Breaking News

စစ်ကောင်စီ ထိုးစစ် နောင်ချိုမြို့ နဲ့အနီးဆုံး ရောက်ရှိလာ၊ ကျောက်မဲမြို့ လေကြောင်းက တိုက်ခိုက်မှု အရပ်သားသေဆုံး

မြန်မာနွေဦးခရိုနီကယ် - ဇွန် ၂၄ မြင်ကွင်း

(မိုးမခ) ဇွန် ၂၅၊ ၂၀၂၅

စစ်ကောင်စီ ထိုးစစ် နောင်ချိုမြို့ နဲ့အနီးဆုံး ရောက်ရှိလာ၊ ကျောက်မဲမြို့ လေကြောင်းက တိုက်ခိုက်မှု အရပ်သားသေဆုံး

ယမန်နှစ်ကတည်းက TNLA က တိုက်ခိုက်သိမ်းယူထားတဲ့ နောင်ချိုမြို့ကို ပြီးခဲ့တဲ့ လတွေနဲ့ သီတင်းပတ်တွေအတွင်း စစ်ကောင်စီဘက်က ထိုးစစ်ဆင် တိုက်ခိုက်လာနိုင်ခဲ့ပြီး အခုရက်ပိုင်းအတွင်း မြို့နဲ့နီးကပ်တဲ့ နေရာတွေအထိ ရောက်ရှိလာခဲ့တယ်လို့ သတင်းတွေ ဖေါ်ပြထားကြပါတယ်။

MNDAA နဲ့ စစ်ကောင်စီတပ်တို့ ပြီးခဲ့တဲ့ ဇန်နဝါရီလမှ အပစ်ရပ်ဖို့ နဲ့ လားရှိုးမြို့ပြန်လွှဲအပ်ဖို့ ဆိုတဲ့ သဘောတူညီမှုတွေ ရရှိပြီးနောက်မှာ စစ်ကောင်စီ အနေနဲ့ MNDAA နဲ့ တိုက်ခိုက်စရာမလိုတော့တဲ့ အနေအထား ရရှိလာသလို TNLA သိမ်းယူထားတဲ့ နယ်မြေတွေ မြို့တွေကို စစ်ရေးနည်းလမ်းနဲ့ ပြန်လည်သိမ်းယူဖို့ အခွင့်အရေးရခဲ့တာ ဖြစ်ပါတယ်။

MNDAA က စစ်ကောင်စီနဲ့ အပစ်ရပ်ရတဲ့ အဓိကဖိအားက တရုတ်နိုင်ငံရဲ့ အကြပ်ကိုင်မှုကြောင့်လို့လည်း အများက သိရှိထားကြပြီး ဖြစ်သလို တရုတ်ဖိအားအပြင် MNDAA ရဲ့ ၄င်းတို့ရည်မှန်းချက်၊ အကျိုးစီးပွားတွေ အတိုင်းအတာတခုထိ ရရှိပြီး ဖြစ်တာကြောင့်လို့လည်း ဆိုရင်မှားမယ် မထင်ပါဘူး။ ရှမ်းမြောက်ရဲ့ စစ်ဌာနချုပ် အခြေစိုက်ရာ လားရှိုးမြို့ အထိသိမ်းယူပြီးနောက်မှာ တရုတ်နိုင်ငံကို ခေါင်းလောင်းမြည်စေခဲ့ပြီး ဒီအခြေအနေတွေကို အားမပေးဖို့နဲ့ တားဆီးဖို့ မူဝါဒအပြောင်းအလဲ ဖြစ်ပေါ်စေခဲ့ပြီး ရှမ်းမြောက်က တိုင်းရင်းသားလက်နက်ကိုင်တွေ ကို ၄င်းတို့ဖြစ်စေလိုတဲ့ အခင်းအကျင်းကို ပွင့်ပွင့်လင်းလင်း အသိပေးခဲ့ပြီး နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း၊ ရေနံနဲ့ သဘာဝဓါတ်ငွေ့ပိုက်လိုင်း၊ BRI စီမံကိန်းရဲ့ တစိတ်တပိုင်း ဖြစ်တဲ့ တရုတ်-မြန်မာ နယ်စပ်ဖြတ်ကျော် ရထားလမ်း စီမံကိန်းတွေကို ထိခိုက်စေမယ့် အရာတွေကို တားဆီးဖို့ ဆုံးဖြတ်ပြီး အကောင်အထည် ဖေါ်ခဲ့တာတွေ့ရပါတယ်။

TNLA လက်နက်ကိုင် အဖွဲ့အနေနဲ့လည်း လက်ဝယ် တိုက်ယူရရှိပြီးသား မြို့တွေ နယ်တွေကို ဆက်လက်ထိန်းချုပ်နိုင်ရေးအတွက် စစ်ရေးအရ ကာကွယ်နိုင်ဖို့ အဓိကအရေးကြီးလာသလို တဖက်မှာလည်း တရုတ်နိုင်ငံက ဖြစ်စေချင်တဲ့ အပစ်ရပ်ရေး သိမ်းယူထားတဲ့ နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းပေါ်က မြို့အချို့ ပြန်လည်လွှဲပေးရေး ဖိအားတွေကို အပြင်းအထန် ကာကွယ်နေရတဲ့ အနေအထားဖြစ်ပါတယ်။

စစ်ကောင်စီ အဖို့တော့ တရုတ်နိုင်ငံရဲ့ သံတမန်ရေး၊ ရုပ်ဝတ္တုဆိုင်ရာ ဖိအားပေးမှု အကူအညီတွေနဲ့ ၁၀၂၇ စစ်ဆင်ရေးမှာ တဆုတ်ထည်းဆုတ်ခဲ့ရတဲ့ နယ်မြေတွေထဲက တောင်ခမ်းနဲ့ နောင်ချိုဒေသမှာ တစတစ ပြန်သိမ်းယူနိုင်လာတာ ဖြစ်ပါတယ်။

လအတန်ကြာ တိုင်နေခဲ့တဲ့ တောင်ခမ်းဒေသ တိုက်ပွဲတွေ အတွင်း TNLA နဲ့ ဓနု PDF တို့ ပူးပေါင်းတိုက်ခိုက်ပြီး စစ်ကောင်စီရဲ့ အမြှောက်တပ် စခန်းသိမ်းယူရေး ရည်မှန်းချက်က မအောင်မြင်နိုင်ခဲ့ဘဲ ပြီးခဲ့တဲ့လပိုင်းမှာတော့ ကျေးရွာအချို့ကို ပြန်လည်လက်လွှတ်ပေးခဲ့ရကာ စစ်ကောင်စီထိုးစစ်က နောင်ချိုမြို့နဲ့ ၅ မိုင်အကွာလောက်ထိ နီးကပ်လာခဲ့တာ ဖြစ်ပါတယ်။

MNDAA နဲ့ စစ်ကောင်စီတပ်တို့ အပစ်ရပ် သဘောတူညီချက် နောက်ပိုင်း ၁၀၂၇ စစ်ဆင်ရေးရဲ့ အဓိက လက်နက်ကိုင်သုံးဖွဲ့ ဖြစ်တဲ့ မြောက်ပိုင်းညီနောင်မဟာမိတ် အဖွဲ့အနေနဲ့ ပူးပေါင်း စစ်ရေးလှုပ်ရှားမှု မရှိတော့ဘူးလို့ ဆိုမယ်ဆို ဆိုနိုင်တဲ့ အနေအထားမျိုးရောက်ရှိခဲ့ပြီး အခုအခါမှာ TNLA အနေနဲ့ မြောက်ပိုင်း ညီနောင်မဟာမိတ် အဖွဲ့အနေနဲ့ တိုက်ခိုက်တာထက် တဖွဲ့ချင်း တိုက်ခိုက်မှုအနေအထားမျိုး ရောက်ရှိခဲ့တာ ဖြစ်ပါတယ်။ မြောက်ပိုင်းညီနောင် မဟာမိတ် အဖွဲ့အနေနဲ့ ပူးပေါင်းလှုပ်ရှားမှု လုပ်ဆောင်မှုအနေနဲ့ ဆိုရင် တရုတ်-မြန်မာနယ်စပ် မြို့ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဂိတ်ကို ထိန်းချုပ်ထားခြင်းနဲ့ အခွန်အကောက် ကောက်ယူခြင်းတွေကို လုပ်ဆောင်နေတာ တခုသာ သိသာထင်ရှားစွာတွေ့ရမှာ ဖြစ်ပါတယ်။

စစ်ကောင်စီအနေနဲ့ နောင်ချိုမြို့ကို သိမ်းယူနိုင်ဖို့ အပြင်းအထန် ကြိုးစားနေတဲ့ အကြောင်းရင်းက ၁၀၂၇ စစ်ဆင်ရေးစကတည်းက ရှမ်းမြောက်မှာ နယ်မြေတွေ၊ မြို့တွေ၊ စစ်စခန်းတွေ ဆက်တိုက် လက်လွှတ်ဆုံးရှုံးခဲ့ရတဲ့ အခြေအနေကို ပြောင်းပြန်ဖြစ်အောင် ကြိုးပမ်းမှုတခုအနေနဲ့ ရှုမြင်နိုင်ပါတယ်။ 

လားရှိုးမြို့ ပြန်လည် ရရှိခဲ့တာဟာ စစ်ကောင်စီအဖို့ ကြီးမားတဲ့ ဆုလဘ်တခုသဖွယ် ဖြစ်ပေမယ့် တိုက်ယူလို့ ရတာမဟုတ်တာကြောင့် စိတ်ဓာတ်ရေးအရ အင်အားကြီးကြီးမားမား မရခဲ့ပဲ အခု နောင်ချိုတိုက်ပွဲ အောင်မြင်ခဲ့ရင် စိတ်ဓာတ်ရေးအရပါ အောင်ပွဲရနိုင်တယ်လို့ မျှော်လင့်ထားတာ ဖြစ်နိုင်ပါတယ်။

အခုလို နောင်ချိုမြို့ကို ပြန်လည်ရယူဖို့ ရည်မှန်းချက်ထားတဲ့ တိုက်ပွဲတွေ မြို့နား တဖြည်းဖြည်း ချဥ်းကပ်လာနေချိန်မှာပဲ ဇွန်လ ၂၄ ရက်နေ့မှာ ကျောက်မဲမြို့ကို စစ်ကောင်စီက ဗုံးကြဲခဲ့ရာမှာ ဒေသခံ ၄ ဦးသေဆုံးပြီး ၄ ဦးဒဧဏ်ရာရခဲ့တယ်လို့ DVB သတင်းမှာ ဖော်ပြထားပါတယ်။ မြို့ရဲ့ လူနေရပ်ကွက်တွေ လက်ဖက်ရည်ဆိုင်တွေ အနီးမှာ ကျခဲ့တဲ့ ဗုံးတွေကြောင့် စစ်ရှောင်မိသားစုတွေထဲက ထိခိုက်သေဆုံးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

လေကြောင်းကနေ တိုက်ခိုက်ခံရမယ့် အန္တရာယ်က တိုက်ပွဲဖြစ်ပွားတဲ့ နေရာတွေသာမကပဲ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့ PDF တွေထိန်းချုပ်ထားတဲ့ မြို့တိုင်းရွာတိုင်းမှာ အန္တရာယ်ရှိနေတာ ဖြစ်ပါတယ်။ ရခိုင်၊ ရှမ်းမြောက်၊ ကချင်၊ စစ်ကိုင်း၊ မကွေး၊ ကရင်၊ ကရင်နီ (ကယား) နဲ့ တနင်္သာရီ၊ ပဲခူး၊ မန္တလေး တိုင်းဒေသတွေ အားလုံးမှာ လေကြောင်းတိုက်ခိုက်မှု အန္တရာယ်ရှိနေတာလည်း ဖြစ်ပါတယ်။

အာဏာသိမ်း စစ်ကောင်စီ အနေနဲ့ မြန်မာနိုင်ငံ အနှံ့အပြားမှာရှိတဲ့ လေတပ်စခန်းတွေကနေ နေ့စဥ်လိုလို စုစုပေါင်း အရေအတွက်အားဖြင့် ရာဂဏန်းနဲ့ ချီတဲ့ တိုက်လေယာဥ်၊ လေ့ကျင့်ရေး လေယာဥ်နဲ့ ရဟတ်ယာဥ်တွေကို အသုံးပြုပြီးနေ့စဥ် လေကြောင်းတိုက်ခိုက်မှုတွေနဲ့ လက်လွှတ်ဆုံးရှုံးထားရတဲ့ နယ်မြေတွေနဲ့ တိုက်ပွဲဖြစ်ပွားတဲ့ နေရာတွေကို တိုက်ခိုက်နေတာဖြစ်ပါတယ်။

စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေက စစ်ရာဇဝတ်မှုတွေ အဖြစ် သမိုင်းမှာ မှတ်တမ်းတင်ခံရမှာ ဖြစ်ပြီး လက်ရှိအနေအထားမှာတော့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ၊ NUG/PDF လက်နက်ကိုင် အဖွဲ့တွေအနေနဲ့ ထိရောက်စွာ တုံ့ပြန်ကာကွယ်နိုင်စွမ်း မရှိသေးတဲ့ အခြေအနေလည်း ဖြစ်ပါတယ်။

-

Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar