Breaking News

ရေကြီးမယ့် အန္တရာယ်ကို တလှည့်ရင်ဆိုင်ကြရဦးမယ့် ဒေသတွေ

မြန်မာနွေဦးခရိုနီကယ် - ဇွန်လ ၁၄ မြင်ကွင်း

မိုးမခ၊ ဇွန်လ ၁၅ ၊ ၂၀၂၅

ရေကြီးမယ့် အန္တရာယ်ကို တလှည့်ရင်ဆိုင်ကြရဦးမယ့် ဒေသတွေ

ပြည်တွင်းစစ်ဘေးကြောင့် အသက်သေဆုံးမှု၊ ထိခိုက်ပျက်စီးမှု၊ နေရပ်မှ ထွက်ပြေးတိမ်းရှောင်ကြရကာ၊ မကြာသေးခင်က နှစ်ပေါင်း ၈၀ကနေ ၁၀၀ ကြားတကြိမ်လှုပ်ခတ်လေ့ရှိတဲ့ ငလျင်ဘေးဆိုးဆိုးရွားရွားခံစားခဲ့ကြရတဲ့ မြန်မာနိုင်ငံက လူထုတွေအနေနဲ့ နှစ်စဥ် ကျရောက်လေ့ရှိတဲ့ သဘာဝဘေးအန္တရာယ် ကို တဖန်ရင်ဆိုင်ကြရဦးမှာ ဖြစ်ပါတယ်။ ဘယ်ဒေသတွေ မှာရေကြီးနိုင်သလဲဆိုတာတော့ အတိအကျ မသိနိုင်သေးပေမယ့် ခုလတ်တလောမှာ ပုံမှန်ထက်ကို သိသာစွာ ရေမျက်နှာပြင်မြင့်တက်လာတာ ညောင်ရွှေမြို့နဲ့ ဆက်စပ်နေတဲ့ အင်းလေးဒေသဖြစ်ပါတယ်။ ရှမ်းပြည်နယ် တောင်ပိုင်း တောင်ကြီးမြို့၊ ကလော၊ အင်းလေးဒေသတွေမှာ ပြီးခဲ့တဲ့ ရက်တွေက မိုးသည်းထန်စွာရွာသွန်းခဲ့တာကြောင့် အင်းလေးကန်ထဲရေဝင်ရောက်မှု ပုံမှန်နှစ်တွေထက် များပြားကာ ရေမျက်နှာပြင် ၅ ပေအမြင့်လောက် မြင့်တက်လာတာကြောင့် မကြာသေးခင်က ငလျင်ဒဏ်ကို ခံစားခဲ့ကြရတဲ့ အင်းလေးဒေသခံတွေ အဖို့ ရေဘေးအတွက် ထပ်စိုးရိမ်နေကြရတဲ့ အနေအထားလည်း ဖြစ်ပါတယ်။ မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ စစ်ကိုင်း/မန္တလေးဒေသက ငလျင်ကြောင့် များပြားတဲ့ အပျက်အစီးတွေ ပျက်စီးခဲ့ရတဲ့ ဒေသတွေထဲ အင်းလေးဒေသလည်း တခုအပါအဝင် ဖြစ်ပါတယ်။ လဲပြို ယိမ်းယိုင်သွားတဲ့ နေအိမ်တွေ၊ ဘာသာရေး အဆောက်အဦတွေကို ပြန်လည်ပြင်ဆင်နေဆဲ အချို့လည်း ပြင်ဆင်လို့ မပြီးစီးသေးချိန်မှာ ရေဘေးကျရောက်မယ့် လက္ခဏာတွေ တွေ့လာနေရတာ ဖြစ်ပါတယ်။

အင်းလေးဒေသဟာ ပုံမှန်အားဖြင့်ဆို မိုးနှောင်းပိုင်း ဖြစ်တဲ့ စက်တင်ဘာ အောက်တိုဘာလအစောပိုင်းတွေမှာသာ ကန်ရေမျက်နှာပြင် မြင့်တက်လေ့ရှိပေမယ့် အခုနှစ်မှာတော့ မိုးဦးလို့ဆိုရမယ့် ဇွန်လဆန်းမှာတင် ရေမျက်နှာပြင်က ခါတိုင်းနှစ် မိုးနှောင်းမှာကြုံရတဲ့ အခြေအနေမျိုး ရောက်ရှိနေတာ ဖြစ်ပါတယ်။

ကမ္ဘာကြီးမှာ အပူချိန်မြင့်တက်မှုကြောင့် အစွန်းရောက်တဲ့ ရာသီဥတုလက္ခဏာတွေ ဖြစ်ပေါ်လာတာနဲ့ အမျှ မိုးသည်းထန်တာ၊ ဖြစ်ပေါ်တဲ့ မုန်တိုင်းတွေက ပုံမှန်ထက်ပိုပြီး ပြင်းထန်အားကောင်းတဲ့ ဖြစ်စဥ်တွေ နဲ့ မြန်မာနိုင်ငံမှာ သယံဇာတ အလွန်အကျွံထုတ်ယူမှုရဲ့ အကျိုးဆက် သစ်တောပြုန်းတီးခြင်း၊ မြစ်ချောင်း ကြမ်းပြင်တွေ တိမ်ကောလာခြင်း လမ်းကြောင်းပြောင်းလဲခြင်းတွေက အခုလို ရေဘေးကျရောက်ဖို့ အကြောင်းခံ တွန်းအားဖြစ်စေတာလည်း ဖြစ်ပါတယ်။

ရှမ်းပြည်နယ် တောင်ပိုင်းတင်မကပဲ ကချင်ပြည်နယ် မြစ်ကြီးနား၊ မြစ်ဆုံအထက်ဘက် ချီဖွေ တို့လိုဒေသတွေမှာလည်း ယခုနှစ်မိုးဦးကာလမှာပဲ ရေကြီးတဲ့ဘေးကို တကြိမ်ကြုံတွေ့ကြရပြီး ဖြစ်ပါတယ်။ ယခုမိုးရာသီအတွင်း ထပ်မံမကြုံရဘူးလို့လည်း မဆိုနိုင်တဲ့ အနေအထားဖြစ်ပါတယ်။ ကချင်ပြည်နယ် ရှမ်းပြည်နယ် စစ်ကိုင်းနဲ့ မန္တလေးတိုင်း ဒေသအချို့မှာ ရွှေတူးဖေါ်မှုတွေကြောင့် မြစ်ချောင်း လမ်းကြောင်းပြောင်းလဲတာ၊ မြစ်ကြမ်းပြင် တိမ်လာတာတွေက မိုးသည်းထန်တာနဲ့ လူနေမြို့ရွာတွေ ရေကြီးမယ့် ဘေးနဲ့ ကြုံတွေ့လာကြရတဲ့ အနေအထားဖြစ်လာပါတယ်။

ဒီလို သဘာဝဘေး အန္တရာယ်ကြုံတွေ့ကြရတဲ့ အနေအထားမှာ ရပ်ရွာလူထု အနေနဲ့ လက်နက်ကိုင် တိုက်ပွဲတွေ စစ်ဘေးက ထွက်ပြေးတိမ်းရှောင်နေရတဲ့ အခြေအနေတွေနဲ့ တပြိုင်နက်ထဲ ရင်ဆိုင်ကြရတာမျိုးလည်း ရှိပါတယ်။ စစ်ဘေးနဲ့ ရေဘေး ဘယ်ဟာကို ပိုစိုးရိမ်ကြောက်လန့်ရမလဲ ဦးစားပေး တိမ်းရှောင်ရမလဲ ရွေးချယ်ရခက်ခဲတဲ့ အနေအထားမျိုးလည်း ရင်ဆိုင်ကြရပါတယ်။

စစ်ပွဲတွေ ဖြစ်နေတဲ့ အနေအထားမျိုးမှာ သဘာဝဘေးကျရောက်ခဲ့ရင် ကူညီကယ်ဆယ်ရေးတွေ ထိထိရောက်ရောက် လုပ်ဆောင်နိုင်ဖို့ မလွယ်ကူပါဘူး။ ဘဏ္ဍာရေး ငွေကြေးအရင်းအမြစ်တွေလည်း စစ်ပွဲတွေမှာ အများအပြားသုံးစွဲခဲ့ကြတာ ဖြစ်လို့ သဘာဝဘေးအန္တရာယ် ကျရောက်သူတွေကို ကူညီကယ်ဆယ်ဖို့ ခက်ခဲလာတဲ့ အနေအထားမျိုး ဖြစ်ပါတယ်။

မြန်မာနိုင်ငံ အနေနဲ့ အာဏာသိမ်းပြီးနောက် တကျော့ပြန် တောက်လောင်လာတဲ့ ပြည်တွင်းစစ်ကာလအတွင်း သဘာဝဘေးအန္တရာယ်တွေ တခုမက ကျရောက်ခဲ့ပြီး အဆိုပါ သဘာဝဘေးအန္တရာယ်တွေကို နိုင်ငံရဲ့ သယံဇာတနဲ့ အခွန်အကောက်တွေကို အများဆုံး ရရှိနေတဲ့ အာဏာသိမ်းစစ်အစိုးရ အနေနဲ့ ထိထိရောက်ရောက် ကူညီကယ်ဆယ်ခြင်း မရှိခဲ့တာလည်း တွေ့ရမှာ ဖြစ်ပါတယ်။ သာဓက အနေနဲ့ပြရရင် ၂၀၂၃ ခုနှစ်မှာ ရခိုင်ပြည်နယ် မြောက်ပိုင်း မိုခါ မုန်တိုင်း၊ ၂၀၂၄ ခုနှစ်မှာ ယာဂီမုန်တိုင်း အကြွင်းအကျန် မိုးသည်းထန်မှုကြောင့် မန္တလေးတိုင်း ဒေသအချို့၊ ရှမ်းတောင် နဲ့ ရှမ်းအရှေ့တို့မှာ ဖြစ်ပွားရောက်ခဲ့တဲ့ ရေဘေးတွေက ထိခိုက်ပျက်စီးမှု ကြီးမားခဲ့တာ တွေ့ရပါတယ်။ သို့ပေမယ့် အဆိုပါ သဘာဝဘေးအန္တရာယ် ကူညီကယ်ဆယ်ရေးတွေကို ထိရောက်စွာ မလုပ်နိုင်ခဲ့တာလည်း သက်သေသာဓကတွေ နဲ့ တကွရှိနေတာ ဖြစ်ပါတယ်။ သဘာဝဘေးအန္တရာယ် ကျရောက်တဲ့ ဒေသအချို့က လက်နက်ကိုင် တဖွဲ့ဖွဲ့ရဲ့ အပြည့်အဝ ထိန်းချုပ်ထားတဲ့ နယ်မြေတွေ ဖြစ်သလို အချို့သော ဒေသတွေက ဘယ်အဖွဲ့ကမှ ပြည့်ပြည့်ဝဝ ထိန်းချုပ်ထားနိုင်ခြင်း မရှိတဲ့ ဒေသတွေလည်း ဖြစ်နေတတ်ပါတယ်။ ဘယ်အဖွဲ့ကမှ သတ်သတ်မှတ်မှတ် ထိမ်းချုပ်ထားနိုင်ခြင်း မရှိတဲ့ သဘာဝဘေးကျရောက်တဲ့ ဒေသတွေအနေနဲ့ အကူအညီ ရရှိဖို့ ပိုပြီးခက်ခဲလေ့ရှိပါတယ်။ အဆိုပါနယ်မြေတွေကို ဝင်ရောက် သွားလာရာမှာ မလုံခြုံမှုနဲ့ အချိန်မရွေး တိုက်ပွဲပြန်လည် ဖြစ်ပွားနိုင်ခြေတွေက ကယ်ဆယ် ကူညီရေးတွေကို ထိခိုက်စေတာ ဖြစ်ပါတယ်။ မကြာသေးခင်က ငလျင်ဘေးခံစားခဲ့ကြရတဲ့ စစ်ကိုင်းတိုင်းထဲက ကျေးရွာတွေအများအပြားမှာ အလားတူ အခြေအနေမျိုးကြုံတွေ့ခဲ့ကြရတာ ဖြစ်ပါတယ်။ စစ်ကိုင်းတိုင်းထဲက မင်းကွန်းလို ဒေသမျိုးတွေကို ကူညီကယ်ဆယ်ရေး သွားရောက်ဖို့ရာ လုံခြုံရေးအခြေအနေကြောင့် ချင့်ချိန်ကြရတဲ့ အနေအထားတွေ ရှိခဲ့တာဖြစ်ပါတယ်။

နောက်တချက်က လက်နက်ကိုင်ပဋိပက္ခ၊ စစ်ပွဲတွေဖြစ်ပွားနေချိန်မှာ သဘာဝဘေးအန္တရာယ် ကျရောက်မှုတွေအတွက် ကြိုတင် ပြင်ဆင်မှု၊ သတိပေးနှိုးဆော်မှုတွေ ရဲ့ ရံပုံငွေ သတ်မှတ်လျာထားမှုတွေ ရရှိဖို့ မလွယ်ကူတဲ့ အနေအထား နဲ့ ကြုံတွေ့ကြရမှာ ဖြစ်ပါတယ်။ အာဏာသိမ်း စစ်ကောင်စီ အနေနဲ့ သဘာဝဘေး အန္တရာယ် ကြိုတင်ပြင်ဆင်ရေးထက် စစ်ရေးအရ အနိုင်ရဖို့ အတွက် နိုင်ငံရဲ့ ဘဏ္ဍာတွေ ပုံအော သုံးစွဲနေသလို တဖက် တော်လှန်ရေးလက်နက်ကိုင်၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေ အနေနဲ့လည်း အဆိုပါ ဘေးအန္တရာယ်တွေ ကြိုတင်ကာကွယ်ဖို့ ကျရောက်လာရင် ကူညီကယ်ဆယ်ဖို့ အစီအမံတွေ အားနည်းကြတဲ့ အနေအထားမျိုး ဖြစ်ပါတယ်။ အစိုးရတရပ် အနေနဲ့ စီမံခန့်ခွဲတဲ့ အတွေ့အကြုံ၊ ဘဏ္ဍာငွေတွေ မရှိကြတဲ့ အချက်ကလည်း အဓိက အကြောင်းတချက်ဖြစ်သလို လူ့အရင်းအမြစ်တွေ မရှိကြတာလည်း ဒုတိယ အကြောင်းအချက် ဖြစ်နိုင်ပါတယ်။

ဒီလို အခြေအနေမျိုးမှာ လူထု အနေနဲ့ သဘာဝဘေး၊ ငလျင်ဘေးတွေကနေ မိမိတို့ဘာသာ ပြန်လည် ရုန်းထကြရမယ့် အခြေအနေဖြစ်ပြီး အခုလို ကပ်ဘေးတွေကနေ ပြန်လည် ရုန်းထနိုင်ဖို့က ကြီးမားတဲ့ စိတ်ခွန်အား ရုပ်ဝတ္တုခွန်အားတွေ လိုအပ်နေတာလည်း ဖြစ်ပါတယ်။




Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar