Breaking News

နေပြည်တော်က ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၅

မြန်မာနွေဦးခရိုနီကယ် - ဇွန် ၂၅ မြင်ကွင်း

(မိုးမခ) ဇွန် ၂၆၊ ၂၀၂၅

နေပြည်တော်က ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၅

မြန်မာနိုင်ငံဒေသအများအပြားကို တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ နဲ့ PDF တပ်ဖွဲ့တွေက တိုက်ခိုက်သိမ်းယူအုပ်ချုပ်နေကြပြီး လက်ရှိကာလမှာပင်လျင် ဒေသအချို့မှာ ပြင်းထန်တဲ့ရင်ဆိုင်တိုက် ခိုက်မှုတွေဖြစ်ပွားနေချိန်မှာ “ငြိမ်းချမ်းရေးဖိုရမ် ၂၀၂၅” လို့ အမည်ပေးထားတဲ့ ဆွေးနွေးပွဲတရပ်ကို စစ်ကောင်စီကဖွဲ့ထားတဲ့ အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC က နေပြည်တော်မှာ ကမကထလုပ်ပြီး ကျင်းပနေပါတယ်။

အခုငြိမ်းချမ်းရေးဖိုရမ် ၂၀၂၅ ကျင်းပနေချိန်မှာ ပဲခူးတိုင်းထဲမှာ တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ် ပွားနေသလို၊ ကချင်ပြည်နယ် ဗန်းမော်မြို့မှာလည်း KIA နဲ့ စစ်ကောင်စီတပ်တွေအကြား နှစ်ဝက်ဝန်းကျင်ထိ ကြာမြင့်လာပြီဖြစ်တဲ့ မြို့သိမ်းတိုက်ပွဲ ဖြစ်ပွားနေတာဖြစ်ပါတယ်။ အလားတူ ကရင်နီ (ကယား) ပြည်နယ်နဲ့ ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံဒေသတွေမှာ စစ်ကောင်စီနဲ့ပအို့ဝ်အမျိုးသားလက်နက်ကိုင်တပ်တို့ ပူးပေါင်းပြီး PDF တွေနဲ့ တိုက်ပွဲ ပြင်းပြင်းထန်ထန်ဖြစ်ပွားနေတာပါ။

ငြိမ်းချမ်းရေးဖိုရမ်လို့အမည်ပေးထားတဲ့ဆွေးနွေးပွဲဟာ လက်ရှိတိုက်ပွဲဖြစ်နေတဲ့ လက်နက်ကိုင် အဖွဲ့တွေနဲ့ ဆွေးနွေးတဲ့ဆွေးနွေးမှုမျိုးမဟုတ်ဘဲ ၂၀၁၅ နဲ့ ၂၀၁၈ ခုနှစ်တွေတုန်းက NCA လို့ခေါ်တဲ့ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ်လက်မှတ်ထိုးထားတဲ့ လက်နက်ကိုင်အဖွဲ့အချို့ ၊ NCA ထိုးမထားပေမယ့် စစ်ကောင်စီနဲ့တိုက်ခိုက်မှုမရှိတဲ့ အပစ်ရပ်တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အချို့၊ လက်ရှိရွေးကောက်ပွဲကော်မရှင်မှာ မှတ်ပုံတင်ထားတဲ့နိုင်ငံရေးပါတီတွေ တက်ရောက်ကြသလို နိုင်ငံတကာသံတမန်တွေကိုလည်း ဧည့်သည်အဖြစ် ဖိတ်ကြားထားပြီး တရုတ်၊ အိန္ဒိယတို့လို နိုင်ငံနယ်နိမိတ်ချင်းလည်းထိစပ်နေပြီး အင်အားကြီးနိုင်ငံလို့သတ်မှတ်နိုင်တဲ့ နိုင်ငံတွေက သံ တမန်တချို့ တက်ရောက်ကြတာ ဖြစ်ပါတယ်။

အခုလိုငြိမ်းချမ်းရေးဖိုရမ်ကျင်းပတာဟာ ဖြစ်ပွားနေတဲ့ ပြည်တွင်းစစ်မီးငြိမ်းစေဖို့ ဆိုတဲ့ရည်မှန်းချက်ထက် စစ်အာဏာသိမ်းထားတဲ့စစ်ကောင်စီအနေနဲ့ ငြိမ်းချမ်းရေးလိုလားတယ်ဆိုတဲ့ နိုင်ငံရေးအရ အကျိုးအမြတ်ထွက်လိုတဲ့ ရည်ရွယ်ချက်ဖြစ်တယ်ဆိုတာ ထင်ရှားတဲ့အချက်ဖြစ်ပါတယ်။ လက်ရှိတိုက်ပွဲတွေဖြစ်ပွားနေတဲ့ တိုင်းရင်းသားတပ်ဖွဲ့တွေ၊ အမျိုးသားညီညွတ်ရေးအစိုးရလက် အောက်က PDF တပ်ဖွဲ့တွေနဲ့ ငြိမ်းချမ်းရေးလုပ်ဖို့ ရည်ရွယ်ချက်မရှိတဲ့ စစ်ကောင်စီအနေနဲ့ ငြိမ်း ချမ်းရေးဖိုရမ်တရပ်ကျင်းပခြင်းဟာ အပြသဘောနဲ့ တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့တိုင်းရင်းသား လက် နက်ကိုင်အဖွဲ့အချို့၊ နိုင်ငံရေးပါတီတချို့ကို ဝါဒဖြန့်စည်းရုံးဖို့ ရည်ရွယ်ချက်သာရှိတယ်ဆိုတာ ပေါ် လွင်ပါတယ်။

ဒီငြိမ်းချမ်းရေးဖိုရမ်ဖွင့်ပွဲမှာ အာဏာသိမ်းစစ်တပ်ခေါင်းဆောင်မင်းအောင်လှိုင် တက်ရောက် မိန့်ခွန်းပြောဆိုရာမှာ အချက်တချက်က “ဒီမိုကရေစီ ဒုတိယအစိုးရသက်တမ်းကာလမှာ ငြိမ်းချမ်းရေး ညီလာခံကို ၂၁ ရာစုပင်လုံအဖြစ်အမည်ပြောင်းလဲနိုင်ရေး ဆောင်ရွက်ခဲ့တာတွေ့ရပြီး ဒီလိုပြောင်း လဲမှုက သမိုင်းကြောင်းအရ အခက်အခဲတွေရှိလာနိုင်တဲ့အတွက်အသိပေးမှုတွေ ဆောင်ရွက်ခဲ့ကြောင်းနဲ့ အဲဒီကာလက တပ်မတော်အနေနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကို အတတ်နိုင်ဆုံးလိုက် လျောဆောင်ရွက်ပေးခဲ့ကြောင်း၊ အရပ်ဘက်စစ်ဘက်ဆက်ဆံရေးကိုမြှင့်တင်ဖို့ကြိုးပမ်းခဲ့ကြောင်း ဒါပေမယ့် အဲဒီအချိန်က လွှတ်တော်နဲ့အစိုးရတို့အနေနဲ့ ဥပဒေနဲ့မညီတဲ့ပြောဆိုမှုတွေ ပြဋ္ဌာန်းချက်တွေကိုအတည်ပြုခဲ့ပြီး ဥပဒေနဲ့မညီညွတ်တဲ့ကိစ္စများစွာလုပ်ဆောင်ခဲ့တာကြောင့် ဒီမိုကရေစီ ဒုတိယအစိုးရလက်ထက်မှာ ဒီမိုကရေစီလမ်းကြောင်းလွဲချော်ပြီး အခုအခြေအနေရောက်ခဲ့ရတာ” လို့ စစ်အာဏာသိမ်းတဲ့အကြောင်းရင်းကို ဖုံးကွယ်ပြောဆိုခဲ့တာတွေ့ရပါတယ်။

ဒါ့အပြင် နိုင်ငံတကာဆက်ဆံရေးနဲ့ပတ်သက်လို့ နိုင်ငံတကာနဲ့သဟဇာတဖြစ်ဖို့ လိုအပ်တာမှန်ပေမယ့် နိုင်ငံခြားသြဇာခံမဖြစ်ဖို့လိုတယ်လို့လည်း စစ်တပ်ခေါင်းဆောင်က ပြောသွားပါတယ်။ လတ် တလော ရှမ်းမြောက်က လက်နက်ကိုင်ပဋိပက္ခတွေမှာ တရုတ်နိုင်ငံရဲ့ ဖိအား၊ အပေးအယူ ပုံသွင်းမှုတွေရှိနေတာ အားလုံးသိပြီးသားကိစ္စတရပ်ဖြစ်ပြီး တရုတ်နိုင်ငံက အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ မြန်မာ့အရေးမှာ ၄င်းရဲ့အကျိုးစီးပွားထိခိုက်နိုင်တဲ့အခင်းအကျင်းတွေပေါ်ထွက်မလာအောင် ပုံဖော်နေတဲ့ အဖြစ်က အားလုံးသိတဲ့ကိစ္စတရပ်ဖြစ်ပါတယ်။ အင်အားကြီးနိုင်ငံတနိုင်ငံအနေနဲ့ ရော၊ အိမ်နီးချင်းနိုင်ငံတနိုင်ငံအနေနဲ့ပါ တရုတ်ရဲ့ သြဇာ၊ လွှမ်းမိုးမှုတွေကို အာဏာသိမ်းစစ်တပ်အနေနဲ့ မနှစ်သက်သည့်တိုင် အခြားရွေးစရာလမ်းမရှိတာကြောင့် လက်ခံခဲ့ရတာဖြစ်ပါတယ်။ အာဏာသိမ်းစစ်ခေါင်း ဆောင်အနေနဲ့ အတွင်းစိတ်ထဲမကျေမလည်ဖြစ်နေတဲ့ခံစားမှုကို အခုလို တရုတ်နိုင်ငံက အထူးကိုယ်စားလှယ်တက်ရောက်တဲ့ငြိမ်းချမ်းရေးဖိုရမ်မှာဖွင့်ပြောခဲ့တာလားလို့လည်း တွေးနိုင်ပါတယ်။

တကယ်တော့ စစ်အာဏာသိမ်းပြီးအုပ်ချုပ်နေတဲ့စစ်တပ်အဖို့ ငြိမ်းချမ်းရေးအမှန်တကယ်လိုလားတယ်ဆိုခဲ့ရင် စစ်တပ်အနေနဲ့ နိုင်ငံရေးနယ်ပယ်က လုံးဝထွက်ခွာမယ်ဆိုတဲ့ကတိပြုမှသာ ဆွေးနွေးမယ်လို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့နဲ့ NUG တို့က ပြောဆိုထားချက်တွေလည်း ရှိသလို စစ်အာဏာသိမ်းပြီး ၄ နှစ်ကျော်ကြာမြင့်လာချိန် ထိန်းချုပ်နယ်မြေအများအပြား လက်လွှတ်ဆုံးရှုံးလာတဲ့အခြေအနေမှာ အာဏာသိမ်းစစ်တပ်အဖို့ ၄င်းရဲ့ ရပ်တည်ရေးက မရေရာဖြစ်လာချိန်မှာ အခုလို အလျော့ပေးမှု၊ လိုက်လျောမှုမရှိတဲ့လက်နက်ဖြုတ်သိမ်းပြီး ရွေးကောက်ပွဲဝင်ဆိုတဲ့ အခြေ ခံကမ်းလှမ်းချက်မျိုးသာရှိတဲ့ ငြိမ်းချမ်းရေးဖိုရမ်ကို ကျင်းပခြင်း ဖြစ်ပါတယ်။ အခုကျင်းပတဲ့ ငြိမ်း ချမ်းရေးဖိုရမ်ဟာ လက်နက်ကိုင်ပဋိပက္ခမှာ အမှန်တကယ် ပါဝင်ပတ်သက်တဲ့အဖွဲ့အစည်းတွေ ပါ ဝင်ခြင်းမရှိတဲ့ ဆွေးနွေးမှုတခု၊ ရပ်တည်ချက်တွေ လိုလားချက်တွေကို  ပွင့်ပွင့်လင်းလင်း ထုတ်ဖေါ်ပြောဆိုပြီးဆွေးနွေးနိုင်တဲ့ dialogue တခုမဟုတ်တာကြောင့် ဒီငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၅ က နေ သိသာတဲ့အကျိုးရလဒ်ရရှိဖို့ မျှော်လင့်လို့မရတာ အသေအချာဖြစ်ပါတယ်။

ငြိမ်းချမ်းရေးဟာ ပြည်သူလူထုအတွက် မရှိမဖြစ်အရာဖြစ်ပေမယ့် ပုဂ္ဂလိက နဲ့လက်နက်ကိုင်အဖွဲ့အစည်းကိုယ်ကျိုးစီးပွားက ပြည်သူလူထုရဲ့ လုံခြုံအေးချမ်းမှုထက်ပိုဦးစားပေးတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေ အများစုဖြစ်နေသရွေ့ ငြိမ်းချမ်းရေးပန်းတိုင်က ရဖို့ အလှမ်းဝေးနေဦးမှာ ဖြစ်ပါတယ်။

-

Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar