နေသွင်ညိဏ်း - ပဋိပက္ခ၊ မီဒီယာနှင့် ဘက်လိုက်ခြင်းကိစ္စ
ပဋိပက္ခ၊ မီဒီယာနှင့် ဘက်လိုက်ခြင်းကိစ္စ
နေသွင်ညိဏ်း
(မိုးမခ) ဇွန် ၂၅၊ ၂၀၂၅
စစ်ဖြစ်ရင် ပထမဆုံးကျည်ပေါက်တာနဲ့ အမှန်တရားဟာ သေဆုံးသွားရတယ်လို့ ဆိုကြတယ်။ ပြည်တွင်းစစ်မှာဖြစ်ဖြစ် နိုင်ငံတကာစစ်မှာ ဖြစ်ဖြစ် ဒီစကားကို အများအားဖြင့် လက်ခံထားကြပါတယ်။ ဒါကြောင့် ပဋိပက္ခဖြစ်လာရင် နှစ်ဖက်ကအသံကိုနားထောင်ပြီးမှချိန်ဆရပါတယ်။ ဒီအလုပ် က မီဒီယာတွေကလုပ်တယ်လို့ ယေဘုယျနားလည်ထားကြတဲ့အတွက် သတင်းဌာနတွေသတင်းတွေကို အမှန်တရားလို့ထင်တတ်ပါတယ်။
တကယ်က မီဒီယာတွေဆိုတာလည်း လူတွေနဲ့လည်ပတ်တာဖြစ်လို့ ဘယ်လောက်ပဲ ဘက်မလိုက်စည်းကမ်းတွေ ချမှတ်ထားပါစေ။ ပြဿနာတရပ် ကိစ္စတခုကိုချဉ်းကပ်တင်ပြတဲ့အခါတိုင်း ဘက်လိုက်ကြပါတယ်။ တချို့က တမင်ဘက်လိုက်ပြီး၊ တချို့ကျ မသိဘဲဘက်လိုက်ကြပါတယ်။ တချို့က ယဉ်ကျေးမှုကြောင့်၊ ပထဝီကြောင့်၊ လူမျိုးရေးအရ၊ ဘာသာရေးအရ၊ နိုင်ငံရေး၊ စီးပွါးရေး အရ ဘက်လိုက်ကြတာချည်းပါပဲ။
နိုင်ငံတခုထဲက မီဒီယာတွေပင်လျှင် ပုံမှန်အချိန်နဲ့ ထူးခြားအခြေအနေ ( ဥပမာ စစ်ဖြစ်ချိန်၊ ကပ်ဘေးကြုံချိန်) မှာ ရပ်တည်ချက် မတူပါဘူး။ မီဒီယာလို့ ပြောတဲ့အခါမှာ သတင်း မီဒီယာအပြင်၊ ရုပ်ရှင်၊ ဂီတ လိုတခြား မီဒီယာတွေပါ အကြုံးဝင်ပေမယ့် အခုကတော့ သတင်းမီဒီယာသီးသန့်ကို ဆိုလိုပါတယ်။
မြန်မာပြည်မှာ ၂၀၂၁ မတိုင်ခင် သတင်းမီဒီယာ အခြေအနေဟာ နောက်ပိုင်း အခြေအနေနဲ့ သိသိသာသာကွာခြားတာ တွေ့ရပါတယ်။ ပြည်တွင်းစစ်ပြင်းထန်လာချိန်မှာ ပိုပြီး ဘက်သဘောဆောင်လာတာ တွေ့ရပါတယ်။ တချို့ကတော့ ရုပ်ပျက်ဆင်းပျက် တွေမို့ မီဒီယာလို့ ပြောလို့ မရတဲ့ အခြေအနေပါ။ မီဒီယာဟာ ဘက်လိုက်တတ်တာ မဆန်းပါဘူး။ ဒါပေမယ့် ဗရမ်းဗတာတွေကိုတော့ မီဒီယာဆိုပြီး ကျနော် မသတ်မှတ်ချင်ဘူးပြောတာပါ။
ဥပမာ အစ္စရေးနဲ့ ပါလက်စတိုင်း (အမေရိကန်ပါလာတဲ့စစ်) မှာ ဘီဘီစီနဲ့ အယ်ဂျဇီရား သတင်း တင်ပြပုံ မတူပါဘူး။ ဘာကြောင့်လဲဆိုရင် ရည်ရွယ်ချက်မတူသလို၊ ပရိသတ်လည်း မတူတာ ကြောင့်ပါပဲ။ ကျနော့်အယူအဆအရတော့ ဘီဘီစီဟာ မီဒီယာတန်ဖိုးအလွန်မြင့်မြင့်မားမားရှိတဲ့ မီဒီယာပါ။ ကျနော်အကြိုက်ဆုံး မီဒီယာပါ။ ဒါပေမယ့် ဘက်လိုက်မှုကတော့ ရှိနေတုန်းပါပဲ။ အယ်ဂျာဇီယားကတော့ အထူးပြောစရာမလိုပါဘူး။ ဒိုဟာ အခြေစိုက်ပြီး အနောက်မီဒီယာတွေရဲ့ လွှမ်းမိုးမှုကိုတုံ့ပြန်တဲ့ မီဒီယာပါ။ သတင်းတွေသာမက အစီအစဉ်တွေကလည်း ဒီအတွက် ရည်ရွယ်ပါတယ်။ မြန်မာပြည် ရိုဟင်ဂျာအရေးမှာ ဖြစ်ဖြစ်၊ အခု အစ္စရေး ပါလက်စတိုင်းအရေးမှာဖြစ်ဖြစ် ဒီဌာနတွေက ဘက်လိုက်ကြတာချည်းပါပဲ။
မီဒီယာသီအိုရီထဲမှာ တော်တော်စောတဲ့ အယူအဆတခုရှိခဲ့ပါတယ်။ မီဒီယာဆိုတာ ပြတင်းပေါက်တခုပဲ။ ပြတင်းပေါက်မှာ တပ်ထားတဲ့မှန်အကျယ်၊ အနေအထား၊ မျက်နှာမူရာ၊ ကြည့်သူရဲ့ အနီးအဝေး အပေါ် မူတည်ပြီး မြင်ရပုံမတူနိုင်ဘူးလို့ ဆိုတယ် (Tuchnan, 1980)။
သတင်းဆိုတာဟာလည်း လူမှုဗေဒအပေါ်ကနေ ပေါ်ထွက်လာတဲ့ထုတ်ကုန်တမျိုးပဲ (Gitlin, 1980)။ ကျနော်တို့ ပြောနေကျစကားနဲ့ပြောရရင် မီဒီယာတိုက်တွေရဲ့ ပေါ်လစီနဲ့ ရှုထောင့် တွေ မတူပါဘူး။ မတူရတဲ့အကြောင်းတွေ အများကြီး ( အထက်ကအတိုင်း) ရှိပါတယ်။ နောက်တချက်က မီဒီယာဟာ ပရိသတ်အကြိုက်ကိုလည်း လိုက်ရပါသေးတယ်။ အမေရိကားကိုကြည့်ရင်တောင် CNN ပရိသတ်နဲ့ Fox ပရိသတ် မတူပါဘူး။ မီဒီယာတွေကလည်း သူ့ပရိသတ်အကြိုက်ကို သိရပါတယ်။ ဒါမှ စီးပွါးရေးအရလည်း ရပ်တည်နိုင်မှာ။ လူတယောက်နဲ့တယောက် နားလည်လက်ခံပုံ မတူကြပါဘူး။ ဘာကြောင့်လဲဆိုရင် အတွေ့အကြုံ၊ စိတ်အခံမတူ၊ ပညာအခံမတူတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ လူတွေဟာ မိမိအတွေ့အကြုံ၊ စိတ်အခံ၊ ပညာအခံ အပေါ် မူတည်ပြီး ကြားတဲ့သတင်း၊ ဖတ်တဲ့သတင်းကိုဘာသာပြန်ပြီး နှလုံးသွင်းတတ်တာ သဘာဝပါပဲ (Goffman, 1974)။ သတင်းတိုက်တွေဟာ သတင်းတပုဒ်ကိုမတင်ဆက်ခင်မှာ ဒီလို အဖက်ဖက်ကို ကြည့်ရပါတယ်၊ တချို့လည်း လုပ်ရိုးလုပ်စဉ်တခုလိုဖြစ်နေတာနဲ့ ဘက်လိုက်လို့ လိုက်မှန်းတောင် မသိကြတော့ပါဘူး၊
ကျနော်ကတော့ သတင်းနားထောင်ရင် ဒီသတင်းဌာနဟာ ဘယ်ဘက်ကိုယိမ်းသလဲဆိုတာကို အရင်သိဖို့ ကြိုးစားတယ်။ တခြားဆန့်ကျင်ဘက်ယိမ်းတဲ့သတင်းဌာနက ဘယ်လိုတင်ဆက်သလဲ ကြည့်တယ်။ တကယ့် ပရော်ဖက်ရှင်နယ်သတင်းဌာနတွေဟာ ဓမ္မဓိဋ္ဌာန်ကျကျ တင်ဆက်တာချည်းပါပဲ။ တခုပဲရှိတာက သူတို့ရဲ့ ပြတင်းပေါက်၊ ရှုထောင့်၊ သို့မဟုတ် မီးမောင်းက ဘယ်နေရာကို ထိုးပြသလဲဆိုတာကျ မတူပါဘူး။ ပွဲခင်းထဲမှာ ပရိသတ်အများကြီးထဲက မီးမောင်းထိုးပြတဲ့နေရာကိုပဲ ပရိသတ်က မြင်ရသလိုပါပဲ။ ဒီလိုရွေးချယ်တင်ပြခြင်း၊ တချို့ကို မှိန်ထားပြီး၊ တချို့ကို အလေးပေးဖော်ပြတာက မီဒီယာတိုင်း မလွဲမရှောင်သာလုပ်ကြရပါတယ် (Entman, 1993)။ ပရိသတ်အနေနဲ့ ဒါကိုနားလည်ထားမှပဲ ကြားသမျှ၊ မြင်သမျှ အပေါ် ချိန်ဆနိုင်ပါလိမ့်မယ်။ ကျနော်ပြောနေတာက မီဒီယာတွေကိုပါ။ misinformation သတင်းမှားတွေ Disinformation သတင်းလိမ်တွေ တမင်ဖြန့်နေတဲ့ တဦးချင်းဖြစ်စေ၊ အဖွဲ့လိုက်ဖြစ်စေ သတင်းမီဒီယာအမည်ခံပြီး ငါ့စကားနွားရပြောနေဆိုနေတာတွေကိုတော့ အချိန်ကုန်ခံနေစရာမလိုအပ်ပါဘူး။
နေသွင်ညိဏ်း
-
Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar