လေးလေး - ဆို တီး က ချစ်ဦးညိုဘဝ
လေးလေး - ဆို တီး က ချစ်ဦးညိုဘဝ
မိုးမခ ၊ ဇွန် ၂၅ ၊ ၂၀၂၅
“ကျနော်သည် နစ္စ၊ ဂီတ၊ ဝါဒိတတည်းဟူသော ကခြင်း ခုန်ခြင်း၊ သီဆိုတီးမှုတ်ခြင်း လောကများ၌ သေသေချာချာ ကြီး ကျင်လည်ကျက်စားခဲ့ဖူးပါလေသည်။
ကျနော် ဆိုခဲ့၏။ ကျနော် တီးခဲ့၏။ ကျနော် ကခဲ့၏။ ထို့ကြောင့် ဆိုတီးက ကျနော့်ဘဝပုံရိပ်များ”
ဆရာချစ်ဦးညိုရဲ့ “ဆိုတီးက ကျနော့်ဘဝပုံရိပ်များ” စာအုပ်က အဖွင့်စာသားတချို့ကို ဖတ်ခဲ့ရတာပါ။ ဆိုတီးက လို့ ဆို ထားတဲ့အတိုင်း အဆိုစာမျက်နှာ၊ အတီးစာမျက်နှာနဲ့ အကစာမျက်နှာများ ခွဲခြားပြီး ရေးထားတယ်။ ပြောရရင်တော့ ဒီ စာအုပ်ဟာ ချစ်ဦးညိုရဲ့ လျှပ်တပြက်ရုပ်ပုံလွှာတွေကို ပန်းချီဆရာအရုပ်ဆွဲသလိုမျိုး ဖျတ်ခနဲ ဖျတ်ခနဲ ရေးဖွဲ့ တင်ပြထားတာပါ။မဆိုရ၊မတီးရ၊မကရကြာလာတော့ စာရေးပြီး ဆိုတီးကထားတာလို့လည်း ဆိုနိုင်ပါတယ်။
ခေတ်ကာလအနေအထားအရ စာရေးတဲ့သူလည်း ခုကာလချည်း ရေးနိုင်တယ်နော်လို့ ငေါ့နေနိုင်သူတွေလည်း ရှိသလို ဆိုင်းသံကြားရင် မကရမနေနိုင်သူတွေလည်း ရှိတာပါပဲ။ချစ်ဦးညိုရဲ့ဆိုတီးကဘဝစာမျက်နှာတွေဟာ ဖျတ်ကနဲ ဖျတ်ကနဲဆိုပေမယ်လို့ ဒီထဲ ခေတ်စနစ်တွေလည်း ပါလာတယ်။ ကမောက်ကမ အဖြစ်တွေပေါ့။ ဥပမာ ချစ်ဦးညို တက္ကသိုလ်ဆရာဘဝနဲ့ သူ့ဘာသာ စစ်တွေမှာ စာသင်နေတုန်း၊ သမဝါယမလူကြီးတယောက်က သူ့ ဌာနမှာ အနုပညာဝိုင်းလုပ်ဖို့ ပညာ ရေးကနေ သမဝါယမကို ပြောင်းခိုင်း။
သမဝါယမ ရောက်တော့ သူ့ခေါ်တဲ့ လူကြီးက သမမှာ မရှိတော့လို့ သမသင်တန်းကျောင်းမှာ ဆရာဖြစ်လာ၊ ဆရာ က သင်တန်းသားတွေလောက်တောင် သမဆိုတာချည်းကို မသိ။ ဒဿနိကဗေဒဘွဲ့ရဆရာက သမဝါယမဝေါဟာရတွေနဲ့ အကျွမ်းမဝင်။ ဆရာက ခုလို ရေးတယ်။
“သမဝါယမသင်တန်း စီမံရေးရာနည်းပြဆရာအဖြစ် အမှုထမ်းသက်ကာလ နှစ်နှစ်တာအတွင်း ကျနော် ရလိုက် သောအရာများမှာ သင်တန်းကို ရှက်နိုးခြင်း၊ မသိသူ မတတ်သူက သိသူတတ်သူများ၊ ဆရာလုပ်ရခြင်းကြောင့် လိပ်ပြာကျုံ့ဝင်သွားခြင်း၊ တလ တကြိမ် ထုတ်ရသော လစာကို အားနာခြင်း၊ထိုလစာ အမေ့လက်ထဲ ထည့်ရသည်ကို မသန့်မရှင်း ခံစားမိခြင်း စသည်တို့ဖြင့် စိတ်ထောင်းကိုယ်ကြေ ဖြစ်ချင်လာသည်။ ခြောက်အိမ်မက်များ မက်လာ သည်။”
ဒါမျိုးတွေက မဆလ ခေတ်၊ နဝတ၊ နအဖ ခေတ်အဆက်ဆက် ဖြစ်ပေါ်ခဲ့တဲ့ ကမောက်ကမအဖြစ်တွေပါ။ ဆရာကတော့ စစ်တွေကောလိပ်မှာလည်း သီချင်းတော့ရအောင်ဆိုခဲ့သလို သမမှာလည်း တပုဒ်တော့ ရအောင် ဆိုခဲ့သူပါ။ ဟော- သမဝါယမကထွက်လို့ အနုပညာအလုပ်တွေလုပ်ရတဲ့ စန္ဒာဦးကဇာတ်အဖွဲ့ထဲလည်းရောက်ရော သူ သီချင်းမဆိုဖြစ်တော့ပြန်ပါဘူး။ ဇာတ် စီးရ၊ ဇာတ်ညွှန်းတွေရေးရနဲ့ မအားနိုင်အောင်ဖြစ်ပြီး သီဆိုခြင်းတခန်းရပ်။
ဆိုတီးက ဘဝပုံရိပ်များ စာအုပ်ထဲမှာ “ဆို”အပိုင်းက စာမျက်နှာအများဆုံး ဖြစ်သလို ဖတ်လို့အကောင်းဆုံး အပိုင်း လည်း ဖြစ်တယ်။ သူသူကိုယ်ကိုယ် ရေချိုးခန်းမင်းသားတွေ ဖြစ်ဖူးကြ၊ ဆိုဖူးကြ မဟုတ်လား။ ချစ်ဦးညို ရန်ကုန်တက္ကသိုလ်ကျောင်းသားဘဝ မိန်းကလေးအဆောင်တွေရှေ့ သီချင်းဆိုကြပုံကတော့ တမူကိုထူးတယ်။ သူတို့ မြကျွန်းသာ အပျော်တမ်းတူရိယာအဖွဲ့ကို တရက်မှာ မင်္ဂလာဆောင်တခုက ဆိုတီးဖို့ကမ်းလှမ်းထားတော့ မဂ်လာဆောင်မှာ တီးဖို့ စန္ဒရားတလုံး တရက် ကြိုငှားထားတယ်။
ဒါကြီး အလကား မဖြစ်ရအောင် ဒေါ့ဂျစ်ကားတစင်းငှား၊ ဒေါ့ဂျစ်ကားပေါ် စန္ဒရားကြီး တင်ပြီး အင်လျားဆောင်နဲ့ ရတနာဆောင်ရှေ့ သစ်ပင်ရိပ်မှာ ကားထိုးပြီး သီချင်းတွေဆိုကြတာပါ။ ကဲ-ဒါမျိုး ဘယ်တက္ကသိုလ်ကျောင်းသားတွေ လုပ်ဖူးကြသလဲ။ ၅ တန်း၊ ၆ တန်းလောက်ကတည်းက သီချင်းတွေ ဟဲ လာခဲ့တဲ့ မောင်ကျော်စွာဟာ တက္ကသိုလ်မှာလဲ ဟဲ..၊ဒီကတဆင့်တက်ပြီး မြန်မာ့အသံမှာ သီချင်း”ဟဲ”ဖို့ကြိုးစားတော့ ဘုတ်အဖွဲထဲပါတဲ့ အဆိုတော်ကိုမြကြီး က အသက်ရှူတာ အရင်လေ့ကျင့်ပြီးမှ သီချင်းဆိုပါ ဆိုတဲ့မှတ်ချက်နဲ့ အသံစစ်တာ မအောင်။
အောင်ခဲ့ရင်လည်း ကျနော် အခုဖတ်နေရတဲ့ စာအုပ်ကို ဖတ်ခွင့်ရမည် မဟုတ်။ စာရေးဆရာချစ်ဦးညို ဖြစ်လာပြန် တော့လည်း စာပေဟောပြောပွဲတွေမှာ ချစ်ဦးညို အဆိုမပျက်တဲ့အပြင် ပိုတောင်ဆိုလာသေးလေတော့ ဗိုလ်ကလေးတင့်အောင်က “အတော်ဆို” လို့ နာမည်ပေးရသည်အထိ။ ဂီတလုလင်ဦးကိုကိုက ချစ်ဦးညို စာကော ရေးသေးရဲ့လားလို့ မေးယူရသည်အထိ။ ဗိုလ်ကလေး ပြောယူရသလို အတော်ဆို ချစ်ဦးညို။
၂၀၀၉ စင်ကာပူစာပေဟောပြောပွဲ
ဆရာနေဝင်းမြင့်၊ ဆရာမဂျုးတို့နှင့်အတူ ကျနော်၏ ပထမဆုံး ပြည်ပစာပေဟောပြောပွဲ ဖြစ်ပါသည်။ ကိုနေဝင်းမြင့်က ပထမထွက်၊ မဂျုးက အလယ်ထွက်၊ ချစ်ဦးညိုနောက်ဆုံး။
မဂျုးက ဆရာကြီးမင်းသုဝဏ်၏ သပြေညို ကဗျာကို ရွတ်သွားသည်။ ကျနော်က ဆရာကြီးသည် ထိုကဗျာကို ၁၉၃၈ ဇန်နဝါရီ ၄ ရက်တွင် အင်္ဂလန်နိုင်ငံပညာတော်သင်ဘဝဖြင့် ရေးခဲ့ခြင်းဖြစ်ကြောင်း ပြောရင်း ဘယ်လိုလုပ် စိတ်ကူးပေါက်သွားသည်မသိ။ သပြေညိုကို ခွန်းတောက်သံဖြင့် ဆိုမိသွားပါလေသည်။
“သူ့ခေါင်းမှာတဲ့ သပြေညို
ငါ့ခေါင်းမှာတဲ့ သပြေညို
တို့ပြေမှာ တို့မေကမ်းပါတဲ့
သပြေညိုဆိုတဲ့ ပန်းဟာက
လန်း…လန်းလျက်ပါကို”
ပထမပိုဒ်ဆိုရင်း လမိုင်းကပ်သွားသည်။
ခွန်းတောက်နှင့် လူရွှင်တော်…
“ဟိုဘက်က ကိုနေဝင်းမြင့်လားခင်ဗျ”
“ဟုတ်ပ..ကိုချစ်ဦးညိုရေ”
“စက်ာပူရောက် စာပေအငြိမ့်အဖွဲ့ကြီးကိုဗျ”
မှန်ပ..မှန်ပ..မင်းသမီးလေးက ဘယ်သူပါလိမ့်ဗျာ”
“မင်းသမီးလေးက ပန်တျာ ရွှေဂျုးတဲ့ခင်ဗျ”
ဪ ပန်တျာရွှေဂျုးက ပွဲချီ တယ်စိတ်ဆိုသကိုး”
“ပွဲစိတ်ပုံများတော့ မပြောနဲ့တော့။ လွန်ခဲ့တဲ့ ဆယ်နှစ်ပန်တျာကျောင်းက ဆင်းပြီးတဲ့နောက် အခုမှပဲ ပွဲငှားလာ တော့တယ်လေ”
ပရိသတ်က အုံးခနဲ ဖြစ်သွားသည်။ မဂျုးကလည်း သဘောကျ။
အဲဒါတွေကို ကျနော်တယောက်တည်း သဏ္ဌာန်လုပ် သရုပ်တူ “တွယ်” နေခြင်း ဖြစ်သည်။ ကျနော် အူမြူးသွား ပါသည်။
ဆရာကြီးမင်းသုဝဏ်ကို ပြောလျင် ဆရာဇော်ဂျီကို ချန်လှပ်၍မဖြစ်ကြောင်း ဘာညာပြောကာ”ပန်းပန်လျက်ပါ” သီချင်းဆိုလိုက်၏။ ခင်နှင်းယု၊ ဒါရိုက်တာဦးချစ်ခင်၊ ကောလိပ်ဂျင်နေဝင်း၊ မြတ်လေး၊ ကြည်ကြည်ဌေး၊ စန္ဒရားချစ်ဆွေ၊ ဗျုပ္ပတ်စုံရှင်းကာ “ညိုပြာပြာ လတာပြင်ခြေရင်း လှိုင်းတက်ရာ ဗေဒါတက် လှိုင်းသက်ရာဆင်း”ဆိုလိုက် ပြောလိုက်။
ခန်းမပြည့် စင်ကာပူပရိသတ်၏ အားပေးမှုကား ဝက်ဝက်ကွဲ။”
စင်ကာပူစာပေဟောပြောပွဲဟာ ချစ်ဦးညို သီချင်းတွေ ဆိုပေရော့လို့ နတ်ရေကန်ထဲ ချလိုက်တဲ့ အမှတ်တရပွဲပါလို့ ဆိုထားပါတယ်။ ချစ်ဦးညို ဆိုတာဟာ အကပညာရှင်ကြီး ဦးရွှေဒေါင်းညိုရဲ့သား၊ အငြိမ့်မင်းသမီး ယိုးဒယားပြန် အမာစိန်ရဲ့မောင်တဝမ်းကွဲ၊ ဇာတ်မင်းသမီး ဒေါင်းမလေးရဲ့အကို။ ဆိုရလျှင် ဆရာတို့က အနုပညာမျိုးရိုးရှိသူတွေ။ သူမှ မဆို၊ မတီး၊ မက ဘယ်သူ ဆို တီး ကပါ့မလဲ။
အဆိုကောင်း အတီးကောင်း အကကောင်းသူအပြင် စာရေးလည်းကောင်းတဲ့ ဆရာချစ်ဦးညိုဆီကနေ ဒီ့ထက် ပိုထူထဲပြီး ဒီ့ထက်ပိုစူးရောက်တဲ့ ကိုယ်တိုင်ရေးရုပ်ပုံလွှာအဖွဲ့တွေ မျှော်လင့်ကြည့်ချင်ပါသေးတယ်။
ချစ်ဦးညိုရဲ့”ဆိုတီးက ကျနော့်ဘဝပုံရိပ်များ”စာအုပ်ကို လင်္ကာဒီပစာပေက ၂၀၂၅ ခု၊ မေလမှာ အုပ်ရေ ၁၀၀၀၊ ပထမအကြိမ်ထုတ်ဝေဖြန့်ချိပြီး စာအုပ်တန်ဖိုးက ကျပ် တသောင်းတိတိ။
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar