Breaking News

ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီနဲ့ အငြင်းပွားစရာ CDM ဥပဒေ

မြန်မာနွေဦးခရိုနီကယ် - ဇွန် ၁၅ မြင်ကွင်း

(မိုးမခ) ဇွန် ၁၆၊ ၂၀၂၅

ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီနဲ့ အငြင်းပွားစရာ CDM ဥပဒေ

စစ်အာဏာသိမ်းခါစ ရက်ပိုင်းအတွင်း စတင်ခဲ့တဲ့ လှုပ်ရှားမှုဖြစ်တဲ့ Civil Disobedient Movement လို့အင်္ဂလိပ်ဘာသာနဲ့ ခေါ်ဆိုတဲ့ အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှုနဲ့ပတ်သက်ပြီး CDM လုပ်တဲ့ဝန်ထမ်းတွေကို ဘယ်လိုခံစားခွင့်ပေးမယ်၊ ဂုဏ်ပြုမယ်ဆိုတာနဲ့အတူ CDM မလုပ်တဲ့ တနည်း Non-CDM ဝန်ထမ်းတွေကိုတော့ အရေးယူမယ်ဆိုတဲ့အကြောင်းအရာတွေပါဝင်တဲ့ “အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှုဆိုင်ရာ နိုင်ငံ့ဝန်ထမ်းဥပဒေ” ကို ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီက ပြီးခဲ့တဲ့ရက်ပိုင်း ဇွန်လ ၁၃ ရက်နေ့ က ပြဋ္ဌာန်းလိုက်ကြောင်း ကြေညာခဲ့ပါတယ်။

စာမျက်နှာ ၁၁ မျက်နှာပါရှိပြီး အခန်း ၇ ခန်းပါရှိတဲ့ ဥပဒေမှာ အသိအမှတ်ပြုခြင်း၊ ဂုဏ်ပြုချီးမြှင့်ခြင်း၊ ပြန်လည်ကုစားပေးခြင်း၊ အမှန်တရားနဲ့ တရားမျှတမှုရှာဖွေဖော်ထုတ်ခြင်းအခန်း၊ အရေးယူခြင်း၊ အသနားခံစာတင်သွင်းခြင်း၊ စုံစမ်းစစ်ဆေးရေး ကော်မရှင်ဖွဲ့စည်းခြင်း နဲ့ အထွေထွေဆိုတဲ့အခန်းတွေ ပါရှိတာတွေ့ရပါတယ်။

စစ်အာဏာသိမ်းပြီး ၄ နှစ်ကျော်ကြာမြင့်ချိန်၊ လက်နက်ကိုင်တော်လှန်ရေး နည်းလမ်းကို ရွေးချယ်လျှောက်လှမ်းနေတာ ၄ နှစ်ကျော်ကြာမြင့်လာချိန်မှာ CDM လှုပ်ရှားမှုလိုမျိုး “အကြမ်းမဖက် အာ ဏာဖီဆန်ရေးလှုပ်ရှားမှု” ဟာ စစ်အာဏာရှင်စနစ်ပြုတ်ကျဖို့ရာ အရေးပါနေသေးသလား ဆိုတဲ့ မေးခွန်းက အဓိကကျတဲ့ မေးခွန်း ဖြစ်ပါတယ်။

CDM လှုပ်ရှားမှုဟာ စစ်အာဏာသိမ်းခါစ အာဏာသိမ်း စစ်အစိုးရကို အကြမ်းမဖက်တဲ့နည်းနဲ့ ဖြုတ်ချဖို့၊ အစိုးရယန္တရားကို ရပ်ဆိုင်းအောင် လုပ်ဖို့ ရည်ရွယ်ကာလှုံ့ဆော်ခဲ့ကြတာဖြစ်ပြီး အာဏာ သိမ်းပြီး ၃ လအကြာမှာ အမျိုးသားညီညွတ်ရေးအစိုးရဖွဲ့စည်းကြောင်းကြေညာခဲ့သလို အစိုးရဖွဲ့ပြီး ရက်အနည်းငယ်အကြာမှာ လက်နက်ကိုင်တပ် People Defense Force ကိုဖွဲ့စည်းခဲ့ချိန်မှာ မြေပေါ်က တနည်းအားဖြင့် စစ်ကောင်စီတွေထိန်းချုပ်ထားတဲ့မြို့တွေ နယ်တွေက အကြမ်းမဖက် လှုပ် ရှားမှုတွေဟာ အဓိကကျတဲ့အခန်းကဏ္ဍမှာမရှိတော့တဲ့သဘောလို့ နိုင်ငံရေးအခြေခံကို နားလည်သူတိုင်းသိရှိကြမှာ ဖြစ်ပါတယ်။ လက်နက်ကိုင်တော်လှန်တိုက်ခိုက်ဖို့၊ စစ်တပ်ကိုလက်နက်နဲ့ ယှဥ်ပြိုင်တိုက်ခိုက်ပြီး နိုင်ငံအုပ်ချုပ်ရေးအာဏာကို ရယူပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု နိုင်ငံ အဖြစ်ထူထောင်ကြဖို့ ရည်ရွယ်ထားကြချိန်မှာ ဘာကြောင့်မြို့ပေါ်က CDM လှုပ်ရှားမှုကို အလေးထား ဥပဒေထုတ်ပြန်သလဲဆိုတာ နားမလည် နိုင်စရာလည်း ဖြစ်နေပါတယ်။

CDM လှုပ်ရှားမှုဟာ နွေဦးတော်လှန်ရေး တနည်း စစ်အာဏာရှင်စနစ်ဖယ်ရှားရေးမှာ အဆင့်တခု ကာလတခုမှာ ကျန်ခဲ့ ထားခဲ့ရမယ့်နည်းလမ်းတခုအဖြစ် CRPH အနေနဲ့ နားမလည်တဲ့သဘော သို့မဟုတ် သဘောမထားတာလားလို့လည်း မေးစရာရှိနေပါတယ်။

စစ်အာဏာသိမ်းခါစက CDM လှုပ်ရှားမှုကို ကျန်းမာရေး၊ ပညာရေး ဝန်ထမ်းတွေ စတင်ခဲ့ကြပြီး ရဲ၊ စစ်သား၊ စစ်အရာရှိတွေအထိပါဝင်ခဲ့ကြပေမယ့် အခုလိုကာလ နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှု အဆင့်တွေ တခုပြီးတခု ကျော်လွန်ရောက်ရှိချိန်မှာ CDM ဖြစ်ခြင်း မဖြစ်ခြင်း စစ်အာဏာရှင် စနစ်ကို ဖယ်ရှားပြီးနောက် အနာဂတ် နိုင်ငံထူထောင်ရေးလုပ်ဆောင်ချိန်မှာ Non-CDM ဖြစ်သူတွေကို အပြစ်ပေးဖို့ အရေးယူဖို့ ကို CRPH အနေနဲ့ ဘာကြောင့် အရေးတကြီးထားနေသလဲဆိုတဲ့ မေးခွန်းလည်း မေးစရာ ရှိနေတာ ဖြစ်ပါတယ်။ CDM ဝန်ထမ်း သတ်မှတ်ချက်မှာ ဖော်ပြထားတာက ၂၀၂၁ ဖေဖော်ဝါရီ၁ ကနေ ဧပြီလ ၃၀  ရက်အတွင်း သပိတ်မှောက်လှုပ်ရှားမှုမှာ ပါဝင်ခဲ့သူများကို CDM ဝန်ထမ်းများအဖြစ် အတိအလင်းဆိုထားတာကြောင့် အဲသည် ကာလအပိုင်းအခြားကနေ စတင် လှုပ်ရှားသူတွေကို ဆိုလိုတယ်လို့လည်း ပြောရာ ရောက်ပါတယ်။ 

သည်နေရာမှာ တခု မီးမောင်းထိုးကြည့်ချင်တာကတော့ - CDM လှုပ်ရှားမှုကို အမည်သတ်မှတ်ခြင်း၊ CDM  ဝန်ထမ်းဆိုသည်ကို အဓိပ္ပာယ်ဖွင့်ဆိုခြင်း၊ အဆိုပါ သတ်မှတ်ချက်များနှင့် အကျုံးဝင်သည့် CDM များကို အစုအဝေးတခုအဖြစ် လက်ရှိတော်လှန်ရေး၏ အခန်းကဏ္ဍတွင် နေရာပေးလိုခြင်းဆိုတာမျိုးလည်း ဖြစ်ချင် ဖြစ်နိုင်ပါတယ်။ ဒါဆိုရင် ဥပမာ ၁၉၈၈ ခုနှစ်က လှုပ်ရှားခဲ့သူများကို ၈၈ မျိုးဆက်တွေလို ယေဘုယျသတ်မှတ်ခဲ့ကြရာက နောင် နှစ်ကာလကြာလာတဲ့အခါ ၈၈ မျိုးဆက်တွေ ဆိုတဲ့ လူ့အစုအဖွဲ့ ပုဂ္ဂိုလ်သတ်မှတ်ချက်မျိုး ဖြစ်ပေါ်လာတာကို ပြန်နှိုင်းယှဉ် စဉ်းစားမိပါတယ်။ မပြီးဆုံးသေးတဲ့ တော်လှန်ရေးမှာ အခုလို အမည်နာမ ဝေါဟာရ လူ့အစုအဖွဲ့ လူတန်းစား သတ်မှတ်ချက်မျိုးတွေ ပိုင်းခြားမှုတွေ ခေတ်အဆက်ဆက်တိုင်းမှာ ရှိခဲ့တာကိုလည်း တွေ့နိုင်ပါတယ်။ ၉၀ အနိုင်ရ အမတ်များ၊ သပိတ်မှောက်သံဃာများ၊ ၂၀၀၇ မျိုးဆက်များ၊ စသည့်သတ်မှတ်ထားသလိုမျိုး CDM  ဝန်ထမ်းအမျိုးအစား အဆင့်အတန်းကို အခုလို ၄ နှစ် ကျော် ကာလအကြာမှာ CRPH က အမည်ပေး သတ်မှတ် ပိုင်းခြားပေးလိုက်တာများလားလို့ တွေးကြည့်မိပါတယ်။ ဒါကတော့ ကာယကံရှင်တွေကို မေးမြန်းကြည့်မှ သိရမယ့် အချက် ဖြစ်ပါတယ်။

ဒါ့အပြင် ဥပဒေပြဋ္ဌာန်းတဲ့ဆီမှာ ထောက်ပြချင်စရာ တခုကတော့ - CDM ဖြစ်ခြင်း၊ မဖြစ်ခြင်းတွေနဲ့ ပတ်သက်လို့ ခွဲခြား သတ်မှတ်တဲ့အခါ နိုင်ငံရေးအရ ထောက်ခံခြင်း၊ မထောက်ခံခြင်းကို အကြပ်ကိုင်တဲ့သဘော သက်ရောက်တာလည်း မူဝါဒဆိုင်ရာအရ ပြဿနာရှိနေတာ ဖြစ်ပါတယ်။ စစ်ကောင်စီရဲ့ လက်နက်ကိုင်တပ်ဖွဲ့ဝင်တွေကိုတောင် ဘက်ပြောင်းဖို့ စည်းရုံးပြောဆိုနေချိန်မှာ အရပ်ဘက် ဌာနဆိုင်ရာဝန်ထမ်းတွေကို CDM မလုပ်ရင် အရေးယူမယ်၊ အပြစ်ပေးမယ် ဆိုတဲ့ အဆင့်ဆင့်သော အရေးယူမှု၊ ပြစ်ဒဏ်ပေးမှုတွေကို ကြေညာခြင်းဟာ စည်းရုံးရေးသဘောလည်း မဆောင်သလို လက်တွေ့လုပ်ဆောင်နိုင်တဲ့ အနေအထားမရှိသေးတဲ့ အခြေအနေမှာ အသံကြောင့် ဖားသေတဲ့ သဘောလည်း ဖြစ်နေတာပါ။

အခုလို ဥပဒေ ထုတ်ပြန်တာနဲ့ အကျုံးဝင်တဲ့ ဝန်ထမ်းတွေက စစ်ကောင်စီရဲ့ ထိန်းချုပ်မှုအောက်မှာရှိတဲ့ ဝန်ကြီးဌာနတွေက ဝန်ထမ်းတွေ ဖြစ်နေတာကြောင့် ၄င်းတို့ကို ကန့်သတ် ခွဲခြားသတ်မှတ်နေတဲ့ အဖြစ်ကို သတိပြုမိသူလည်း ရှိကောင်းရှိနိုင်သလို အများအပြားက သိရှိချင်မှ သိရှိမှာလည်း ဖြစ်ပါတယ်။

ဒီဥပဒေ ထုတ်ပြန်တာနဲ့ ပတ်သက်ပြီး ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂအဖွဲ့ချုပ်၊ လူမျိုးပေါင်းစုံမျိုးဆက်များ သွေးစည်းညီညွတ်သော မဟာမိတ်အင်အားစု GSCN တို့က သဘောထားထုတ်ပြန်ချက်တွေ ထုတ်ခဲ့ကြပါတယ်။ ABSFU ဗကသ အဖွဲ့ချုပ်က ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချကြောင်း ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။ GSCN ရဲ့ ထုတ်ပြန်ချက်မှာလည်း CRPH က ထုတ်ပြန်တဲ့ ဥပဒေကို စည်းရုံးရေး မဆန်သည့်သဘောမျိုး ထောက်ပြထားပြီး Non-CDM ဝန်ထမ်းတွေကိုလည်း ကြိုဆိုလမ်းဖွင့်ထားပေးရမှာ ဖြစ်ကြောင်း ဖေါ်ပြထားတာတွေ့ရပါတယ်။

CDM လှုပ်ရှားမှုမှာ ပါဝင်ခဲ့သူ အချို့ကတော့ Non-CDM တွေအပေါ် အရေးယူ အပြစ်ပေးမယ် ဆိုတဲ့ ဥပဒေပါ ရည်ရွယ်ချက်ကို ထောက်ခံကြတာလည်း လူမှုကွန်ရက်မီဒီယာ မှတ်ချက်တွေမှာ တွေ့ရပါတယ်။ ၄င်းတို့ ရဲ့ ရာထူး လစာ ခံစားခွင့်တွေကို ရင်းနှီးပြီး CDM လှုပ်ရှားမှုထဲ ပါဝင်ခဲ့ရတဲ့အတွက် Non-CDM တွေအနေနဲ့ ဘယ်နည်းနဲ့မှ ၄င်းတို့နဲ့ တတန်းထည်း အခွင့်အရေးမရသင့်ကြောင်း မှတ်ချက်တွေမှာ ရေးသားကြတာလည်း တွေ့ရပါတယ်။ ဒီလို သဘောထားတွေက လူတဦးချင်းအလိုက် စိတ်ခံစားချက်၊ ဖြစ်စေလိုတဲ့ ဆန္ဒတွေ ဖြစ်နိုင်ပါတယ်။ CRPH လို အနာဂတ် နိုင်ငံထူထောင်ရေး စည်းလုံးညီညွတ်မှု ပြန်လည်တည်ဆောက်ရေးအထိ ရေရှည် အကျိုးဆက်ကို မျှော်မြင်စဥ်းစားပြီး ဥပဒေ ပြုစုပြဋ္ဌာန်းရမယ့် အဖွဲ့အစည်းအနေနဲ့ အချို့သော CDM တွေရဲ့ သဘောထားမျိုးနဲ့ တန်းတူ ခံစားပြီး မူဝါဒတွေတာချမှတ်တာမျိုးကိုလည်း စဥ်းစားရမည့် အချက် ဖြစ်ပါတယ်။



Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar