Breaking News

မောင်တူး - စုမွေးနေ့ ၈၀ ကြို ကဗျာများ (၉)


မောင်တူး - စုမွေးနေ့ ၈၀ ကြို ကဗျာများ (၉)

မိုးမခ ၊ ဇွန် ၃ ၊ ၂၀၂၅



ပြည်ထောင်စုပန်း၊ အောင်ဆန်းစုကြည်

မြန်မာပြည်တည့်၊ ကိုယ့်ပြည်ကိုယ်သတ်

ခွေးဇာတ်ခင်းရာ၊ ငါမပါနိုင်

ဒရိုင်ဘာ “သူ” သည်၊ ဂီယာကိုပြောင်း

လမ်းဘေးမောင်းချ၊ ခါးကသေနတ်ပြောင်း

မြောင်းထဲရောက်ချိန်၊ မီးထိန်ထိန် ကြား

အမေစုကား လွတ်မြောက်သွားခဲ့ပြီ။ ။

ကျော်ကျည်ခိုင် (ဒီပဲယင်း)

၏ " ကြယ်မကြွေသူမသေ" ဒီပဲယင်း ၁၃ နှစ်မြောက် ကဗျာမှ

၆၂ ပုဒ် အမေစု ဂုဏ်ပြုကဗျာတွေ ရခဲ့ပြီးပြီ။ ပြီးခဲ့တဲ့ စုမွေးနေ့ကြို ဂုဏ်ပြုကဗျာများ အပိုင်း ၈ အထိပေါ့။ အခု အပိုင်း ၉ မှာ ၆၃ ပုဒ်မြောက် ကဗျာရှင် နွေဦးရဲ့ ကဗျာကို ဖော်ပြလိုက်ပါတယ်။

အဓမ္မတရားရဲ့ရန်ဘက် (နွေဦး)

(မိုးမခ) မေ ၂၆၊ ၂၀၂၅

(၁)

နွေနှောင်းကာလ

သဘာဝတွေ ပြောင်းလဲခဲ့တာ

သူမ မြင်ခဲ့ကြုံခဲ့တာ

အကြိမ် ၈၀ ပြည့်ပြီပေါ့

ဇွန်လ ရဲ့ မိုးရေစက်တွေအောက်

ဇရာကို အံတု

ရာဇဝင်ပြောင်လောက်အောင်

တိုင်းပြည်ကို ချစ်တဲ့သူ။

(၂)

ခြေတပေါင်းကျိုး

နိမ့်မျိုး နိမ့်မြင့်

မလှမ်းချင်ချင် လှမ်းချင်ချင်ဖြင့်

ခေတ်ဝန် ခေတ်အပိုး

ခေတ်ဆိုးခေတ်ကြပ်ထဲ

ဆန္ဒမဲ့စွာ အဲဒီဝန်ကို

ထမ်းခဲ့သူ မှ မဟုတ်တာ။

(၃)

တိုင်းပြည်ဂုဏ်ဝါ ကောင်းမယ်ဆို

ကိုယ်အရိုး ကိုယ်သယ်ဖို့မတွန့်မဆိုင်း

ဓားတောင်ကိုလည်း ကျော်ဝံ့သူ

မီးပင်လယ်လည်း ကူးဝံ့သူ

သေချင်သေ ရှင်ချင်ရှင်

အင်မတန့် အင်မတန်

သမိုင်းရာဇဝင် ရိုင်းမှာကို

သေရမှာ ထက်ကြောက်တဲ့သူ။

(၄)

နေရောင်ခြည်ေအာက်

လရောင်ဝါအောက်လည်း

လိပ်ပြာလုံစွာ လျှောက်ခဲ့ဖူးတယ်။

မှောင်မည်းပိန်းပိတ်

နံရံလေးဘက်ကြား

နှောက်မျိုးဆက်အကျိုး

ရည်သန်မျှော်ကိုးလို့

အဓမ္မတရားကို အံတုဝံ့သူ။

(၅)

သူမ မပါဘဲ မျိုးဆက်သစ်တို့

ကိုယ့်လမ်း ကိုယ်လျှောက်နိုင်ရင်

ခေတ်ကိုကြည့်ပြီး ပြုံးပြုံးကြီး ကျေနပ်ဝံ့သူ။

ကြက်တူရေး စာအံ ပညာတတ်ကလေးရေ

မင်းတို့ပြောသလို မဲစာရင်းစစ်ခွင့်ပြုရင်ရော

အာဏာက မသိမ်းတော့ဘူးလား။ ။

၂၅.၅.၂၅ (လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်အား ဤကဗျာဖြင့် ဂုဏ်ပြုအပ်ပါတယ်။)

၆၄ ပုဒ်မြောက် ကဗျာကတော့ ၂၀၁၃ ခုနှစ်က အမေစု ကဗျာစာအုပ်ကို တကိုယ်တော် ထုတ်ဝေထားခဲ့တဲ့ ကဗျာဆရာ ဌေးအောင်ကိုရဲ့ ကဗျာပါ။

#အမေ့ခေါင်းထက်ကပန်းတပွင့် (ဌေးအောင်ကို)

အမေ

အမေ့နောက်မှာ သားတို့ရှိနေပါတယ်အမေ

အမေသွားမယ့်ခရီး ဘယ်လောက်ဝေးပြီး

အမေလျှောက်တဲ့လမ်း ဘယ်လောက်ကြမ်းသလဲဆိုတာ

သားတို့ မသိပဲ နေပါ့မလားအမေ။

အမေကတော့ အပူရုပ်ကို ဟန်လုပ်နိုင်စွမ်းတယ်နော်

ကြည့်စမ်း ပန်းတွေ ပန်းတွေ အမေ့ခေါင်းမှာဝေလို့

ဗေဒါလမ်း ကဗျာထဲကလို အမေဟာ မဗေဒါလေ

ဘဲအုပ်တွေ ဒိုက်သရောတွေကို အမေရှင်း

ခလုတ် ကန်သင်းတွေကို အမေကျော်ဖြတ်။

မတ်တပ်က မယိုင် ထိုင်ရာကမလဲ

မိုးသည်းနေပူ ဖုံထူလည်းအမေမနား

ငါ့သားတွေကို ထိမသွားစေရဘူး

ငါ့သမီးတွေကို မထိပါးစေရဘူးတဲ့လား

သားတို့ဟာအမေ့သား သားတို့ဟာအမေ့စကားလေ။

အမေ့နှလုံးရည်တိုက်ပွဲ သားတို့လည်း နွှဲမယ်အမေ

သွေးရဲရဲနဲ့ အမေချီတက် အမေ့ခေါင်းထက်က ပန်းတပွင့်

လန်းစွင့်နေရမယ် မကြွေလွင့်စေရ စိတ်ချစမ်းပါအမေ

တောကြမ်းတောင်ကြမ်း ကြမ်းနိုင်သလောက် ကြမ်းပါတော့လေ

မမောတမ်းမရှောင်တမ်း ပန်းတိုင်အရောက် လှမ်းတာပေါ့အမေ။ ။

ဆရာဌေးအောင်ကိုရဲ့ ဆယ့်ကိုးဇွန်မွေးအောင်ဆန်းသွေး စုကဗျာများစာအုပ်မှ ..

၆၅ ပုဒ်မြောက်ကတော့ ကဗျာရှင် လက်ရုံးနီ ရဲ့ " သံမဏိပွင့်ချပ်တွေနဲ့ တော်လှန်ရေးနှင်းဆီ" ကဗျာရှည်ကြီးတပုဒ်ပါ။ ဒီလှိုင်းစာစောင်က ရတာပါ။


သံမဏိပွင့်ချပ်တွေနဲ့တော်လှန်ရေးနှင်းဆီ (လက်ရုံးနီ)

"စစ်တမ်းတွေအရ

အင်္ဂလိပ်တွေဟာ

စစ်သားတွေကို

ဆရာဝန်တွေထက် ပိုပြီးလေးစားကြပါတယ်။

သူတို့ပြည်သူတွေက

စစ်သားတွေကို ကိုယ်ကျိုးမဖက်သူ (Selfless) တွေ၊

တိုင်းပြည်အတွက် ပေးဆပ်သူတွေလို့

မြင်ထားကြလို့ပဲ။

ဒီတော့ ကိုယ်ကျိုးမဖက် (Selfless) ဆိုတဲ့ စကားဟာ

လေးစားအပ်သော ဂုဏ်ရှိတဲ့

စစ်တပ်တခုအတွက်တော့ အဓိကပါပဲ။

ကျမက မြန်မာစစ်တပ်ကို ဒီလိုမျိုး ဖြစ်စေချင်ပါတယ်။"

အင်္ဂလန် ဆင်းဟတ် တော်ဝင်စစ်တက္ကသိုလ်မှာ

ဒေါ်အောင်ဆန်းစုကြည်က

သူမရဲ့မိန့်ခွန်းထဲ အဲ့ဒီလို ထည့်ပြောခဲ့ပါတယ်။

သူမက မြန်မာစစ်တပ်နဲ့ ပတ်သက်လို့

အကောင်းမြင်လွန်းခဲ့သလို

အကောင်းတွေမျှော်လင့်ခဲ့ပေမယ့်လည်း

ခုအချိန်မှာ စစ်တပ်က

သူမဖြစ်စေချင်တာနဲ့ ဆန့်ကျင်ဖက်အရပ်ဆီ

ယောင်းမကိုမြင်းစီးပြီး

ဘယ်လိုဒုန်းစိုင်းထွက်သွားခဲ့သလဲဆိုတာကိုတော့

မျက်ရည်တွေ၊ သွေးတွေ၊ အသက်တွေ၊ ဘဝတွေ၊

ဒုက္ခသုက္ခတွေနဲ့ ရင်းပြီးမှ

အားလုံးက အရိုးထဲစွဲတဲ့အထိ သိခဲ့ကြပြီလို့

ဆိုရတော့မယ်။

"ကျမတို့ကို ဘယ်လိုပဲ ဝေဖန်ဝေဖန်၊

ဘယ်လိုပဲ တိုက်ခိုက်တိုက်ခိုက်

ကျမတို့ရဲ့ တုန့်ပြန်မှုဟာ အဆင့်အတန်းရှိရမယ်။

မှန်ကန်ရမယ်။ ယဉ်ကျေးရမယ်။

ယဉ်ကျေးသိမ်မွေ့မှုဆိုတာ

ကျမတို့ အနုပညာရှင်များအတွက်

အင်မတန်မှ အရေးပါပါတယ်။ "

" နိုင်ငံရေးလောကမှာလည်း

ယဉ်ကျေးမှုက အရေးကြီးပါတယ်တဲ့။ "

၂၀၁၈ မတ် ၂၃ ရက်နေ့

ရုပ်ရှင်အကယ်ဒမီပေးပွဲမှာ

ဒေါ်အောင်ဆန်းစုကြည်ပြောခဲ့တဲ့ စကားကိုကြည့်ရင်

သူမအနေနဲ့

သူမကိုယ်တိုင်တင်မက

တိုင်းသူပြည်သားတွေကိုပါ

လူကြီးလူကောင်းစိတ် မွေးမြူစေချင်သလို

လူကြီးလူကောင်း နိုင်ငံတော်ကြီးကို မျှော်မှန်းခဲ့ပုံပါပဲ။

ဒါပေမယ့်

အတောင်နှစ်ဆယ်ဝတ် ယောကျ်ားအရင့်အမာ

စစ်ခေါင်းဆောင်ကြီးတွေကတော့

လူကြီးလူကောင်းဆန်ဖို့ဝေးစွ၊

ကမ်းကုန်အောင်ကို

ကြမ်းကြုပ်ရက်စက်ခဲ့ကြပြီး

ဒေါ်အောင်ဆန်းစုကြည် ဖြူစင်လွန်းသလောက်

သူတို့တွေက

အင်မတန် အောက်တန်းကျကျ

ကောက်ကျစ်ယုတ်မာခဲ့ကြတယ်မဟုတ်လား။

ဒေါ်အောင်ဆန်းစုကြည်က

ရိုးသားတဲ့ သိုးငယ်ဆိုရင်

စစ်ဗိုလ်ချုပ်ကြီးတွေက

ကောက်ကျစ်တဲ့ ဝံပလွေတွေလိုပါပဲ။

ဒေါ်အောင်ဆန်းစုကြည်က

သူမရဲ့ NLD အရပ်သားအစိုးရ မဖွဲ့ရသေးခင်

ပြည်ပမီဒီယာတခုနဲ့ အင်တာဗျူးမှာ

ပြောခဲ့တာရှိတယ်။

" အစိုးရအဖွဲ့ထဲမှာ

ကျမ ပါဝင်လာရမယ်လို့ထင်တယ်

ဒါက ကျမလုပ်ရမယ့် အလုပ်ကိစ္စတခု ဖြစ်နေပါတယ်။

တက်မယ့်အစိုးရကတော့

သက်သာမယ်မဟုတ်ဘူးလို့ ကျမပြောနိုင်ပါတယ်။

နှစ်ပေါင်း ၂၆ နှစ်၊ ၂၇ နှစ်လောက်

တိတ်တဆိတ် ဒုက္ခခံလာရတဲ့ ပြည်သူတွေဟာ

ရင်ဖွင့်ကြတော့မှာပါပဲ။

လူတိုင်းကို ကျေနပ်မှု ပေးနိုင်လောက်အောင်

မြန်ဆန်တဲ့ ပြုပြင်ရေး လုပ်ငန်းတွေကိုလည်း

ဘယ်အစိုးရကမှ လုပ်နိုင်မယ် မဟုတ်ပါဘူး။

ပြည်သူတွေကတော့

နောင်တက်လာမယ်အစိုးရကို

ကောင်းကောင်းကြီး ကသိက‌အောင့်ဖြစ်အောင်

လုပ်ကြတော့မှာပါပဲ။ "

သူမ တင်ကြိုခန့်မှန်းထားခဲ့တဲ့အတိုင်း

ပြည်သူတင်မြှောက်ထားတဲ့ NLD အစိုးရဟာ

စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးကအစ

နယ်ပယ်ပေါင်းစုံက

ပြဿနာပေါင်းသောင်းခြောက်ထောင်

တနည်းပြောရရင်

ခေတ်အဆက်ဆက်

တောင်လိုစုပုံနေတဲ့

စနစ်ဆိုးအမွေ၊ အမှိုက်သရိုက်တွေကို

ရှင်းရင်းနဲ့

အခြားတဖက်မှာလည်း

လွတ်လပ်ခွင့်၊ ပွင့်လင်းမြင်သာမှု စတဲ့

ဒီမိုကရေစီ အခြေခံအုတ်မြစ်တွေ

ခိုင်မာစေဖို့ အားထုတ်လုပ်ဆောင်ခဲ့တာ

အားလုံးအသိပဲ။

ပြည်သူတွေဟာ

အကြောက်တရား အမှောင်ထုအောက်

နှစ်ပေါင်းများစွာ ပိတ်လှောင်ခံနေရာကနေ

သူမရဲ့ အရပ်သားအစိုးရလက်ထက်မှာ

ကုန်းထ ရုန်းထွက်လာနိုင်ကြသလို

မိမိတို့ရဲ့

ဒီမိုကရေစီ ရပိုင်ခွင့်၊ မွေးရာပါလူ့ခွင့်အရေး

စတာတွေကို

နားလည် တန်ဖိုးထားလာတဲ့အလျောက်

ကာလည်းကာကွယ်တတ်လာကြတယ်။

မှတ်ချက်။ ။ ကဗျာဟာ မဆုံးသေးပါ။ ဆောင်းပါးမှာတော့ ဒီလောက်ပဲ ဖော်ပြလိုက်ပါတယ်။

၆၅ ပုဒ်မြောက် စု ၈၀ မွေးနေ့ ဂုဏ်ပြုကဗျာကတော့ စာရေးဆရာ ကဗျာဆရာ နေဘုန်းလတ်ရဲ့ ကဗျာပါ။ ဦးနေဘုန်းလတ်ဟာ NUG အစိုးရ ပြောခွင့်ရသူတဦးလည်း ဖြစ်ပါတယ်။ ဘလော့ဂါ နေဘုန်းလတ် အဖြစ် ထင်ရှားပါတယ်။

ပြည်သူကိုချစ်သော . . . ပြည်သူကချစ်သော . . . သူ (နေဘုန်းလတ်)

အဲဒီမျက်ဝန်းရဲ့

နူးညံ့ပြတ်သားသော အကြည့်တွေအောက်မှာ

စိုးရွံ့အားငယ်စိတ်တွေ ပြေလျော့ကွယ်ပျောက်သွား . . .

အဲဒီနှုတ်ခမ်းက

ဝံ့စားချိုမြိန်သောအပြုံးတွေ ဖူးအပွင့်မှာ

မျှော်လင့်ချက်အသေတွေ ပြန်ရှင်သန်လန်းစွင့်လာ . . .

အဲဒီနှလုံးသားက

ပြေပြစ်ညင်သာသော ရင်ခုန်သံစည်းချက်မှ

အသွယ်သွယ်သောလားရာတွေပေါင်းဆုံရှေ့ဆက်ကြ . . .

သူ့မျက်ဝန်းတွေက ငါတို့အတွက် စွမ်းအား

သူ့နှုတ်ခမ်းက ငါတို့လိုအပ်တဲ့ အလင်းရောင်

သူ့နှလုံးသားက ငါတို့ရှာဖွေနေတဲ့ အလှတရား

သူဟာ . . . ပိတ်ထားခံရတဲ့ တံခါးအထပ်ထပ်ကို

ရင်နဲ့ ရင်းပြီး တွန်းဖွင့် တိုးထွက်ခဲ့သူ

စိတ်ဝိဉာဉ်တွေကို ကြောက်ရွံ့ခြင်းမှလွတ်ကင်းစေသူ

သူဟာ . . . မေတ္တာလက်နက်ကို အပြုံးမပျက်ကိုင်စွဲ

အမုန်းတံတိုင်းတွေကို ငြိမ်းချမ်းခြင်းနဲ့ ပြိုလဲစေသူ

သူ . . .

အဘိုးအဘွားတို့ရဲ့ သမီးစု . . .

ဦးဦးဒေါ်ဒေါ်တို့ရဲ့ မစု . . .

မောင်တို့မယ်တို့ရဲ့ အန်တီစု . . .

သားတို့ သမီးတို့ရဲ့ အမေစု . . .

တိုင်းပြည်နဲ့ လူမျိုးရဲ့ အောင်ဆန်းစုကြည် . . .

သူဟာ . . . မိသားစုတိုင်းရဲ့ မိသားစုဝင်

အပေးအယူမဲ့ မြန်နိုးချစ်ခင်ခြင်းတွေနဲ့

အပြန်အလှန် မေတ္တာ သက်ဝင်ခဲ့ကြ . . .

ပြည်သူကိုချစ်သော . . . ပြည်သူကချစ်သော သူ့ကို

ပြည်သူလူထုရဲ့ နှလုံးသားတွေထဲကနေ

ဘယ်လိုမှ ဖယ်ထုတ်လို့ မရပေဘူး။ ။

၆၆ ပုဒ်မြောက် ကဗျာကတော့ ကဗျာရှင် ဒီအောင်မွန်း ရဲ့ ကဗျာပါ။ ၂၀၂၄ ဒီလှိုင်းစာစောင်ပါ စု ၇၉ မွေးနေ့ ဂုဏ်ပြုကဗျာပါ။

ထင်ရှားသော အမှတ်အသားများ (ဒီအောင်မွန်း)

အမေစုဟာ

ငါတို့အားလုံးရဲ့မျက်လုံးဖြစ်တယ်။

အမေစုဟာ

ငါတို့အားလုံးရဲ့ နားဖြစ်တယ်။

အမေစုဟာ

ငါတို့အားလုံးရဲ့ နှလုံးသားဖြစ်ပြီး

ကမ္ဘာက ဖွင့်ထားတဲ့ တံခါးတချပ် ဖြစ်တယ်။

အမေစုဆိုတာ

မြန်မာပြည်သားတို့ရဲ့ ဖတ်စာအုပ်တအုပ်ဖြစ်ပြီး

ငါတို့အားလုံးရဲ့ ထီးတချောင်းလည်းဖြစ်တယ်။

အမေစုဆိုတာ

ငါတို့အားလုံးရဲ့ ပန်းတိုင်ဖြစ်ပြီး

လမ်းပြမြေပုံတခုလည်း ဖြစ်တယ်။

အမေစုဟာ

ငါတို့ခေါင်းပေါ်က ပန်းတပွင့်ဖြစ်တယ်။ ။

နောက်ထပ် ၆၇ ပုဒ်မြောက်ကတော့ ဆရာကြီး ကိုလေး(အင်းဝဂုဏ်ရည်) ရဲ့ ကဗျာပါ။ ဆရာကြီးဟာ သက်တော်ရှည် ကဗျာဆရာကြီး ဖြစ်ပြီး အခုကဗျာမှာတော့ ဒေါ်အောင်ဆန်းစုကြည်ကို ငါ့နှမ လို့ ဆိုထားပါတယ်။

ငါ့နှမ

ငါ့နှမ နေကောင်းလား

မကောင်းလည်း ကောင်းရရှာမှာ။

ငါ့နှမ စားကောင်းလား

မကောင်းလည်း ကောင်းရရှာမှာ။

ငါ့နှမ အိပ်ပျော်လား

မပျော်လည်း ပျော်ရရှာမှာ။

ကိုယ်ကောင်းဖို့ထက်

အများကောင်းဖို့

ဒီဖို့ကို သိသား

သိသားနဲ့မေး

နှမလေးရေ ခွင့်လွှတ်ပါ။ ။

ကိုလေး (အင်းဝဂုဏ်ရည်)

မစု မွေးနေ့လက်ဆောင်(၁၂.၆.၂၀၁၈)

၆၈ ပုဒ်မြောက် ကဗျာကတော့ ကိုကျော်လင်းမင်းရဲ့ ကဗျာပါ။ သူဟာ ကဗျာဆရာ မဟုတ်ပေမယ့် စု ၈၀ ပြည့်အကြိုကဗျာကိုတော့ ကြိုးစားရေးဖွဲ့ ပေးပို့လာပါတယ်။

ဪ...အခါ ၈၀ (ကျော်လင်းမင်း)

စကားတွေ ဖောင်ဖွဲ့ကြ

တရားတွေ ဘောင်မဲ့ခဲ့ပြီး

မတရားမှု့ဆောင်ကျဉ်းကြသူတွေထဲ

တရား သူတော်ကောင်းမကြီး ကတော့

"ဪ...အခါ ၈၀"လည်

ရောက်ခဲ့သော်လည်း အပြုံးမပျက်

အမှန်တရားအတွက်ရှေ့သို့

ဆက်လက်ချီတက်နေဆဲပါတကား။

ကျော်လင်းမင်း

"အမေစု၏ ၈၀ ပြည့် မွေးနေ့ အထိမ်းအမှတ်၊ တာ့ခ်ခရိုင်တနေရာမှရေးဖွဲ့သည်"

၆၉ ပုဒ်မြောက်ကတော့ စာရေးဆရာ ကဗျာဆရာ ညီမင်းညို ရဲ့ ကဗျာပါ။ ဆရာဟာ စာပေဟော‌ပြောပွဲတွေမှာလည် ပြောင်ပြောင်မြောက်မြောက် ဟောပြောခဲ့သူ ဖြစ်ပါတယ်။ သူ့ရဲ့ ကဗျာခေါင်းစဉ်ကတော့ "အန်တီ" ဖြစ်ပါတယ်။

အန်တီ (ညီမင်းညို)

အန်တီ ပြုံးထားပါ

အချိန်တန်ရင်

Anti တွေ ပြုန်းသွားမှာ။ ။

Aunty

Aunty Please Smile

Until the Anties die.

(ဘာသာပြန်- မောင်စွမ်းရည်)

အပုဒ် ၇၀ ပြည့် စု ၈၀ ကြို ဂုဏ်ပြုကဗျာကတော့ ဆရာ မောင်စိန်ဝင်း(ပုတီးကုန်း) ရဲ့ ကဗျာပါ။

အသိုက်

ချစ်သူကို ခွဲ

ရင်ကွဲပါစေ

နေခဲ့ချန်ခဲ့ ပြန်မလှည့်တော့

အသိုက်ပျက်ရ

ဥတွေကျကွဲ ရင်ထဲမြိုက်လောင်

မြင့်မိုရ်တောင်ထိပ် ချော်ရည်ဖိတ်စင်

တိရိစ္ဆာန်တောင်မှ အသိုက်ကို မစွန့်ရဲ

သူ့ အသိုက်ပျက်ပါစေ

သူ့ အဖေတည်ထောင်ခဲ့တဲ့ အသိုက်ထဲ

ဥမကွဲ သိုက်မပျက်

အဲဒီ. .

မျော်လင့်ချက် အသိန်းအသန်းနဲ့

ငြိမ်းချမ်းရေး သစ်ပင်စိုက်နေသည် ။ ။

#မောင်စိန်၀င်း(ပုတီးကုန်း)

၇၁ ပုဒ်မြောက် ကဗျာဟာ ရဟန်းတော်တပါးက ရေးသား ပေးပို့လာတာပါ။ ဒေါ်အောင်ဆန်းစုကြည် အမှန်တရား မြတ်နိုးပုံ ကိုဆိုကရေးတီးနဲ့ နှိုင်းယှဉ် စပ်ဆိုထားတဲ့ ကဗျာပါ။

#သစ္စာရှင်အမေ (ဇိနပုတ္တ)

စန္ဒကုမာရ ဇာတ်

သင်ဖတ်ဖူးပါစ

အပြစ်မရှိသူကို

တမင်အပြစ်ရှာ

လုပ်ကြံကာသေစေညွန်းသော်လည်း..

ဓမ္မက ဓမ္မပါပဲ အားရှိအမြဲ။

သူမတူအောင်.ရှေ့ဆောင်လမ်းပြ

ခေါ်နေကြတာအမေ..တဲ့

သားမတော် သွေးမစပ်သော်လည်း

လုပ်ရပ်က အဟုတ်မြတ်သမို့..

မခေါ်ဘဲမနေနိုင် သစ္စာရှင်အမေ။

သူ့အပြစ် မြူမျှမတွေ့ သော်လည်း

ငါ့ပြည်သူအတွက်..ငါ့အသက် သေသေ..

ငါအမှန်တရားကို လမ်းပြခဲ့မလေ..

ဆိုကရေးတီး ထုံး သူမ.သုံးခဲ့တယ်လေ..

အမှန်တရားနဲ့အဆိပ်ခွက်

ရင်ကော့ခေါင်းမော့ပြီး လဲသွားခဲ့တာကဆိုကရေးတီး။

ငါတို့အမေ အိုပေမဲ့

အကြင်နာတွေက နုပျိုနေဆဲ မို့

မနာလိုသူ မရှုစိမ့်သူတွေက

ဒေါသတွေကဲ လောဘတွေကဲ

မောဟတွေကဲ..ထိုအထဲအမေမပါ

အေးချမ်းလှတာ သစ္စာရှင်အမေ။

ပြည်အကျိုးသည်ပိုးရင်းက

ရခဲ့သည်ဒဏ်..ရင်ကော့ကာခံ

လောကထုံးစံ လောကဓံကို

မှောက်ပစ်မဲ့အမေ့ဟန် ငါတို့မြင်ခွင့်ရချင်သေးတယ်..

သစ္စာရှင်အမေ ကျန်းမာအောင်နေပါလေ..

၅၈ နှစ်ပြည့်တုန်းကလည်း

တခါဆုတောင်းခဲ့ဘူးတယ်အမေ

ခု ရှစ်ဆယ်ပြည့်မှာလည်း

အမေ့အတွက် နေ့စဥ်ရက်ဆက်

ရေချမ်း ပန်းတို့ ပူဇော်လို့ပေး

သစ္စာရှင်အမေ အေးချမ်းစေဖို့လေ...

အမှောင်ကိုခွင်း အလင်းကိုဆောင်

သစ္စာရှင်ရဲ့ ဉာဏ်တန်ဆောင်ကို

ငါတို့ ပြည်သားပြည်သူ တွေ

မြင်ချင်လှပီလေ။

ကျန်းခန့်သာ၍ မာပါစေသော်

.

ဇိနပုတ္တ..၁၉..၅..၂၀၂၅

၇၁ ပုဒ်မြောက်ကတော့ ဧကရာဇ်ရဲ့ ကဗျာပါ။ ကဗျာဆရာ မဟုတ်သူပါ။ သူ့ရဲ့ ရင်ထဲမှာပေါ်လာ တာလေးတွေကို ရေးချလိုက်တာပါတဲ့။ ဒီကဗျာနဲ့ (စုမွေးနေ့ကြို ကဗျာများ အပိုင်း ၉) အဆုံးသတ်လိုက်ပါတယ်။

၈၀ သူ (ဧကရာဇ်)

မအိုသော . . . သူ

မငြူစူသော . . . သူ

မညီးငြူသော . . . သူ

ပေးဆပ်နေပါတယ်လို့ မပြောသော . . . သူ

မြန်ပြည်သူအများရဲ့ဒုတိယအမေဖြစ်သော . . . သူ

တိုင်းပြည်ကို အလုပ်နဲ့ချစ်ပြသော . . . သူ

ပန်းကိုချစ်သော . . . သူ

လူငယ်‌တွေရဲ့တန်ဖိုးသိသော . . . သူ

သူ . . . သူ . . . သူ . . . သူ . . . သူ . . . သူ . . . သူ

သူ . . . ဆိုတာ ဘယ် . . . သူ လို့ မပြောပဲသိနေတဲ့ . . . သူ

သူ . . . ဆိုတာ ကျွန်တော်တို့ နှလုံးသားရဲ့ တန်ဖိုးထားရသော . . . သူ

သူ . . . ၈၀ ပြည့်မှသည် သက်တော် ရာကျော်ပါစေ။

သူ . . . ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာပါစေ။

သူ . . . လိုအင်ဆန္ဒတွေ တလုံးတဝတည်း ပြည့်ပါစေ။ ။

(ဧကရာဇ်) ၂၀၂၅ ဇွန် တရက် တနင်္ဂနွေ

၈၀ ပြည့်ဖို့ ကဗျာ ၉ ပုဒ်သာလိုပါတော့တယ်။ ၇၁ ပုဒ်ကို ဖော်ပြခဲ့ပြီးပါပြီ။ လာမည့် ဇွန် ၁၉ မှာ ကဗျာပေါင်း ၁၀၀ ကျော်မလား စောင့်ကြည့်ကြပါ။

ကဗျာ ၈၀၊ စု ၈၀ ပြည့်

ပြည့်မယ်ဟေ့ လို့ အော်နိုင်ပြီ။

၈၀ ကိုကျော်၊ ၁၀၀ ကျော်မလား

တို့များ စောင့်ကြည့်ကြပါမည်။ ။







Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar