Breaking News

မောင်လူမွှေး - ပျံသန်းလေတဲ့ ငှက်ငယ်များ

မောင်လူမွှေး - ပျံသန်းလေတဲ့ ငှက်ငယ်များ

မိုးမခ ၊ ဇွန် ၂ ၊ ၂၀၂၅

"ဆရာ့တပည့် မိုးမိုးတော့ အိုမန်ကို ထွက်သွားပြီ။ စာမေးပွဲတောင်မဖြေတော့ဘူး။ နှမျောစရာကြီး" လို့ ရွာထဲက အဒေါ်ကြီးတစ်ယောက်က မောင်လူမွှေးကို ပြောလာပါတယ်။ နိုင်ငံခြားကို ထွက်သွားတဲ့ မောင်လူမွှေးတပည့်ဟာ Grade 12 ကျောင်းသူဖြစ်ပြီး စာမေးပွဲမဖြေဘဲ နိုင်ငံခြားကို အလုပ်လုပ်ဖို့ ထွက်ခွာသွားခဲ့ပါတယ်။ ကျောင်းဆရာ မောင်လူမွှေးတစ်ယောက် ခဏတာ ဆွံ့အသွားပြီး ပြောစရာ စကားမရှိခဲ့ပါဘူး။

ပြီးခဲ့တဲ့နှစ်ကလည်း အထက်တန်းက မောင်လူမွှေး တပည့် မိန်းကလေးနှစ်ယောက် ကျောင်းကနေရော၊ ရွာကနေပါ ထွက်ခွာသွားခဲ့ကြပါတယ်။ တစ်ယောက်က သူ့အစ်မရှိတဲ့ နယ်စပ်ဒေသမှာ ရောက်ရှိနေပြီး အလုပ်လုပ်ကိုင်နေတယ်လို့ သူ့ဖခင်ကပြောပြလို့ မောင်လူမွှေးသိရပါတယ်။ နောက်တပည့်မလေးတစ်ယောက် ဘယ်ကိုရောက်နေတယ်ဆိုတာတော့ မောင်လူမွှေး သိရှိရခြင်းမရှိသေးပါဘူး။

ပြီးခဲ့တဲ့လကလည်း မောင်လူမွှေးရဲ့ တပည့်မလေး ဖွေးဖွေး တစ်ယောက် ကျောင်းဆက်မတက်တော့ဘဲ ခရီးထွက်တော့မှာ ဖြစ်ကြောင်း မောင်လူမွှေးကို လာပြောပါတယ်။ ဒီတပည့်မလေးကတော့ ပညာရေးကို စိတ်ဝင်စားပြီး စာကြိုးစားတဲ့ သူတစ်ယောက်ဖြစ်ပါတယ်။ အရည်အချင်းရော၊ အရည်အသွေးပါ ကောင်းတဲ့တပည့်လို့ ဆိုနိုင်ပါတယ်။  သူ့အစ်မက ဂျပန်မှာရှိတာမို့ ဂျပန်ကိုသွားဖို့ ပြင်ဆင်လိမ့်မယ်လို့ မောင်လူမွှေး ယူဆပြီး ဘာမှမမေးဖြစ်လိုက်ပါဘူး။

ပြီးခဲ့တဲ့ နှစ်လလောက်ကလည်း ဆရာမလေးတစ်ယောက် ဆရာမအလုပ်က နုတ်ထွက်ပြီး သူ့အမျိုးသားရှိတဲ့ ရတနာနယ်မြေကို လိုက်သွားတော့မှာ ဖြစ်ကြောင်း မောင်လူမွှေးကို ပြောပြနှုတ်ဆက်ခဲ့ပါတယ်။ ကိုယ့်မိသားစု အတူနေကြရဖို့ဟာ လူတစ်ယောက်ချင်းစီအတွက် အရေးကြီးတာကြောင့် အားပေးစကားပဲပြောလိုက်ရပါတော့တယ်။

မောင်လူမွှေးတို့နိုင်ငံက လူအများစုရဲ့ ထွက်ပေါက်ဟာ ကိုယ့်နိုင်ငံတွင်းက ရတနာနယ်မြေ ဒါမှမဟုတ် နိုင်ငံခြား ဒီနှစ်ခုပဲဖြစ်တယ်။ စစ်အာဏာသိမ်းပြီးနောက် လူငယ်တွေဟာ နိုင်ငံခြားကို ပိုလို့ထွက်ကြတယ်။ စစ်ကောင်စီက ယောကျာ်းလေးတွေကို အဓိကပစ်မှတ်ထား ပေါ်တာဆွဲတဲ့အခါ မိသားစု စားဝတ်နေရေးအတွက် နိုင်ငံခြားထွက်ကြသူတွေဟာ မိန်းကလေးတွေအများစုဖြစ်နေတယ်။

မောင်လူမွှေးတို့နိုင်ငံက မိန်းကလေးတွေဟာ ထိုင်း၊ မလေးရှားမှာ ရရာအလုပ်လုပ်ကြရတယ်။ အိုမန်၊ ဒူဘိုင်း၊ စင်္ကာပူလို နိုင်ငံတွေမှာ အိမ်ဖော်အလုပ်ကို လုပ်ကြရတယ်။ ဒီထဲမှာမှ စင်္ကာပူနိုင်ငံကိုသွားတဲ့သူတွေက ကံကောင်းသူတွေဖြစ်တယ်ဆိုတာ သိရတယ်။ အချို့တွေဆို စင်္ကာပူကိုသွားရဖို့အရေး၊ အိုမန်၊ ဒူဘိုင်းတို့မှာ နှစ်နှစ်၊ သုံးနှစ်လောက် အရင်အလုပ်လုပ်ကြရသေးတယ်။ ဘာသာစကားတတ်မြောက်မှ သွားနိုင်တဲ့ ဂျပန်၊ ကိုရီးယားနိုင်ငံတွေကို သွားနိုင်တဲ့ မိန်းကလေးတွေက အရေအတွက် နည်းပါတယ်။

တကယ်တော့ ဒူဘိုင်း၊ အိုမန် ကိုသွားကြတဲ့ မြန်မာမိန်းကလေးတွေ အဆင်မပြေဖြစ်ကြတာတွေ  ကြားရရင် မောင်လူမွှေး စိတ်မကောင်းခြင်း ကြီးစွာဖြစ်ရတယ်။ အဆင်ပြေတာတွေကြားရပြန်တော့လည်း ဝမ်းမသာနိုင်ပါ။ နိုင်ငံခြားမှာ အဆင်ပြေတယ်ဆိုတဲ့ သူတွေအများစုဟာ ငွေရေးကြေးရေး ပုံမှန်ရရှိလို့ မိဘတွေဆီ ငွေပို့နိုင်တာကလွဲရင် လုပ်ငန်းခွင်အခြေအနေ အဆင်မပြေတာကို မောင်လူမွှေး ကြားနေရလို့ ပဲဖြစ်ပါတယ်။

စစ်ကောင်စီရဲ့ အင်တာနက်ပိတ်တဲ့ အကျိုးကျေးဇူးကြောင့် အီလွန်မက်စ်ရဲ့ စတားလင့်တွေဟာ မောင်လူမွှေးတို့ ဇနပုဒ်ထိ ရောက်လာရတယ်။ စတားလင့် ရှိတဲ့နေရာမှာပဲ ဆက်သွယ်ရေးအတွက် ဝိုင်းအသုံးပြုကြရတော့ တောသူမကြီးတွေရဲ့ နိုင်ငံခြားက သူတို့သမီးတွေနဲ့ လိုင်းပေါ်ကနေ စကားပြောနေတာတွေကို မောင်လူမွှေး မြင်ရကြားနေရတယ်။

တစ်ရက်တော့ အိုမန်မှာ အလုပ်လုပ်နေတဲ့  သမီးဖြစ်သူနဲ့ ပြည်တွင်းက အမေဖြစ်သူတို့စကားပြောကြတယ်။ ဒူဘိုင်းမှာ အလုပ်လုပ်နေတဲ့ သမီးဖြစ်သူက သူ့အလုပ်ရှင် အိမ်ရှင်ဖြစ်သူတွေရဲ့ ကြမ်းတမ်းစွာဆက်ဆံမှုကို မခံနိုင်တဲ့အဆုံး အလုပ်ကနေထွက်ခဲ့ပြီး မြန်မာနိုင်ငံကို ပြန်လာဖို့ ပြင်ဆင်နေတာဖြစ်တယ်။ သမီးလုံခြုံစိတ်ချမ်းသာရာရောက်နေလို့ စိတ်အေးရတယ်၊ ပြန်ခဲ့ဖို့ လမ်းစရိတ်ကို အမေပို့ပေးမယ် ဘာမှမပူနဲ့ လူသာအဓိကလို့ အမေဖြစ်သူက နှစ်သိမ့်တယ်။ သမီးဖြစ်သူက နိုင်ငံခြားထွက်ပြီး ပိုက်ဆံရှာတာမှာ ပိုက်ဆံမပို့နိုင်တဲ့အပြင် အိမ်ကနေ ပြန်တောင်းရတဲ့အတွက် ဝမ်းနည်းပြီးငိုတယ်။ အမေက နှစ်သိမ့်လိုက်၊ သမီးက ငိုလိုက်နဲ့  မောင်လူမွှေးလည်း မခံစားနိုင်တော့လို့ စတားလင့်ကနေ ထပြန်ခဲ့ရဖူးတယ်။

မြန်မာမိန်းကလေးတွေဟာ မိဘကျေးဇူးကို သိပ်ဆပ်ချင်ကြတယ်။ ပြည်တွင်းမှာ ကျပ်တည်းတော့ စွန့်စားပြီး နိုင်ငံခြားကို ပိုထွက်ကြတယ်။ မောင်လူမွှေးတပည့်တွေအပါအဝင် သူတို့လေးတွေ အများစုဟာ အရွယ်ကောင်းလေးတွေပါ။ တခြားနိုင်ငံတွေအထိ စွန့်စားပျံသန်းကြပေမယ့် သူတို့ဟာ အတောင်အလက်မစုံကြရှာပါဘူး။ ကိုယ်ကာယ အတောင်တစ်ဖက်ကိုသာ အားကိုးပျံသန်းကြရရှာတာဖြစ်တယ်။

မောင်လူမွှေးတပည့်တွေလည်း အတောင်တစ်ဖက်အားကိုးနဲ့ ပျံသန်းသွားကြပြီ။ သူတို့တွေ ကိုင်းကောင်းကောင်းမှာ နားခွင့်ရပါ့မလား။ အမိမြေကို ကောင်းမွန်စွာ ပျံသန်းရောက်ရှိလာမှာလား။ ကိုယ်ဒဏ်ရာ၊ စိတ်ဒဏ်ရာတွေနဲ့ အလူးအလဲ ပြန်လာကြရမလား။ သူတို့မိဘတွေနဲ့အတူ မောင်လူမွှေး ရင်မောမိတာ အမှန်ပါ။ တကယ်တော့ ကာယ နဲ့ ပညာ အတောင်နှစ်ဖက်လုံးစုံမှ ကိုယ်လိုရာကို ပျံသန်းနိုင်မှာဖြစ်တယ်။

မောင်လူမွှေး အလယ်တန်းတက်မယ့် ကလေးတွေရဲ့ မျက်နှာလေးတွေကို ကြည့်ဖြစ်တယ်။ သူတို့မျက်နှာလေးတွေဟာ ဖြူစင်မှု၊ ပွင့်လင်းလွတ်လပ်မှုတွေ ထင်ဟပ်နေတယ်။ နောင်ဆယ်နှစ်ဝန်းကျင်မှာ သူတို့လည်း လောကကို ရင်ဆိုင်ဖို့ ပျံသန်းကြရတော့မယ်။ နိုင်ငံခြားကို ပျံရဦးမှာလား၊ ကိုယ့်ဒေသမှာပဲ ဝဲပျံမလား ...။  အတောင်နှစ်ဖက်စုံမှသာ လိုရာပန်းတိုင်ကိုရောက်အောင် ပျံသန်းနိုင်တဲ့ အမြင့်ပျံငှက်တွေ ဖြစ်နိုင်မယ်။

ကိုယ့်မျိုးဆက်ကို တကယ်ချစ်ရင် သူတို့လေးတွေ ကာယနဲ့ ပညာ အတောင်နှစ်ဖက်စုံဖို့ မောင်လူမွှေးတို့ မဖြစ်မနေ ကြိုးစားကြရမှာ ဖြစ်ပါတယ်ခင်ဗျာ။



Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar