက်များများ မများများ အိုဒက်ဆီကို ရုပ်ရှင်ရိုက်မယ်ဆိုတာ ကြားခဲ့ကတည်းက နိုင်ဘဦးက စိတ်ဝင်စားနေပြီး သွားကြည့်မယ်မှန်းတဲ့အတိုင်း သွားကြည့်မိခဲ့ပါတယ်။ အကြောင်းရင်းကတော့ ၂ ခုပါ။

ပထမတစ်ခုကတော့ ကမ္ဘာ့သမိုင်းကို ဝါသနာအလျောက် လေ့လာတတ်တဲ့ နိုင်ဘဦးအတွက် ကိုယ်ကြားဖူး၊ ဖတ်ဖူးထားတာတွေနဲ့ အများကြီး တိုက်ဆိုင်နေလို့နဲ့ ဒုတိယတစ်ချက်ကတော့ နွမ်းလျအိမ်ပြန် ဆိုသလို စစ်ပွဲအပြီးမှာ မိသားစုထံ ပြန်လာတဲ့ စစ်သည်ဟောင်းတဦးရဲ့ အိမ်ပြန်လမ်းကို ဖွဲ့ဆိုထားတဲ့ ဇာတ်ကြောင်းမို့ ခုခေတ် ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ဖြစ်ပျက်နေတဲ့ နွေဦးတော်လှန်ရေးမှာ အိုးပစ်အိမ်ပစ် ကိုယ်ကျိုးစွန့် တိုက်ပွဲဝင်နေတဲ့ လူငယ်တွေ၊ PDF နဲ့ ERO ညီအကိုမောင်နှမတွေ၊ သူတို့အပြန်ကို မျှော်နေမဲ့ မိသားစုတွေရဲ့ ဘဝတွေဆီကိုလဲ အတွေးစုက ရောက်သွားမိလို့ ဖြစ်ပါတယ်။

အိုဒက်ဆီ ရုပ်ရှင်ဟာ ဘီစီ ၁၂၀၀ ခန့်က ဖြစ်ခဲ့တဲ့ ထရိုဂျန်စစ်ပွဲများ (Trojan Wars) တွင်းက အဖြစ်အပျက်တွေကို ကဗျာအနေနဲ့ ရေးသားခဲ့တဲ့ ဂရိစာရေးဆရာကြီး ဟိုးမားရဲ့ အိုဒက်ဆီ ဆိုတဲ့ ဂန္ထဝင်ကဗျာရှည်ကြီးကို ဘာသာပြန်ထားတဲ့ ဝတ္ထုကို ရုပ်ရှင်ရိုက်ထားတာပါ။

တကယ့်ကဗျာကိုတော့ ဘီစီ ၇၀၀ လောက်မှာ အသက်ထင်ရှားရှိခဲ့တဲ့ ဟိုးမားက သူမတိုင်ခင် နှစ် ၅၀၀ တွင်းမှာ လက်ဆင့်ကမ်းပြောခဲ့တဲ့ ပါးစပ်ရာဇဝင်တွေကို အခြေခံပြီး ချရေးခဲ့တာပါ။ ဒါတွေဟာ ဖြစ်ရပ်မှန်လားလို့ စိစစ်ရင်တော့ တစိတ်တပိုင်းတော့ မှန်ပါတယ်လို့ သမိုင်းပညာရှင်များက လက်ခံထားပေမဲ့ လက်ဆင့်ကမ်းလာတာဖြစ်တဲ့အတွက်နဲ့ ဟိုးမားဟာ အနုပညာမြောက်အောင် (to be poetic) ချဲ့ထွင်ရေးသားမှုတွေလဲ (artistic license) အများကြီး ပါမယ်လို့ သမိုင်းသုတေသီများက ခံယူပါတယ်။

ဒါလည်း ဓမ္မတာပါပဲ။ ဘီစီ ၁၂၀၀-၇၀၀ (လွန်ခဲ့တဲ့ နှစ် ၃၇၀၀-၃၂၀၀ ခန့်) က ဖြစ်တာ မပြောနဲ့၊ အေဒီ ၁၁၀၀ ခန့် (လွန်ခဲ့တဲ့နှစ် ၉၀၀-၁၀၀၀) မှာ ဖြစ်ခဲ့တဲ့ အနော်ရထာလက်ထက် ပုဂံခေတ်ကို မှတ်တမ်းတင်ထားတဲ့ ဖြစ်ရပ်တချို့ဟာ လက်တွေ့မဆန်ဘဲ ဒဏ္ဍာရီဆန်ဆန် ဖြစ်နေတာတွေ အများကြီး မဟုတ်ပါလား။

ကြုံတုန်း နှိုင်းယှဉ်ပြောရရင် ဂေါတမမြတ်စွာဘုရား အိန္ဒိယမြောက်ပိုင်းမှာ ပွင့်ပေါ်ခဲ့တာဟာ ဘီစီ ၆၀၀ ပတ်ဝန်းကျင် ဖြစ်ပါတယ်။ ဘုရားပွင့်ချိန်မှာ မြေထဲပင်လယ်ဒေသတွင် ဂရိယဉ်ကျေးမှုထွန်းကား၊ မြို့ပြနိုင်ငံငယ်တွေ ရှိနေပြီ ဖြစ်ပါသည်။ ဟိုးမားဟာ ဗုဒ္ဓဂေါတမထက် နှစ်တစ်ရာ ပိုစောပါတယ်။ ဗုဒ္ဓနဲ့ တပြိုင်တည်းလောက်မှာ ဖြစ်တည်ခဲ့သူကတော့ အေသင်မြို့သား ဂရိအတွေးအခေါ်ရှင် ဆိုကရေးတီး ဖြစ်ပါတယ်။

ဘာကြောင့်မှန်း မသိဘူး၊ နိုင်ဘဦးတို့ မဆလခေတ် ကျောင်းသုံးသမိုင်းစာအုပ်တွေမှာ Greek civilization အကြောင်းတွေကို “ခေါမယဉ်ကျေးမှု” လို့ ဘာသာပြန်ပြီး သင်ခံခဲ့ရတယ်။ နောက်မှ ကိုယ့်ဘာသာ ပြန်ဆက်စပ်ယူရတာ။ Roman civilization ကိုတော့ ရောမယဉ်ကျေးမှုလို့ပဲ သုံးတယ်၊ တော်သေးတာပေါ့။ ကလီယိုပက်ထရာတို့၊ စပါတာကပ်တို့၊ ဂျူးလီယက်ဆီဇာတို့ရဲ့ ရောမယဉ်ကျေးမှုဟာ ဂရိယဉ်ကျေးမှု ပြိုကွဲပြီးနောက်မှ ပေါ်ထွန်းခဲ့တာတော့ စာဖတ်သူတို့ အသိပါပဲ။

ထရိုဂျန်စစ်ပွဲများ ဆိုတာဟာ ဂရိမြို့ပြနိုင်ငံ စပါတာ၏ မိဖုရား ဟယ်လင်ကို ထရွိုင်မြို့ပြနိုင်ငံရဲ့ ဘုရင်ပဲရစ်က ခိုးပြေးပေါင်းသင်းယူ (ဟယ်လင်ကိုယ်နှိုက်က သဘောကျပြီး အလိုတူလိုက်သွားခြင်း) တဲ့အတွက် ဟယ်လင်ရဲ့ယောကျ်ား၊ စပါတာနိုင်ငံရဲ့ ဘုရင် မနဲလပ်က ထရွိုင်ကို သွားတိုက်ရာမှာ ဖြစ်ခဲ့တဲ့ စစ်ပွဲတွေ ဖြစ်ပါတယ်။

ဟယ်လင်ဟာ ဂရိနတ်မင်းကြီး ဇူးစ်ရဲ့ သမီးဖြစ်ပြီး ငယ်စဉ်က အလွန်ချောသတဲ့။ သူ့ကို လိုချင်တဲ့ ကမ္ဘာတဝန်းက မင်းသားတွေ များလွန်းပြီး စစ်ဖြစ်တော့မလို ဖြစ်လို့ သူ့အဖေ (ပထွေး) က အစီအစဉ်တခု ထုတ်သတဲ့။ ကြင်ရာရွေးပွဲမှာ ပါလိုတဲ့ မင်းသားတွေ သူ့ရွေးချယ်မှုကို လက်ခံရမယ်။ ဘယ်သူနဲ့ပဲရရ ဟယ်လင့်ကို တသက်လုံး ဆက်ကာကွယ်ပါမယ်ဆိုတဲ့ ကတိပေးရမယ်ဆိုပဲ။

မင်းသားတွေဟာလည်း  ဟယ်လင့်ကို လိုချင်ဇောနဲ့ သဘောတူခဲ့တယ်။ အဲဒီထဲမှာ နောင် ကိုယ်တို့ဇာတ်လိုက်ကြီး ဖြစ်လာမဲ့ အိုဒီးစပ် (ဂရိအသံထွက်—နှောင်းပိုင်း လက်တင်ဘာသာမှာတော့ ယူလီးစစ်လို့လည်း ရေးမှတ်တယ်) လည်းပါတယ်။ ရွေးချယ်ခံခဲ့ရသူကတော့ မနဲလပ်သာ ဖြစ်ခဲ့လို့ အိုဒီးစပ်ဟာ သူ့ရဲ့ မြို့ပြနိုင်ငံ အစ်သာကာကို ပြန်သွား၊ ဘုရင်လုပ်၊ ပနီလိုပီး ဆိုတဲ့ ချစ်သူနဲ့ အိမ်ထောင်ကျ၊ တယ်လီးမခပ် လို့ အမည်ရတဲ့ သားတယောက် မွေးပြီး အနည်ထိုင်ချိန်တွေ ရောက်နေပြီးမှ ခုလို ဟယ်လင့်ပြဿနာက ပေါ်လာတာ။ အဲဒီတော့ ပေးခဲ့တဲ့ကတိအတိုင်း ဟယ်လင့်အတွက် စစ်သွားတိုက်မယ်၊ လိုက်ခဲ့ပါ ဆိုတာနဲ့ ဂရိတပ်ပေါင်းစုနဲ့အတူ ပင်လယ်တွေဖြတ်ပြီး စစ်ချီခဲ့ရတယ်။

ထရွိုင်ဟာ ဂရိစစ်တပ်တွေက ၁၀ နှစ် ဝိုင်းထားတာကို မကျအောင် တောင့်ခံနိုင်ခဲ့ပါတယ်။ နောက်ဆုံးမှာ အိုဒီးစပ်ရဲ့ အလိမ္မာဉာဏ်အတိုင်း ဂရိတပ်တွေ ဆုတ်ခွာသွားဟန်ဆောင်ပြီး ထရိုဂျန်မြင်းရုပ်ထုကြီးတခုကိုသာ ချန်ထားခဲ့ပါတယ်။ တကယ်တော့ မြင်းရုပ်ကြီးထဲမှာ အိုဒီးစပ် အပါအဝင် ဂရိကွန်မင်ဒို ဆယ်ဂဏန်းက ပုန်းနေတာကို မသိတဲ့ ထရွိုင်မြို့သားတွေဟာ မြင်းရုပ်ကြီးကို မြို့ထဲ ဆွဲသွင်းယူလာခဲ့ပါတယ်။ ညမှာတော့ မြင်းရုပ်ထဲက အိုဒီးစပ်တို့ ထွက်လာ၊ တံခါးစောင့်စစ်သည်တွေကို သတ်၊ မြို့ရိုးတံခါးကို ဖွင့်ပေးလိုက်ချိန်မှာ ချိန်းချက်ထားတဲ့အတိုင်း ပြန်ရောက်နေတဲ့ ဂရိစစ်တပ်ကြီး မြို့တွင်းဝင်လာနိုင်မှဘဲ ထရွိုင်မြို့ ကျဆုံးခဲ့ရပါတယ်။

နောက်ဆုံး အနိုင်တိုက်နိုင်ခဲ့ပေမဲ့ လွန်လွန်ကျွံကျွံတွေလည်း လုပ်ခဲ့မိလို့ ဂရိနတ်မင်းကြီးတွေ အမျက်ထွက်ပြီး အိုဒီးစပ်တို့ အဖွဲ့သားတွေလည်း နောင်အိမ်အပြန်မှာ ကျိန်စာတွေထိပြီး အတော်သေခဲ့ပါတယ်။ စစ်နိုင်ပြီးနောက် အိုဒီးစပ်ဟာ ထရွိုင်မြို့ကနေ သူ့မြို့ အစ်သာကာကို ရေလမ်းနဲ့ပြန်ရာမှာ အခက်အခဲမျိုးစုံတွေ့၊ လမ်းမှားပြီး တခြားကျွန်းမျိုးစုံ၊ ကမ်းခြေမျိုးစုံရောက်၊ သင်္ဘောပျက်၊ နတ်ဘီလူးတွေ၊ ထူးဆန်းတဲ့ တိရစ္ဆာန်မျိုးစုံကို နှိမ်နင်း၊ ဖြားယောင်းသတ်စားတတ်တဲ့ လူယောင်ဆောင် သူယောင်မယ်တွေကို ကျော်လွှား စသည့် အခက်အခဲမျိုးစုံကို ၁၀ နှစ်ကျော် ဖြတ်သန်းပြီးမှ ပါသူတွေ အကုန်သေခဲ့ပြီး မြို့ကို တဦးတည်း ပြန်ရောက်လာနိုင်ပါတယ်။ ထို ၁၀ နှစ်ခရီးစဉ်ရဲ့ ဖြစ်ရပ်များကို ဟိုးမားက အိုဒက်ဆီ ဆိုတဲ့ ကဗျာရှည်ကြီး ဖွဲ့ခဲ့တာပါ။

ဟောလီဝုဒ်ရဲ့ အိုဒက်ဆီ ရုပ်ရှင်ဟာ မူရင်းဝတ္ထုနှင့် အသားပေးပုံ ကွာပါတယ်။ ရုပ်ရှင် ဆိုတော့ လူကြည့်ချင်အောင် လုပ်ရသကိုး။ မူလကဗျာရှည်က အိုဒီးစပ်ရဲ့ ၁၀ နှစ်တာအပြန်လမ်းမှာ ဖြစ်ခဲ့တဲ့ ထူးဆန်းထွေလာ ဖြစ်ရပ်တွေ၊ ဟယ်လင်တို့ကို အသားပေးထားပေမဲ့ ရုပ်ရှင်မှာတော့ အိုဒီးစပ်နဲ့ ပင်နလိုပီးတို့ရဲ့ သစ္စာရှိမှု၊ သား တယ်လီမေးခပ်ရဲ့အခန်း၊ အိုဒီးစပ်ရဲ့ ထရွိုင်မြို့ကို သိမ်းပြီး မြို့ပျက်ကြီးဖြစ်အောင် ဖျက်ခဲ့မိတဲ့အတွက် နောင်တရ၊ စစ်ကို စိတ်နာခန်း စသည်တို့ကို ဇာတ်နာအောင် ပိုချဲ့အသားပေးထားပါတယ်။

အိုဒက်ဆီဟာ အနောက်တိုင်းစာပေမှာ ပထမဆုံး ချရေးခဲ့တဲ့ ရှေးဟောင်းအကျဆုံး အရေးအသားတခုဖြစ်ရုံမက အမှန်နဲ့အမှား၊ ဓမ္မနဲ့ အဓမ္မ၊ သစ္စာတရားနဲ့ ဖြားယောင်းမှု၊ ကတိနဲ့ အဂတိ စတဲ့ ကိုယ်ကျင့်တရားတွေ၊ ကြမ်းတမ်းတဲ့ လောကဓံနဲ့ပြည့်နေတဲ့ ဘဝတို့ကို သရုပ်ဖော်ဖွဲ့ဆိုထားပြီး နောက်ဆုံးမှာတော့ အမှန်တရားဘက်က အောင်မြင်မှုရတဲ့ပုံစံနဲ့ ရေးခဲ့တာပါ။ မူရင်းက ဂရိဘာသာစကားနှင့် ရေးဖွဲ့ခဲ့တာပါ။ ထိုစဉ်က လက်တင်ဘာသာ ခေတ်မစားသေးပါ။

အဲဒီထဲမှာပါတဲ့ မြို့ပြနိုင်ငံလေးတွေဟာ တကယ်ရှိခဲ့တယ်၊ ထရိုဂျန်စစ်ပွဲ ဆိုတာလည်း ထိုခေတ်က မြို့ပြနိုင်ငံတခုနှင့်တခု စစ်ဖြစ်နေကြမို့ တကယ်ဖြစ်ခဲ့ကောင်းလောက်တယ်လို့ သုတေသီတွေက ယူဆပေမဲ့ ကဗျာထဲပါ နတ်ဘီလူးတွေ၊ ဂရိဘုရားတွေရဲ့ ဖန်ဆင်းရှင် အဖြစ်အပျက်တွေကတော့ စိတ်ကူးယဉ် ဒဏ္ဍာရီတွေပါဘဲ။

ရှေးဟောင်းသုတေသန ပြန်လည်တူးဖော်မှုတွေအရ ထရွိုင်မြို့ဟောင်းဟာ ယနေ့ခေတ် တူရကီနိုင်ငံမှာရှိတဲ့ ဟစ်ဆာလစ် ဆိုတဲ့ မြို့ပျက်နေရာတခု ဖြစ်ဖို့များတယ်လို့ ယူဆကြပါတယ်။ ဂရိမြို့ဟောင်း အတော်များများကတော့ နာမည်တွေက ဟိုးအရင်ကအတိုင်းပဲ ဆက်တည်ရှိလို့ ဖော်ထုတ်ရတာ နည်းနည်းပိုလွယ်ပါတယ်။ အစ်သာကာတို့၊ စပါတာတို့ဆိုတာ အခုတော့ ရွာလေးတွေအနေနဲ့ပဲ ရှိပါတော့တယ်။

အနောက်တိုင်းယဉ်ကျေးမှု (Western civilization) မှာရှိခဲ့တဲ့ ဟိုးမားရဲ့ အိုဒက်ဆီနဲ့ အီးလိယတ် ဆိုတဲ့ ကဗျာရှည်ကြီး ၂ ခုနဲ့ အလားတူ၊ ခေတ်ပြိုင်အရှေ့တိုင်းယဉ်ကျေးမှုမှာလည်း လင်္ကာရှည်၊ ကဗျာရှည်ကြီး၊ ဇာတ်လမ်းရှည်ကြီး ၂ ခု ရှိခဲ့ပါတယ်။ ရာမယဏ (Ramayana) နဲ့ မဟာဘာရတ (Mahabharata) ဆိုတဲ့ ဇာတ်လမ်းကြီး နှစ်ခုဖြစ်ပါတယ်။ မူရင်းက အိန္ဒိယနိုင်ငံမှာ ပေါ်ထွန်းခဲ့တာဖြစ်ပါတယ်။ နောက်မှ ထိုင်း၊ မြန်မာ၊ အင်ဒိုနီးရှား စသည်တို့ကို ပြန့်နှံ့သွားခဲ့ခြင်းပါ။ သက္ကတဘာသာနဲ့ ရေးခဲ့တာဖြစ်ပြီး သမိုင်းသုတေသီတွေ ခန့်မှန်းချက်အရဆိုရင် ရာမယဏဟာ ဘီစီ ၇၀၀ နှင့် ၃၀၀ ကြားမှာ ရေးခဲ့ပြီး မဟာဘာရတကတော့ ပိုနောက်ကျကာ အေဒီ ၃၀၀ ခန့်မှာ ရေးခဲ့တာဖြစ်ပါတယ်။

ရာမယဏ (မြန်မာလိုဆိုရင်တော့ ရာမဇာတ်တော်) ဟာ ဟိုးမားရဲ့ အိုဒက်ဆီနဲ့ မရှေးမနှောင်း ဂေါတမဗုဒ္ဓ ပေါ်ထွန်းချိန်တဝိုက် အိန္ဒိယတိုက်မှာ ပေါ်ထွန်းခဲ့တာဖြစ်ပါတယ်။ တခု သိရမှာက ရာမဇာတ်ဟာ ဘုရားဟော မဟုတ်ပါ။ ၅၅၀ ဇာတ်တော်ထဲမှာ မပါပါ။ ဘုရားခေတ်က ဘောလိဝုဒ်ရဲ့ ဖျော်ဖြေရေးဇာတ်လမ်းတပုဒ်သာ ဖြစ်ပါတယ်။

ပြောချင်တာက ခုမှစတယ်။ လွန်ခဲ့တဲ့နှစ် ၂၅၀၀ ကျော်က ကမ္ဘာနောက်ခြမ်းနဲ့ ရှေ့ခြမ်း၊ အနောက်တိုင်းယဉ်ကျေးမှုနဲ့ အရှေ့တိုင်းယဉ်ကျေးမှု ကူးလူးဆက်ဆံမှု မရှိခဲ့ဘူးလို့ ယူဆရပေမဲ့ ရာမဇာတ်နဲ့ အိုဒက်ဆီ ဇာတ်အိမ်ဖွဲ့မှု ကျောရိုးဆင်တူနေတာလေးတွေ တော်တော်တွေ့ရတယ်။ ဒါတခုတည်းတင် မကဘူး။ ဗုဒ္ဓဘာသာရဲ့ ၅၅၀ ဇာတ်တော် (Jataka tales) နဲ့ ဂရိမှာ ဘီစီ ၅၀၀ လောက်မှာ ပေါ်ခဲ့တဲ့ အီစွပ်ပုံပြင်များ (Aesop’s fables) ထဲမှာလဲ ဆင်တူပုံပြင်တွေ အတော်ရှိပါတယ်။ (ရွှေဥ ဥတဲ့ငန်းတို့၊ နှုတ်မပိတ်ဘဲ မနေနိုင်တဲ့လိပ်တို့ စသည်ဖြင့်)။

ရာမယဏနဲ့ အိုဒက်ဆီမှာ ဆင်နေတာတွေကတော့ —

  • ကတိသစ္စာကို တန်ဖိုးထားလို့ မိမိချစ်နေတဲ့ (သီတာမင်းသမီး) ကို အရယူဖို့ မကြိုးစားဘဲ ကြင်ရာရွေးခန်း လေးတင်ပွဲမှာ အလျှော့ပေးလိုက်တဲ့ ညီတော် လက္ခဏနဲ့ အိုဒက်ဆီရဲ့ ဇာတ်ကောင် အိုဒီးစပ် (ပေးခဲ့တဲ့ကတိကို မဖျက်လို၍ ဟယ်လင့်ကို လက်ထပ်ရန် ပြိုင်ဖက် မနဲလပ် ရွေးခံရချိန်မှာ သဘောတူ လက်လျှော့ပေးခဲ့)။

  • ရာဝဏ (ဒဿဂီရိ) ဟာ သီတာကို ခိုးပြေးရာမှာ ပင်လယ်ကိုဖြတ်ပြီး သီဟိုကျွန်းကို သွားခဲ့သလို ဟယ်လင့်ကို ခိုးပြေးသွားတဲ့ ထရွိုင်မြို့ဟာလဲ ဂရိ စပါတာမြို့ပြနိုင်ငံမှ Aegean Sea (အာဂျီယန်ပင်လယ်) ခြားနေခြင်း။

  • နောင်တော် ရာမမင်းသား ဒဿဂီရိကို စစ်တိုက်ဖို့သွားရာမှာ သီတာ့ကို ကျိတ်ချစ်ခဲ့တဲ့ လက္ခဏာဟာ ကူညီဖို့ လိုက်သွားပေးခဲ့ရသလို၊ မနဲလပ် ဟယ်လင့်ကို ပြန်သိမ်းဖို့ စစ်ထွက်ရာမှာ ဟယ်လင့်ကို တချိန်က လက်ထပ်ဖို့ ကြိုးပမ်းခဲ့တဲ့ အိုဒီးစပ်ဟာ ကတိတာဝန်အရ စစ်ကူတိုက်ဖို့ လိုက်ခဲ့ရ။

  • ရာမရဲ့ ၁၄ နှစ်ကြာ ပြည်နှင်ခံအပြီးမှ အခက်အခဲမျိုးစုံကို နှိမ်နင်းပြီး အိမ်အပြန်ဟာ အိုဒီးစပ်ရဲ့ ၁၀ နှစ်ကြာ ကြမ်းတမ်းတဲ့ အိမ်ပြန်လမ်း။

  • အိုဒီးစပ်မရှိတဲ့ နှစ် ၂၀ လုံး၊ သေမှန်းရှင်မှန်းမသိချိန်မှာ နောက်ချစ်သူမရှာဘဲ သစ္စာရှိစွာ စောင့်နေခဲ့တဲ့ သူ့ဇနီး ပင်နလိုပီနဲ့ ဒဿဂီရိလက်ထဲမှာ နည်းမျိုးစုံ ဖြားယောင်းခံရပေမဲ့ မတိမ်းညွတ်ဘဲ ခင်ပွန်း ရာမမင်းသားကိုဘဲ သစ္စာရှိခဲ့တဲ့ သီတာ။ (ဒီနေရာမှာ သီတာနဲ့ယှဉ်သူဟာ ဟယ်လင်မဟုတ်ပါ။ ဟယ်လင်ဟာ ပဲရစ်နောက်ကို စိတ်တူကိုယ်တူ လင်ငယ်နေလို့ လိုက်ပြေးသွားတာပါ။ ပုံပြင်အရတော့ ဂရိနတ် အက်ဖရိုဒိုက်တီး (Aphrodite) က ပဲရစ်ကို ကျေးဇူးဆပ်စရာရှိလို့ နတ်တန်ခိုးနဲ့ ဟယ်လင်သည် ပဲရစ်အပေါ် ယစ်မူးသွားအောင် လုပ်ခဲ့။)

လုံးဝမတူပေမဲ့ ခြုံကြည့်ရင် ပင်လယ်တွေ၊ တောင်တန်းတွေ ခြားပေမဲ့ ဒီပုံပြင် ၂ ခုရော၊ အီစွပ်ပုံပြင်အတော်များနဲ့ ၅၅၀ ဇာတ်တော်ပါ ပုံပြင်တချို့တွေရောဟာ အနှစ်သာရ၊ ကျောရိုးတွေ ဆင်ပါတယ်။ ကိုယ်ကျင့်တရားစောင့်ထိန်းရေး၊ သစ္စာတရား၊ ရိုးသားမှု၊ ဓမ္မနှင့် အဓမ္မ အားပြိုင်မှု၊ ဓမ္မဘက်တော်သားတွေရဲ့ ကြမ်းတမ်းလေ့ရှိသောလမ်း၊ အမှန်တရားအတွက် ပေးဆပ်မှု၊ homecoming လို့ဆိုနိုင်တဲ့ အိမ်အပြန်လမ်း၊ သူရဲကောင်းတို့၏နှလုံးသား၊ လောကဓံကို ကြံ့ကြံ့ခံ၍ ဇွဲမလျှော့လျှင် နောက်ဆုံးမှာတော့ ဓမ္မဘက်တော်သားရဲ့ အောင်ပွဲခံမှုတို့ဟာ လူသားထုရဲ့ moral value လို့ခေါ်တဲ့ တရားစောင့်ဖို့ သင်ခန်းစာပေးရန် ဦးတည်ထားမှုတွေကတော့ ဆင်နေပါတယ်။

ဘယ်ခေတ်၊ ဘယ်ဘာသာ၊ ဘယ်နိုင်ငံမှာ ဖြစ်နေနေ လူဟူ၍ ဖြစ်လာလျှင် သဘာဝမနောစိတ်က အလိုလို အမှန်တရား၊ ဓမ္မကို အားသာစေချင်ခြင်းသည် လောကနိယာမတရားပေလား။ ယနေ့ခေတ် သမိုင်းပညာရှင်၊ ရှေးဟောင်းသုတေသီများ မသိသေးတဲ့ ကူးလူးဆက်ဆံမှုတွေ ကမ္ဘာနှစ်ဖက်ခြမ်းကြားမှာ ရှိခဲ့ခြင်းလား။ ဘာသာရေးရှေ့ဆောင်ကြီးများ၏ ဆင်တူသော သွန်သင်မှုတွေလား ဆိုတာတွေကတော့ ခုထိ အဖြေမလွယ်သေးပါ။ ဒါတွေဟာ တိုက်ဆိုင်မှုတွေပါကွာလို့ လွယ်လွယ်ရော ယူဆနိုင်ပါသလား။ စာဖတ်သူရော ဘယ်လို ထင်ပါသလဲ။

 

Join Us @ MoeMaKa Telegram

t.me@moemaka

Please show your support, donate with Zelle

Zelle to moemaka.org@gmail.com "MoeMaKa Multimedia"

Like and Subscribe MoeMaKa YouTube Channel

youtube.com/@moemaka

Like us on MoemaKa Facebook

Follow us on X

X.com/MoeMaKa

#MoeMaKaMedia

#WhatsHappeningInMyanmar