စစ်ဘေး၊ ရေဘေး၊ ငလျင်ဘေးနဲ့ ပညာရေး ကဏ္ဍ
မြန်မာနွေဦးခရိုနီကယ် - ဇွန် ၂ မြင်ကွင်း
(မိုးမခ) ဇွန် ၃ ၊ ၂၀၂၅
စစ်ဘေး၊ ရေဘေး၊ ငလျင်ဘေးနဲ့ ပညာရေး ကဏ္ဍ
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်မှာ ကိုဗစ်ကူးစက်ရောဂါ ကြောင့် စာသင်ကြားမှုတွေ ဆိုင်းငံ့ထားတဲ့စာသင်ကျောင်းတွေက ကြီးမားတဲ့နိုင်ငံရေးလှုပ်ရှားမှုတွေ၊ ဆန္ဒပြမှုတွေရဲ့အကျိုးသက် ရောက်မှုတွေ ထပ်မံခံစားခဲ့ရပြန်ပါတယ်။ ၂၀၂၀ မတ်လ ကစလို့ ကိုဗစ်ကူးစက်မှုတွေ ကြောင့် စာသင်ကျောင်းတွေ ဖွင့်လိုက်ပိတ်လိုက် ဖြစ်နေခဲ့ရာက ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးနောက် ကြုံတွေ့လာရတဲ့ အကျိုးဆက်တွေက ကိုဗစ်ကူးစက်ရောဂါဘေးထက် ဆိုးရွားပြီး ကာလရှည်ကြာခဲ့တာ ယခုအချိန်ထိ ရင်ဆိုင်ကြုံတွေ့နေရဆဲ ဖြစ်ပါတယ်။
စစ်အာဏာသိမ်းမှုရဲ့ ဂယက်က ကျောင်းဆရာ၊ ဆရာမ၊ ကျောင်းအုပ် အစရှိတဲ့ ပညာရေးဝန်ထမ်းတွေကိုကြီးမားစွာရိုက်ခတ်ခဲ့ပြီး Civil Disobedient Movement လှုပ်ရှားမှုကိုရွေးချယ်ကြတဲ့ ပညာ ရေးဝန်ထမ်းတွေက စာသင်ကျောင်းတွေ၊ တက္ကသိုလ်၊ ကောလိပ်တွေကို စွန့်ခွာပြီး၊ တက္ကသိုလ်နဲ့ အထက်တန်း ကျောင်းသားအချို့ပါ အာဏာသိမ်းစစ်ကောင်စီရဲ့ ကျောင်းဆက်မတက်ဖို့ လမ်းကိုရွေးချယ်ပြီး CDM ကျောင်းသားဖြစ်ခဲ့ကြပါတယ်။
အဲဒီနောက် အမျိုးသားညီညွတ်ရေး အစိုးရက အွန်လိုင်းမှာ ကြားကာလ ပညာရေးဆိုတဲ့ ခေါင်းစဥ်နဲ့ CDM ပညာရေးဝန်ထမ်းတွေ ပါဝင် NUG အသိအမှတ်ပြု စာသင်ကျောင်းတွေဖွင့်လှစ်ခဲ့ကြပါတယ်။ CDM ကျောင်းသားတွေထဲက အထက်ပါအွန်လိုင်းကျောင်းတွေမှာ ဆက်လက်သင်ယူတာတွေလည်းရှိသလို အွန်လိုင်းကနေ မသင်ယူနိုင်တဲ့ ကျောင်းသားတွေလည်း အများအပြားရှိခဲ့တာ ဖြစ်ပါတယ်။ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းခါစမှာတော့ လက်နက်ကိုင်တော်လှန်ရေး စစ်အာဏာရှင် စနစ်ပြုတ်ကျရေးဟာ လပိုင်းသို့မဟုတ် တနှစ်အများဆုံး နှစ်နှစ်ခန့်သာကြာမယ်လို့ နိုင်ငံရေးခေါင်း ဆောင်သူတွေကလည်း စိတ်အားတက်ကြွအောင် ဟောပြောကြသလို ပြည်သူလူထုကလည်း ရိုး သားစွာယုံကြည်ခဲ့ကြပြီး မိမိတို့သားသမီးတွေ တနှစ်တန်သည် နှစ်နှစ်တန်သည် ပညာမသင်ကြားရတဲ့အဖြစ်ကို ပေးဆပ်မှုတခု၊ နိုင်ငံရေးအရ ခိုင်မာတဲ့ရပ်တည်မှုတခုအဖြစ်ယူဆကာ ကျော်ဖြတ်ခဲ့ကြတာလည်း တွေ့ရပါတယ်။
ဒီအခြေအနေတွေက ငွေကြေးတတ်နိုင်တဲ့ လူလတ်တန်းစားနဲ့ အထက်တန်းလွှာတွေရဲ့ ပညာရေးအခြေအနေကိုဆိုလိုတာမဟုတ်ပဲ သာမန်ပြည်သူတွေရဲ့ အခြေအနေကို ရည်ညွှန်းပြောဆိုတာ ဖြစ်ပါတယ်။
လက်နက်ကိုင် တော်လှန်ရေး ကြာမြင့်လာတာနဲ့ အမျှ အထက်တန်းပညာရေး တပိုင်းတစနဲ့ ရပ်ဆိုင်းနေရတဲ့ ကျောင်းသားတွေ အဖို့ စစ်ကောင်စီဖွင့်တဲ့ ကျောင်းတွေကိုလည်း ပြန်လည်တက်ရောက်ဖို့ စိတ်မပါတော့သလို ပုဂ္ဂလိကကျောင်းတွေမှာ သင်ယူဖို့လည်း ငွေကြေးမတတ်နိုင်တဲ့ အခြေအနေမျိုးရင်ဆိုင်ရပါတယ်။ NUG က အသိအမှတ်ပြုဖွင့်လှစ်ထားတဲ့ အွန်လိုင်းစာသင် ကျောင်းတွေကလည်း သင်ကြားသူဆရာတွေအဖို့လည်း လုံခြုံရေးအန္တရာယ် စိုးရိမ်ရသလို ပြည် တွင်းက သင်ယူသူတွေအဖို့လည်း သင်ကြားသူတွေလောက် အန္တရာယ်မရှိသည့်တိုင် စိတ်ချလက်ချ သင်ယူနိုင်တဲ့ အနေအထားတော့ ရှိမနေပါဘူး။
ဝင်ငွေရှိလို့မဟုတ်ပဲ စုဆောင်းထားတဲ့ ငွေကြေး၊ ပိုင်ဆိုင်မှုတချို့ရောင်းချပြီး အိမ်နီးချင်းထိုင်းနိုင်ငံမှာ သားသမီးတွေကို ကျောင်းထားကြတဲ့သူတွေလည်းရှိပေမယ့် လူနည်းစုလို့ ဆိုနိုင်ပါတယ်။ သာမန်လူထုတွေထဲက မိဘတွေနဲ့အတူ ထိုင်းနိုင်ငံမှာ တရားမဝင်ရောက်ရှိလာပြီး မိဘတွေက ရွှေ့ ပြောင်းလုပ်သား ခေါင်းစဥ်အောက်မှာ အလုပ်လုပ်ရင်း သားသမီးတွေက ရွှေ့ပြောင်းလုပ်သား သား သမီးတွေအတွက် စေတနာ့ဝန်ထမ်းဖွင့်လှစ်ထားကြတဲ့ ကျောင်းတွေမှာ သင်ယူနေကြရတာတွေလည်း အများအပြားရှိပါတယ်။ အဆိုပါ စာသင်ကျောင်းတွေကို ထိုင်းအာဏာပိုင်တွေက မကြာ ခဏ စစ်ဆေးပြီး သင်ကြားသူတွေကို ဖမ်းဆီးတာ၊ ကျောင်းတွေပိတ်သိမ်းစေတာတွေ လုပ်ဆောင်တာလည်း သတင်းတွေထဲ ဖတ်ရှုနေကြရတာပါ။
စစ်အာဏာသိမ်းမှု၊ လက်နက်ကိုင်တော်လှန်ရေး၊ ပြည်တွင်းစစ်၊ ရေဘေး နဲ့ ငလျင်ဘေး စတာတွေက မြန်မာနိုင်ငံက သာမန်ပြည်သူလူထုရဲ့ သားသမီးတွေ ပညာရေးကို တခုပြီးတခု အတားအဆီး ဖြစ်စေတဲ့ အကြောင်းအရာတွေ ဖြစ်လာစေပါတယ်။
စစ်အာဏာရှင်စနစ်ဖယ်ရှားရေး တနည်းအားဖြင့် အာဏာသိမ်းစစ်ကောင်စီတပ်ကို အပြီးတိုင်အနိုင်ရရေးက ပထမအနေနဲ့မှတ်ယူပြီး ပညာသင်ကြားရေးကို ကာလတခုထိ ဦးစားပေးမလုပ် ဆောင်နိုင်သေးဘူးဆိုတဲ့ယူဆချက်က တော်လှန်ရေးအချိန်ကြာမြင့်လာတာနဲ့အမျှ လွဲမှားတဲ့ ယူဆ ချက် သို့မဟုတ် နည်းလမ်းဆိုတာ သဘောပေါက်လာကြပါတယ်။ သို့ပေမယ့် ပွင့်ပွင့်လင်းလင်း ဆွေးနွေးပြောဆိုကြတဲ့အနေအထားတော့ မရောက်ရှိသေးပါဘူး။
အခြေခံပညာရေးသင်ယူတဲ့ ကျောင်းသူကျောင်းသားတွေ၊ အထက်တန်းပညာသင်ယူနေတဲ့ လူငယ်တွေကို နိုင်ငံရေးဇတ်သွင်းခြင်းမပြုပဲ ပညာရေးကို ပညာရေးသီးသန့်အဖြစ် စဥ်းစားတဲ့ယူဆချက်က မြန်မာနိုင်ငံမှာ ရေပန်းမစားပါဘူး။ အချို့သောနိုင်ငံရေးသမားတွေအနေနဲ့ ပညာရေးနဲ့ ကျန်းမာ ရေးနယ်ပယ်က CDM လုပ်ခြင်းကို ငြိမ်းချမ်းစွာဆန္ဒပြမှုကာလမှာ အထောက်အကူပြုတဲ့လှုပ်ရှား မှုတခုအနေနဲ့သာ လုပ်ဆောင်စေလိုပြီး ကာလအကန့်အသတ်တခုရောက်ရှိချိန်မှာ ပညာရေးနဲ့ ကျန်းမာရေးဝန်ထမ်းတွေရဲ့ CDM လှုပ်ရှားမှုကိုရပ်ဆိုင်းဖို့ ဆုံးဖြတ်သင့်တယ်လို့ ယူဆမှုတွေလည်း ရှိခဲ့ကြပေမယ့် အဆိုပါ နည်းလမ်းကို ရွေးချယ်ခြင်း မပြုခဲ့ကြပါဘူး။
ဒါက နိုင်ငံရေးနဲ့ ပညာရေး ဆက်နွယ်မှု ဖြစ်ပါတယ်။ ပညာရေး၊ ကျန်းမာရေးနဲ့ ဘယ်အကြောင်းကိစ္စမဆို နိုင်ငံရေးရဲ့ လက်အောက်ခံသာဖြစ်တယ်ဆိုတဲ့ နိုင်ငံရေးအဆိုလည်း ရှိပါတယ်။ အဆိုပါ အဆိုက မမှားပါဘူး နိုင်ငံရေးစနစ်မကောင်းရင် ပညာရေး၊ ကျန်းမာရေးသာမက အခြားသော စာပေ၊ ယဥ်ကျေးမှု အစရှိတဲ့ နယ်ပယ်တွေမှာပါ ယိုယွင်းမှုတွေ ပျက်စီးမှုတွေရှိလာမယ်ဆိုတဲ့ သဘောသဘာဝကိုရည်ညွှန်းခြင်း ဖြစ်ပါတယ်။ ဒီအချက်က အငြင်းပွားစရာမရှိသော်လည်း နိုင်ငံ ရေးပြဿနာကို အဖြေရှာနေတဲ့ကာလအတွင်း အခြားသောအကြောင်းအရာတွေဖြစ်တဲ့ ကျန်းမာ ရေး၊ ပညာရေးလို အများပြည်သူဝန်ဆောင်မှုကဏ္ဍတွေကို တတ်နိုင်သရွေ့ ထိန်းသိမ်း ဝန်ဆောင်မှုပေး/ မပေးက ပြဿနာသို့မဟုတ် အရေးကြီးတဲ့ဆုံးဖြတ်ချက် ဖြစ်ပါတယ်။
စစ်အာဏာရှင်ရဲ့အုပ်ချုပ်မှုအောက်မှာရှိတဲ့ မန္တလေးနဲ့ စစ်ကိုင်းဒေသကနယ်မြေတွေမှာ ငလျင်ဘေးကြောင့် စာသင်ကျောင်းတွေပျက်စီးခဲ့ကြရသလို မပျက်စီးဘဲကျန်ရှိတဲ့အဆောက်အဦတွေမှာလည်း ငလျင်ဘေးဒုက္ခသည်တွေ ယာယီခိုလှုံနေထိုင်နေကြရာက ကျောင်းဖွင့်ရာသီရောက်ရှိလာချိန်မှာ စာသင်ကျောင်းတွေက ဒုက္ခသည်တွေကိုဖယ်ရှားဖို့ ညွှန်ကြားချက်ထုတ်ပြန်ပြီး ငလျင်ဘေးဒုက္ခသည်တွေ ရွှေ့ပြောင်းပေးကြရတဲ့အကြောင်း သတင်းတွေမှာ ဖတ်ရှုကြရတာ ဖြစ်ပါတယ်။
ပျက်စီးနေတဲ့ စာသင်ကျောင်းတွေမှာ ဘယ်လိုစာသင်ကြားကြရမလဲဆိုတာလည်း မေးခွန်းထုတ်စရာ ဖြစ်သလို တိုင်းရင်းသားလက်နက်ကိုင်ဒေသနဲ့ PDF ထိန်းချုပ်နယ်မြေတွေက ဗုံးကြဲခံရတဲ့ စာသင်ကျောင်းတွေရဲ့အဖြစ်တွေကလည်း စိတ်နာကျင်စရာကောင်းတဲ့အခြေအနေတွေ ဖြစ်ပါတယ်။ စစ်ပွဲတွေကြားမှာ သဘာဝဘေးအန္တရာယ်တွေကြားမှာ စာသင်ကြားနေရတဲ့ မြန်မာနိုင်ငံက ကလေးသူငယ်တွေနဲ့ လူငယ်တွေရဲ့ ပညာရေးက ပြန်လည်ထူထောင်မယ့် မြန်မာနိုင်ငံရဲ့ အနာဂတ် အတွက်အရေးပါတဲ့ အရာလည်း ဖြစ်ပါတယ်။
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar