Breaking News

အန်ကယ် တူမီး - အမှောင်ထဲက ဒိုင်ယာရီ ( ၁၄၈ )

အန်ကယ် တူမီး - အမှောင်ထဲက ဒိုင်ယာရီ ( ၁၄၈ )

မိုးမခ၊ ဇွန် ၂၅ ၊ ၂၀၂၅

24/6/25

Diary in the darkness 


အီရန် - အစ္စရေး ၁၂ ရက်ကြာစစ်ပွဲ အဆုံးသတ်ကြောင်း ထရမ့်ပ်က ကြေညာလိုက်ပြီလို့ သူငယ်ချင်း ကုန်သည်တစ်ယောက်က ဖုန်းဆက်ပြောပါတယ်။ နောက်သူငယ်ချင်းတစ်ယောက်က လဲ ရုရှား၊ တရုတ်၊ မြောက်ကိုရီးယား တို့က အီရန်ဘက်က ရပ်တည်ကြောင်း ကြေညာသွားတယ်လို့ ဖုန်းနဲ့ အကြောင်းကြားလာပါတယ်။ ဒီရက်ပိုင်းအတွင်း အီရန်- အစ္စရေး စစ်ပွဲသတင်းတွေက ပလူပျံနေပါတယ်။ လူမှုကွန်ရက်တွေပေါ်မှာ၊ လက်ဖက်ရည်ဆိုင်တွေမှာ။ 

တနေ့က အမေရိကန်က အီရန် အဏုမြူစက်ရုံ သုံးရုံကို ဗုံးကြဲ ဖျက်ဆီးလိုက်ပြီ ဆိုတဲ့သတင်းတွေ တက်လာပြီးနောက် လူတွေ ထိတ်လန့်တကြားဖြစ်မှုက တဟုန်ထိုးတက်သွားခဲ့တယ်။ သန်းခေါင်ယံတူ  ( Midnight Hammer) လို့ နာမည်ပေးထားတဲ့ အမေရိကန်ရဲ့ အဲဒီစစ်ဆင်ရေးမှာ အီရန်တွေကို ဘယ်လိုလှည့်စားခဲ့တယ်၊ အင်အားဘယ်လောက်သုံးခဲ့တယ်၊ ဘယ်လို ခေတ်မီလက်နက်တွေ သုံးခဲ့တယ် ဆိုတာတွေကို ဖော်ပြတဲ့ သတင်းဆောင်းပါးတွေ၊ ရုပ်သံတွေ၊ သရုပ်ဖော်ဗီဒီယိုတွေလဲ ဆက်တိုက်တက်နေပါတယ်။ အတုအယောင်တွေ၊ အစစ်အမှန်တွေ၊ မှားတဝက်မှန်တဝက်တွေ၊ ကိုယ်ဘက် သူ့ဘက် ဝါဒဖြန့်ချိမှုတွေ စုံလို့ပါပဲ။ 

လွန်ခဲ့တဲ့ ၁၃ ရက်နေ့၊ အစ္စရေးက အီရန်ကို ဒုံးကျည်တွေနဲ့ စတိုက်ပြီ ဆိုကတည်းက လူတွေက တတိယကမ္ဘာစစ် ဖြစ်တော့မယ်လို့ စိုးရိမ်နေကြတာ။ အီရန်က ပြည်သူတွေ ရှောင်တိမ်းကြဖို့ သမ္မတထရမ့်က သတိပေးလိုက်တဲ့အခါ လူတွေ ပြေးကြ လွှားကြ။ နောက်ရက် အီရန်က အသံထက်မြန်တဲ့ ဒုံးတွေနဲ့ အစ္စရေးကို တိုက်တော့ အစ္စရေး အထိနာသွားတယ်။ အစ္စရေးမြို့တော်တယ်ဗစ်ရဲ့ကောင်းကင်တခုလုံး မီးဟုန်းဟုန်းတောက်သွားတယ်။ ပြည်သူတွေက အီရန်ကို အပစ်ရပ်ဖို့ သတင်းထောက်တွေက တဆင့် အထိတ်တလန့်ပြော‌နေတယ်။ သူတို့မျက်နှာမှာလည်း အညိုအမဲ ဒဏ်ရာတွေနဲ့။ သူတို့နောက်မှာတော့ ဗုံးထိလို့ တဗုန်းဗုန်း ပြိုလဲနေတဲ့ မိုးမျှော်တိုက်ကြီးတွေ၊ ထိတ်ထိတ်ပျာပျာ ပြေးလွှားနေသူတွေ။  ငိုသံ၊ အော်သံတွေ။ ငိုရှိုက်သံတွေ။ 

အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက အီရန်ရဲ့ အဏုမြူစက်ရုံတွေကို တိုက်ခိုက်ဖျက်ဆီးဖို့ အမေရိကန်ကို အကူအညီတောင်းတယ်။ အမေရိကန်က နှစ်ပတ် စောင့်ကြည့်ပြီးမှ ကူညီမယ်လို့ပြောတယ်။ ဒါပေမဲ့ အကူညီတောင်းခံပြီး သုံးရက်မြောက်မှာပဲ အီရန် အဏုမြူစက်ရုံ သုံးရုံကို ဗုံးကြဲတယ်။ ဗုံးကြဲပြီးနောက် အမေရိကန်သမ္မတက အမေရိကန် လက်နက်တွေသာ ကမ္ဘာမှာ အကောင်းဆုံးဖြစ်တယ်လို့ သူ့မိန့်ခွန်းမှာ ပြောတယ်။ သုံးကြိမ်ထက်မနည်း ထည့်ပြောသွားတာလို့ သတင်းထောက်တစ်ယောက်က မှတ်ချက်ပေးတယ်။ 

ဒါကို သတိထားမိတဲ့ ကျွန်တော့်မိတ်ဆွေ စီးပွား‌ရေးသမား တစ်ယောက်က ဒီစစ်ပွဲဟာ အမေရိကန်လက်နက်အရောင်းမြှင့်တင်ရေး စစ်ပွဲလို့ သုံးသပ်တယ်။ ဘာသာရေးလိုလို၊ အမျိုးသားရေးလိုလို၊ နယ်မြေလုစစ်ပွဲလိုလိုနဲ့ နောက်ဆုံးတော့ အမေရိကန်လက်နက်ကြော်ငြာတဲ့ ပွဲပဲလို့ ပြောတယ်။ အမေရိကန်လက်နက်ကုမ္ပဏီကြီးတွေ အကြီးအကျယ် အမြတ်ထွက်တဲ့ပွဲ ဖြစ်သွားတယ်။ သမ္မတကြီးထရမ့်ဟာ ကုန်သွယ်အမြတ်ခွန်စစ်ပွဲမှာ တွက်ခြေမကိုက်ခဲ့ပေမဲ့ အီရန်- အစ္စရေး စစ်ပွဲမှာတော့ အတော်ကလေး မြိုးမြိုးမြက်မြက် ရလိုက်ပါပြီ။ ဒါကြောင့်လဲ စစ်ပွဲကို ၁၂ ရက်ကြာစစ်ပွဲလို့ အမည်ပေးပြီး အဆုံးသပ်ဖို့ အချက်‌ပြနေပါပြီ။ 

ခက်တာက စစ်ပွဲဆိုတာ စဖို့လွယ်သလောက် အဆုံးသပ်ဖို့ခက်ပါတယ်။ အချိန်မရွေး ထတောက်နိုင်တဲ့ စစ်မီးပွားကလေးတွေက ငြိမ်းဖို့ခက်တယ်။ အသွင်ပြောင်းစစ်ပွဲငယ်တွေ ပေါ်ပေါက်လာတဲ့ အခါ ဘယ်လိုလုပ်ရပါ့။ 

ဒီစစ်ပွဲကို အကြောင်းပြုပြီး မြန်မာ့လူမှုကွန်ရက်ပေါ်မှာ မူစလင်တွေကို ရန်လုပ်တဲ့ မှတ်ချက်တွေ၊ လူမျိုးရေး မုန်းတီးမှုကို လှုံ့ဆော်တဲ့ အရေးအသားတွေ အထင်အရှား တွေ့လာရတယ်။ မြန်မာပြည်သူတွေရဲ့ စစ်အာဏာရှင်အမြစ်ပြတ်ရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ လူ့အခွင့်အရေး ရရေး တိုက်ပွဲကို လမ်းလွှဲဖို့ ကြိုးစားနေကြတာကို တွေ့ရတယ်။ ဒါပေမဲ့ မြန်မာပြည်သူတွေ က တော်လှန်ရေးသတိရှိတယ်။ ဒေါ်အောင်ဆန်းစုကြည် အသက် ၈၀ ပြည့်မွေး‌နေ့ဆုတောင်း တစ်သိန်းကျော်ကို လူမှုကွန်ရက်ပေါ်တင်ပြီး ဂရင်းနစ်စံချိန်တင်အောင် လုပ်နိုင်ကြတယ်။  နှစ်လုံးထီ ၀၈ ပေါက်လို့ပျော်ကြတယ်။

တော်လှန်ရေးတပ်တွေက အရေးကြီးတဲ့စခန်းတွေ တခုပြီးတခု သိမ်းနေတယ်။ အထူးသဖြင့်ကရင်ပြည်နယ်နဲ့ အညာဒေသဘက်မှာ။ စစ်ကောင်စီလက်ပါးစေတွေကတော့ လိုင်စင်မဲ့ကားတွေ ဆိုင်ကယ်တွေကို သိမ်းနေတယ်။ မင်းအောင်လှိုင် လျှပ်စစ်ကားတွေ ဝယ်သူမရှိလို့ အခုလိုလုပ်တာလို့ လူတွေက စွပ်စွဲကြတယ်။ 

မရှိမဲ့ ရှိမဲ့ ငွေကလေးကိုရင်းပြီး ဆိုင်ကယ် ကယ်ရီဆွဲစားနေသူတွေက စစ်ကောင်စီကိုကျိန်ဆဲတယ်။ လိုင်စင်မဲ့ကားပေါ်မှာ မြိန့်မြိန့်ကြီးထိုင်နေတဲ့ အခွင့်ထူးခံကိုယ်တော်တွေက မင်းအောင်လှိုင်ကို မေတ္တာတုံးကြီးကြီး ဟီးတိုက်ပြီး ပို့ ကြတယ်။ ဘုန်းကြီကျောင်းဝင်းထဲ က ညအိပ်ကားရပ်နား ဈေးကွက်ပျက်သွားတယ်။ မင်းမှုထမ်းတို့ရဲ့ ဘောင်းဘီအိတ်ထဲ မှာ ငွေတွေနဲ့ ဖောင်းကားကုန်တယ်။ 

တတိယကမ္ဘာစစ်ဖြစ်လို့ စစ်ရှောင်ရရင် ငွေသယ်ဖို့ ကားတွေ အသင့်။ ကမ္ဘာမှာ ကံအကောင်းဆုံးက ငါတို့လူမျိုး။




Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar