Breaking News

လေးလေး - ပေါ့ပေါ့ပါးပါး ပရဟိတစကား

လေးလေး - ပေါ့ပေါ့ပါးပါး ပရဟိတစကား

မိုးမခ ၊ ဇွန် ၃ ၊ ၂၀၂၅


“ပရဟိတ ဆိုတဲ့စကား လူတကာ ပါးစပ်ဖျားမှာ ရေပန်းမစားခင်ကတည်းက ရှိနှင့်နေတဲ့သူ” ဆိုပြီး စာရေးဆရာ သန်းမြင့်အောင်က ပရဟိတဆရာဝန်တင်စံဦးကို ဂုဏ်ပြုရေးဖွဲ့တယ်။ မြန်မာပြည်မှာ ပရဟိတ ဆိုတဲ့စကားရေပန်းစားခဲ့တာ ဆယ်စုနှစ်တခုသာသာပဲ ရှိဦးမယ်မှတ်တယ်။ ”ဆယ်လီ”တွေရော၊ ဆယ်မလီ တ လီတွေပါ ပရဟိတလှိုင်းထဲ ပျော်ပျော်ကြီး ဝင်စီးကြရင်း တချို့လည်း ပရဟိတဝဲထဲ တဝဲလည်လည်၊ တချို့လည်း မမီမကမ်းနဲ့ နစ်မလိုလိုတွေ ဖြစ်။ တချို့လည်း ရေလမ်းကြောင်း မှားဝင်မိပြီး နစ်မြုပ်ကြ။

ပရဟိတ ဆိုတဲ့စကားနောက် လိုက်ကြည့်ပြီး ဆန်းစစ်ကြည့်မိတော့ အရင်းခံမူလက ဗုဒ္ဓတရားတွေက လာတာပါပဲ။ ဒါပေမဲ့ ပရဟိတ ဆိုတာ ခရစ်ယာန်မှာလည်း ရှိ၊ မူစလင်မှာလည်း တွေ့ရပါတယ်။လွယ်လွယ်ပြောရင် အများအကျိုး လုပ်ဆောင်တာ၊ ပြောတာသာ လွယ်တာ၊ တကယ် အလုပ်ဖြစ်အောင်လုပ်ဖို့က ထင်သလောက် မလွယ်ပါဘူး။ ဒီနေရာမှာ ဆရာပါရဂူက ပရဟိတ ဆိုတာကို “ဆားဗစ်”ပေးတာလို့ ဖွင့်ဆိုဖူးတာ အမှတ်ရမိတယ်။

ကိုယ် လုပ်ပေးရမယ့် အလုပ်တခုကို စေတနာထည့်ပြီး “ဆားဗစ်”ပေးလိုက်တာ ပရဟိတပါပဲ။အရှင်ဆန္ဒာဓိက က တော့ “အလိုအလျောက် ပရဟိတ”လို့ ဖွင့်ဆိုတယ်။ စောစောကပြောတဲ့ ဗုဒ္ဓတရားက လာတဲ့ ပရဟိတ ဆိုတာကလည်း အထူးအဆန်းမဟုတ်ဘူး။ “မကောင်းမှုရှောင်၊ကောင်းမှုဆောင်၊ ဖြူအောင် စိတ်ကိုထား” ။ မြတ်စွာဘုရားရဲ့ တရားဒေသနာတော်ဟာ ပိဋကတ်သုံးပုံ၊ နိကာယ်ငါးရပ်၊ ဓမ္မက္ခန္ဓာ ရှစ်သောင်းလေးထောင် ရှိတယ်။ အကျဥ်းချုုပ်လိုက်ရင် သုံးမျိုးပဲရှိတယ်။

၁။ မကောင်းမှုကို မပြုလုပ်ခြင်း၊

၂။ ကောင်းမှုကို ပြုလုပ်ခြင်း၊

၃။ မိမိစိတ်ကို ဖြူစင်စွာ ထားခြင်း။


အဲဒီ သုံးမျိုးစလုံးက မိမိအတွက် မဟုတ်ဘဲ သူတပါးအတွက် ကျင့်သုံးရတဲ့ အကျင့်တရားတွေ၊ သူတပါး မထိခိုက် မနစ်နာအောင် မကောင်းမှုကို ရှောင်တာဟာ၊ ကံငါးပါးကို ရှောင်တာဟာ၊ သူတပါးအကျိုးအတွက်ပါ။ ကုသိုလ် ကောင်းမှုပြုခြင်းဟာလည်း  သူတပါးအကျိုးအတွက်ပါပဲ၊ စိတ်ကိုဖြူစင်အောင် ထားတာဟာလည်း မိမိအတွက်ရော သူတပါးအတွက်ပါ ပါပါတယ်။ စိတ်ထားဖြူစင်ပါမှ သူတပါး ထိခိုက်နစ်နာစေမယ့် အလုပ်တွေကို ရှောင်နိုင်မယ်။

ဒီတော့ “မကောင်းမှုရှောင်၊ ကောင်းမှုဆောင်၊ ဖြူအောင် စိတ်ကိုထား” နိုင်ရင် ပရဟိတ အ လုပ် ပြီးမြောက်နေပြီ လို့ဆိုနိုင်တယ်။ အဲဒီသုံးမျိုးကို လိုက်နာလုပ်ဆောင်ဖို့ ဆိုတာက လွယ်မယောင်နဲ့ခက်၊ တိမ်မယောင်နဲ့ နက်တယ်” ဆိုတာ အားလုံးသိကြပါတယ်။ စောစောကပြောတဲ့ “ဆားဗစ်”တို့၊ “အလိုအလျောက် ပရဟိတ”တို့ ဆိုတာတွေနဲ့ ဆက်စပ်ကြည့်လို့ရပါတယ်။

ကိုယ် လုပ်ပေးရမယ့် အလုပ်တခုကို စေတနာထားပြီး အကောင်းဆုံးလုပ်ပေးဖို့ဆိုတာ စိတ်ထားတတ်ပြီး လုပ်ပေးလိုက်ရင် တပါးသူ စိတ်ချမ်းသာမှု ရစေသလို လုပ်ပေးတဲ့ ကာယကံရှင်အတွက်လည်း ဒါနပါရမီ မြောက်တယ်။ ဒါနပါရမီမြောက်အောင် ကုသိုလ်လုပ်တယ်ဆိုရာမှာ စာရေးသူတယောက်အတွက်ဆို ငါ့စာ ဖတ်ပြီး စာဖတ်သူမှာ တခုခု ရသွားပါစေ ဆိုတဲ့ စေတနာပါတာမျိုး၊မဂ္ဂဇင်းအယ်ဒိတာတယောက်ဆို စာမျိုးစုံလင် ပါသွားစေချင်တဲ့ စေတနာမျိုး ထားလိုက်ရုံနဲ့ ပါရမီမြောက်တဲ့ ဒါန ဖြစ်တယ်။ တပါတည်း အလိုအလျောက် ပရဟိတလည်း မြောက် တယ်။

ကိုယ် လုပ်ပေးရမယ့် အလုပ်ကို အကောင်းဆုံး “ဆားဗစ်” ပေးလိုက်တာ အလိုအလျောက်ပရဟိတလို့ ဆိုလိုက်တော့ ကိုယ့်အသက်မွေးဝမ်းကျောင်း အလုပ်နဲ့ ဘာမှ မသက်ဆိုင်တဲ့ အများအကျိုးပြုလုပ်ငန်းတွေကို အချိန်ကုန်ခံ၊ ငွေကုန်ခံ၊ အလုပ်ပျက်ခံ၊ အပင်ပန်းခံပြီးတော့ တမင်တကာလုပ်တဲ့ ပရဟိတကိုတော့ တကူးတက ပရဟိတလို့ ခေါ် ပါတယ်။ မလုပ်ဘဲ နေလည်းရပေမယ့် မနေသာ၊ မနေနိုင်၊ မနေတတ်ဘဲ အချိန်ပေး၊ ငွေပေး လုပ်တာဟာ တကူးတက ပရဟိတပါ။ အများ ပြောဆိုနားလည်တဲ့ ပရဟိတကလည်း အဲဒီ တကူးတက ပရဟိတပါပဲ။

လူတိုင်းလူတိုင်းမှာ အတွေးကိုယ်စီ ရှိကြသလို မြတ်စွာဘုရားမှာလည်း အတွေးရှိတယ်၊ ရှိတဲ့ အတွေးက နှစ်မျိုးပဲ၊

၁။ ဘာဝနာအတွေး၊

၂။ ပရဟိတအတွေး။

အတွေးနှစ်မျိုးပဲ ရှိသလို အလုပ် နှစ်မျိုးပဲ ဘုရား လုပ်သွားတယ်၊ ဘာဝနာအလုပ်နဲ့ ပရဟိတအလုပ်။ စာတွေက ပေးတဲ့ ပရဟိတအကြောင်းတွေ ပြောအပြီး အပြင်မှာ တကယ်ကြုံတွေ့ခဲ့ရတဲ့ အဖြစ်လေးတခုနဲ့ ဒီစာစုကို အဆုံးသတ်ပါမယ်။

ထိုင်းနိုင်ငံ၊ ချင်းမိုင်မှာ ၂၀၂၁ ခုနှစ်၊ စစ်တပ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်း မြန်မာပြည်သား၊လူတန်းစားအလွှာပေါင်းစုံ ရောက်လာကြတယ်။ အကြောင်းကြောင်းကြောင့် ရောက်လာတာကြတာ ဆိုပေမယ့် အများစုကတော့ စစ်တပ်ရန်ကို ရှောင်ပြီး ရောက်လာကြတာ များတယ်။ ဒီတခေါက် စစ်တပ် အာဏာသိမ်းတော့ ထွက်ပြေးရတဲ့သူတွေထဲမှာ “စီဒီအမ်”တွေ အများကြီး ပါတယ်။ ချင်းမိုင်က ခရစ်ယာန်ကျောင်းတခုမှာ မြန်မာပြည်သား စီဒီအမ်အထူးကုဆရာဝန်တွေက အပတ်တိုင်း တရက်မှာ မြန်မာပြည်သားတွေကို ဆေးကုပေးတယ်။ ဖရီး ကုပေးတာပါ။

ကိုယ့်ကျန်းမာရေးအတွက် တိုင်ပင်စရာရှိလို့ သူတို့ ဆေးခန်း တရက် သွားပြရင်း ချပ်ကျောင်းကဆရာတယောက်နဲ့ စကားလက်ဆုံကျတော့ မြန်မာပြည်သားတွေ အများကြီး ချင်းမိုင် ရောက်လာကြတော့ ဘုရားကျောင်းက သူတို့တွေကို ဘာတွေကူညီပေးနိုင်မလဲ စဉ်းစားပြီး အခု ဆေးခန်းလေး ဖွင့်ဖြစ်တယ်။ အလယ်တန်းနဲ့ အထက်တန်းအဆင့် ကျောင်းလေးတခုပါ တွဲဖွင့်ထားပေးပြီး ကျန်းမာရေးနဲ့ပညာရေးအပိုင်းတွေအတွက် နိုင်သလောက် လုပ်ပေးနေတာလို့ ပြောပြတယ်။

ချင်းမိုင်မှာ မြန်မာဘုန်းကြီးကျောင်းတွေ လေး၊ ငါးကျောင်းအနည်းလေးရှိတာ ဒါမျိုးလုပ် ပေး တယ် မကြားရဘူး။ ဗုဒ္ဓဘုရားလို မတွေးကြဘူး ထင်ပါရဲ့။ ပေါ့ပေါ့ပါးပါး ပရဟိတစကားလို့ မှတ်ပေးပါ။


စာကိုး-

  • ပရဟိတစိတ်ဓာတ် (အရှင်ဆန္ဒာဓိက)
  • ပရဟိတ(ပါရဂူ)
  • မြင့်မြတ်သူတို့ရဲ့ အလုပ်(ရဝေနွယ်-အင်းမ)





Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar