မောင်တူး - စုမွေးနေ့ ၈၀ ကြို ကဗျာများ (၁၂)
မိုးဦးကာလ၊ ရွာသွန်းချသို့
များလှသောင်းသောင်း၊ ကဗျာပေါင်းသည်
ဆန်းစုကြည်အား ဂုဏ်ပြုနေကြတကား။ ။
စုမွေးနေ့ကြို ကဗျာတွေဟာ ပြီးခဲ့အပိုင်း ၁၁ မှာအထိ ၉၁ ပုဒ် ရခဲ့ပါပြီ။ ရေးသား ပေးပို့လာကြသူများကို ကျေးဇူးပါ။ အခု အပိုင်း ၁၂ မှာ ၉၂ ပုဒ်မြောက်က စတင် ဖော်ပြပါတော့မယ်။ ကိုနေဘုန်းလတ် ကဗျာနဲ့ စမယ်။
ချစ်ခြင်းအားဖြင့် လွတ်မြောက်ပါစေ (နေဘုန်းလတ်)
တခါက ...
စာကြည့်တိုက် ပြတင်းပေါက်ကိုငေး
ပြည်သူတွေအကြောင်းတွေးနေခဲ့ဖူးတဲ့ ... သူမ
တခါက ...
ခြံစည်းရိုး အပြင်ဘက်ကိုလက်ကမ်း
ပြည်သူတွေနဲ့ မမောမပမ်း စကားတွေပြောခဲ့ဖူးတဲ့ ... သူမ
ပြည်သူတွေအတွက် အမြဲလိုအပ်နေပေမယ့် ...
သူမကိုမလိုတော့ဘဲ
ပြည်သူတွေဆက်သွားနေတာကို မြင်ချင်ခဲ့တဲ့ ... သူမ
အခု ... ဘယ်နေရာမှာရှိနေလဲ
အခု ... ဘယ်မြင်ကွင်းကိုငေးနေမလဲ
အခု ... ဘာအကြောင်းတွေတွေးနေလဲ
အခု ... ဘယ်သူနဲ့ စကားပြောနေမလဲ
အခု ... ဘာတွေများလိုအပ်နေမလဲ
အခု ... နေရောကောင်းရဲ့လား
အဖြေမရှိသော မေးခွန်းများနဲ့
အလွမ်းသက်သက် တောင်းဆုများ ...
အဲဒီ့ ချစ်ခြင်းမေတ္တာတရားတွေ
လွတ်မြောက်ခြင်းကို ယူဆောင်လာနိုင်စေ။ ။
နေဘုန်းလတ်
၁၃ ၊ဇွန် ၊၂၀၂၅
၉၃ ပုဒ်မြောက်ကိုတော့ ကိုထွန်းထွန်းဝင်းရဲ့ ကဗျာကို ဖော်ပြပါမယ်၊ ဆုတောင်းကလေးနဲ့ အဆုံးသတ်ထားတာပါ။
ခေတ်သစ် ၈၀ ပေါ်တေးထပ် (ထွန်းထွန်းဝင်း)
ဓမ္မနဲ့ အဓမ္မ
လွတ် မြောက်နဲ့ ငြိမ်းချမ်းမှု
လွန်ဆွဲကြတဲ့ပွဲမှာ
ချုပ်နှောင်ခံရတဲ့အမေအို။
သားတို့ရဲ့ အနာဂတ်တွေကို
တမူထူးတဲ့အမြင်နဲ့ လမ်းပြခဲ့သူ။
အနာဂတ်ဆိုတာ တောင်တက်ရတဲ့လမ်းပေါ်က
မျှော်လင့်ချက်ဖြစ်နိုင်တယ်လို့
အလင်းတန်းတွေ ထွန်းညှိပေးခဲ့သူ။
အမေစုရေ—
သံချေးစွဲနေတဲ့ အကျဉ်းထဲမှာ
ဘဝတန်ဖိုးကို တားမြစ်နိုင်မှာမဟုတ်ဘူး။
သားတို့အသက်ရှင်နေသရွေ့
အနာဂတ်ကို ပစ်မှတ်ထားမယ်။
ဒါပေမယ့်—လက်ရှိကမ္ဘာမှာ
သံသရာဟာ သံတံခါးတွေကြားမှာ
ရုံးထွက်ကြမယ်။
အမေစုရေ—
မျက်ရည်တွေထဲက တောင်ပံနဲ့
မြင်ကွင်းလင်းမယ့် နေ့သစ်တွေကို
အိပ်မက်မက်နေကြတယ်။
ဗုံးသံကြားမှာ
သေနပ်သံတွေကြားမှာ
ထောင်နံရံတွေကြားမှာ
ငြိမ်းချမ်းရေး အတွက် ဂီတနက်သံလို
သဘောထားပြီး ခရီးဆက်နေကြရ။
အမေ လွတ်လတ်ပါစေ၊
အမေ ငြိမ်းချမ်းပါစေ၊
အမေ သက်တော်ရာကျော်ရှည်ပါစေ။
ထွန်းထွန်းဝင်း
14/6/2025
၉၄ ပုဒ်မြောက်ကတော့ ကိုမှူး (ဆေးတက္ကသိုလ်) ရဲ့ ကဗျာလေးကို ဖော်ပြလိုက်ပါတယ်။
ရဲရဲတောက်နှင်းဆီနီ (ကိုမှူး (ဆေးတက္ကသိုလ်))
အဓမ္မတွေကိုဒူးမထောက်
ဆူးခင်းလမ်းကိုနင်းလျှောက်
ရဲရဲတောက်နှင်းဆီနီ ........။
ရဲရဲတောက်အဆင်သွေး
အစဥ်မွှေးတဲ့နှင်းဆီနီ။
အကျည်းတန်အရိုင်းခေတ်
သမိုင်းသစ်စေမည်။
အဓမ္မသဘောမမှန်
လောကဓံရင်ဆိုင်နွှဲ။
အောင်ပန်းပန်အောင်ပွဲဆင့်
ရဲရင့်နီမြဲ ။ ။
ကိုမှူး(ဆေးတက္ကသိုလ်)
၉၅ ပုဒ်မြောက်ကတော့ လင်းထိပ်သျှင် ရဲ့ ကဗျာလေးပါ။ အမေစုကို လူထုရဲ့ ကြယ်ကြီးတပွင့်အဖြစ် တင်းစား ဖွဲ့ဆိုထားတာပါ။
လူထုကြယ်... (လင်းထိပ်သျှင်)
ခေတ်သမိုင်းက ချန်ထားရစ်ခဲ့မယ့်လူမဟုတ်ဘဲ
သူက ခေတ်သမိုင်းချန်ထားရစ်ခဲ့မယ့်လူရယ်ပါ။
မုန်းတဲ့သူတွေများသလို
ချစ်တဲ့သူတွေလည်းများတဲ့ လူ...
ဧရာဝတီမြစ်လို စီးဆင်းပုံမျိုး
နိုင်ငံတော်ဆန်တဲ့ လူ..
ပန်းဗေဒါလို သူ့ရုပ်ပုံလွှာ
သပြေညိုလို သူ့ရုပ်ပုံလွှာ
ခွပ်ဒေါင်း လို သူရုပ်ပုံလွှာ
ငါတို့တစ်ခေတ်
လူထုရင်ထဲရောက်ခဲ့တဲ့ သူ...
အမြင်မတူလို့ ရန်သူတော်လို့ အထင်ခံရလည်း
လမ်းချင်းမတူလို့
နိုင်ငံရေးသစ္စာဖောက်အဖြစ်တံဆိပ်ကပ်ခံရလည်း
ကိုယ်ယုံကြည်ရာ
ကိုယ့်လမ်းကိုယ်ဖောက်
မကြောက်တရားဖွဲ့ပြကာ
ထွက်ပေါက်မှ ဖောက်ထွက်ဖို့
စိတ်အလင်းဆင်လမ်းပြပေးခဲ့တဲ့ သူ...
အဲဒီလို...
လူနဲ့သူ
သူနဲ့လူ
မူနဲ့ စနစ်
ခေတ်နဲ့ နိုင်ငံတော်သစ်
မျိုးဆက်သစ်နဲ့ အနာဂတ်
ပုံရိပ်နှစ်ထပ်အလှဆင်စေမယ့်
ငါတို့စိတ်မိုးကောင်းကင်ထက်မှ
တောက်ပဆုံး လူထုကြယ်
ဇွန်၁၉၊ နှစ်၈၀
ကမ္ဘာ့အလယ် လူလိုသူလို
ဂုဏ်နာမပီသပြခဲ့လေပြီ။
ငါတို့ခေတ်ဝယ်
သူလိုလူ သမိုင်းတစ်ခေတ်တည်လှစ်ပြခဲ့လေပြီ။ ။
လင်းထိပ်သျှင်
ဇွန်၁၃
၂၀၂၅
၉၆ ပုဒ်မြောက် အမေစု ၈၀ မွေးနေ့ကြို ဂုဏ်ပြုကဗျာကတော့ ကိုစိုင်း ရဲ့ လက်ရာပါ။
ဆန်းသလား ? (ကိုစိုင်း)
မိခင်စိတ်အပြည့်ရှိသူမို့
အမေလို့ခေါ်တာ ဆန်းသလား?
ခေါင်းဆောင်စိတ်အပြည့်ရှိသူမို့
နောက်လိုက်တို့ အစီအရီရှိတာ ဆန်းသလား?
ဂရုဏာစိတ်အပြည့်ရှိသူမို့
မုဒိတာရောင်ပြန်ဟပ်တာ ဆန်းသလား?
နှလုံးရည်ပြည့်ဝသူမို့
လက်ရုံးရည်သမားတွေမယှဉ်နိုင်တာ ဆန်းသလား?
အာဏာမမက်သူမို့
မာယာမဖက်တာ ဆန်းသလား?
ရိက္ခာမမက်သူမို့
သိက္ခာမပျက်တာ ဆန်းသလား?
ကလိမ်ကကျစ်မှ မဟုတ်တာ
ထမိန်(ထမီ)ဝတ်ထားလည်းလေးစားတာ ဆန်းသလား?
ဝံပုလွေတွေ သိုးရေခြုံတဲ့ခေတ်မှာ
စစ်မှန်တဲ့ အမေစုကိုယုံလို့
ငါတို့တွေထမိန်(ထဘီ)ခြုံကြတာ ဆန်းသလား ။ ။
(ကိုစိုင်း)
၉၇ ပုဒ်မြောက် စု ၈၀ ကဗျာကတော့ ပန်ပန်ရဲ့ ကဗျာပါ။ အမေစုကို ခွန်အားဖြည့် မိငယ်နဲ့ တင်းစားကြသလို၊ သံမဏိနှင်းဆီနဲ့ တင်စားကြသလိုပါပဲ။ ပန်ပန် ကတော့ ဗေဒါနဲ့ တင်းစား ဖွဲ့ဆိုထားပါတယ်။
ဗေဒါပျံလေးသို့ ......... နှစ်ရှစ်ဆယ် (ပန်ပန်)
နိုးထရမယ့် မနက်ခင်းတစ်ခုမှာ
မေမေ့ကောင်းသတင်းနဲ့ပဲ နိုးထချင်ပါတယ်။
အားတင်းထားပါ မေမေရေ
မေမေ့ သားသမီးတွေလဲ အားတင်းထားပါတယ်။
ပြည် လည်းပြန်မယ် ၊ ပြန်လည်းဆုံမယ်လို့ပေါ့
မေမေရေ .......... မေမေ့သားသမီးတွေဟာ
ကောင်းမွန်ဆုံးသော လမ်းကို ရွေးချယ်လျှောက်လှမ်းခဲ့ကြတာမို့
အရာရာက ကောင်းဖို့အတွက်ပါပဲ
ပတ္တမြားမှန်ရင် နွံမနစ်ဘူး မဟုတ်လား
အောင်သပြေ ညောင်ရေလောင်းတဲ့အခါ
အညွန့်တလူလူဝေနေတဲ့
သပြေညွန့်လေးကိုတော့ ခေါင်းမှာ ပန်ဖြစ်အောင်ပန်ထားဦးပေါ့။
အာဏာရှင် ငိုချင်းချရတဲ့ ဒီပွဲဟာ အမေ့ရဲ့ လွတ်မြောက်မှု အစစ်အမှန်ပါပဲ
ဟိုးရှေ့ကို မျှော်ကြည့်လိုက်တဲ့ခါ တွေ့ရပါလိမ့်မယ် မေမေရေ
ရောင်နီဆိုတာ အမှောင်ကိုခွင်းပြီးမှ ထွက်လာတတ်တယ်ဆိုတာကိုပေါ့
ဒါ့ကြောင့် အဓမ္မက ဘယ်လောက်ပဲ အားကောင်းနေပါစေ
အချိန်တန်ရင်တော့ ........... အာဏာရှင်က ရှုံးနိမ့်ရစမြဲပဲမို့
ပြည်သူတွေရဲ့ နှလုံးသားမှာ နက်နက်ရှိုင်းရှိုင်း စွဲထင်ကျန်သူ မေမေက
ဗေဒါပျံ အံကိုခဲ ပန်းပန်လျက်ပါပဲ။ ။
ပန်ပန်၊ ၁၃၀၆၂၀၂၅
၉၈ ပုဒ်မြောက်ကိုဖြင့်တော့ ဆရာခေါင်းကြီးရဲ့ ထပ်မံရေးသား ပေးပို့လာတဲ့ ကဗျာလေးကို ထပ်မံ ဖော်ပြပေးလိုက်ပါတယ်။
လျှပ်တစ်ပြက်အမေ (ခေါင်းကြီး)
*(၁၉၈၉)ခုနှစ်...
အေးချမ်းလှတဲ့ ဆောင်းရာသီ...
အဲဒီတုန်းက ကျွန်တော့်အသက်(၂၀) ရှိပြီ...
ကျွန်တော်တို့ရဲ့ မထင်မရှား သေးငယ်တဲ့ တောမြို့ကလေးကို...
အမေလာခဲ့တဲ့ နေ့တစ်နေ့ပေါ့...
မျှော်လင့်ချက်တွေ အပြည့်အဝနဲ့...
အလွန်ရင်ခုန် စိတ်လှုပ်ရှားစွာ အမေ့ကို ကျွန်တော်ရှာခဲ့တယ်...
ခဏနေတော့ တွေ့ပါပြီ အမေ့ကို...
လူတွေအများကြီးရဲ့ကြားထဲမှာ...
ချက်ပလက်ခေါင်းတို ခရီးသည်တင်ကားအိုကြီးရဲ့...
သာမန်နောက်ခန်းထဲမှာ ငုတ်တုတ်ကလေး ထိုင်လို့...
ပင်နီရောင်အင်္ကျီလေးနဲ့...
ပြုံးရွှင်စွာ အမေလက်ပြနှုတ်ဆက်နေတယ်...
မာန်မာနမရှိ ပကာသနမရှိ...
ပကတိ အကြည်ဓာတ်အပြည့်နဲ့ အမေ့ကို တွေ့ခဲ့ရတယ်...
အဲဒီလျှပ်တစ်ပြက် အချိန်ကလေးအတွင်းမှာ...
အမေ့ကို ကျွန်တော် သိပ်ချစ်သွားခဲ့တယ်...
အဲဒီအချိန်တုန်းက အမေ့အသက်က (၄၄)နှစ်ပေါ့...
အဲဒီနေ့ကို ကျွန်တော် ဘယ်တော့မှမမေ့ခဲ့ဘူး...။
*(၂၀၂၅)ခုနှစ်...
ပူပြင်းလှတဲ့ နွေဦးကာလ...
အခုတော့ ကျွန်တော့်အသက် (၅၆)နှစ်...
ကျွန်တော်တို့ရဲ့ ခမ်းနားကြီးကျယ်တဲ့ ကမ္ဘာကြီးထဲကို...
အမေပြန်မလာနိုင်သေးတဲ့ နေ့များစွာပေါ့...
မျှော်လင့်ချက်တွေ အနည်းငယ်မျှလောက်နဲ့...
အလွန်ရင်ပူ စိတ်လှုပ်ရှားစွာ အမေ့ကို ကျွန်တော်ရှာနေတုန်းပါ...
အခုချိန်ထိ မတွေ့ရသေးပါဘူး အမေ့မျက်နှာလေးကို...
လူသူမရှိတဲ့ပတ်ဝန်းကျင်မှာ...
လုံခြုံနွေးထွေးမှုမရှိတဲ့ အုတ်တိုက်အိုလေးတစ်ခုရဲ့...
သံတိုင်တွေနောက်ထဲမှာ မားမားမတ်မတ် ရပ်လို့...
အပြာရောင်အင်္ကျီလေးနဲ့...
ညှိုးငယ်စွာ အမေစိတ်ဓာတ်ကျနေမှာမဟုတ်...
မာန်မာနအပြည့် ယုံကြည်ချက်အပြည့်...
ရဲရဲတောက်အကြည့်နဲ့ အမေ့ကို မြင်ယောင်နေမိတယ်...
အဲဒီလျှပ်တစ်ပြက် အချိန်ကလေးကို တွေးပြီး...
အမေ့ကို သိပ်ချစ်တဲ့ကျွန်တော် ပိုပိုပြီးချစ်သွားခဲ့တယ်...
အခုချိန်မှာတော့ အမေ့အသက်က (၈၀)တိတိ ပြည့်ခဲ့ပြီပေါ့...
ဒီနေ့ကိုလည်း ကျွန်တော့်တစ်သက် ဘယ်တော့မှ မေ့မှာမဟုတ်တော့ပါဘူး...။
*နှစ်ပေါင်း(၃၆)နှစ် ကြာညောင်းလို့ ဇရာထောင်းခဲ့ပေမဲ့...
အမေ့အပြုံးလေးတွေ ချိုမြနွေးထွေးနေဆဲပါ...
အမေ့မျက်လုံးလေးတွေ ကြည်လင်တောက်ပနေဆဲပါ...
အမေ့စိတ်ဓာတ်တွေ ခိုင်မာအားကောင်းနေဆဲပါ...
အမေ့လုပ်ရပ်တွေ မှန်ကန်မြင့်မြတ်နေဆဲပါ...
အမေ့အသက်အရွယ်နဲ့မလိုက် ပြင်းထန်လွန်းတဲ့...
လောကဓံလှိုင်းတံပိုးတွေရဲ့ဒဏ်ကို ကြံ့ကြံ့ခံ ရင်ဆိုင်နေဆဲပါ...
မြန်မာပြည်သူတွေရဲ့ ရင်ထဲကလာတဲ့...
ထာဝရ ချစ်ခြင်းမေတ္တာတွေကိုလည်း...
အပြည့်အဝ ရရှိနေဆဲပါ...
အမေ့ရဲ့ အသက်(၈၀)ပြည့် မွေးနေ့အတွက်...
အမေ့ကိုသိပ်ချစ်တဲ့ ထာဝရအမေ့သားတစ်ယောက် အနေနဲ့...
ချစ်ခြင်းများစွာဖြင့် ဆုတောင်းမေတ္တာ ပို့သပေးလိုက်ပါတယ်...
အမေချစ်တဲ့တိုင်းပြည်အတွက်...
အမေချစ်တဲ့ပြည်သူတွေအတွက်...
အမေချစ်တဲ့မိသားစုအတွက်...
အမေ အသက်ရာကျော်ရှည်ပါစေ...
အမေ့အသက်ထက်ဆုံး ကိုယ်ကျန်းမာ စိတ်ချမ်းသာပါစေ...
အမေဖြစ်လိုရာ ဆန္ဒတွေအားလုံး ပြည့်စုံပါစေ...။
(ဇွန်လ (၁၉) ရက်နေ့ အမှတ်တရအနေနဲ့ စာကြောင်းရေ (၁၉)ကြောင်းစီပါတဲ့ စာပိုဒ် (၃)ပိုဒ်နဲ့ ခံစားရေးဖွဲ့ထားပါသည်)
၁၀၀ ပြည်တော့မယ်။ အခုတော့ ၉၉ ပုဒ်မြောက်ပါ။ ၉၉ ပုဒ်မြောက်ကို ဆရာလွှမ်းရုံရဲ့ လက်ရာ ကဗျာလေးကို ဖော်ပြပေးလိုက်ပါတယ်ဗျာ။
ပွင့်ခက်၈၀ (လွှမ်းရုံ)
ကျမတို့ပြည်သူတွေလို့ တဖွဖွရေရွတ်ခဲ့ဖူးတယ်
ကျမတို့ပြည်သူတွေအပေါ် မြူမှုန်တစ်စက် စိတ်ကွက်တယ်မရှိ
ကျမတို့ပြည်သူတွေကို ဟက်ဟက်ပက်ပက်
စိတ်ကျေနပ်မိတယ်ဆိုတာချည်း
ကျမတို့ပြည်သူတွေဟာ ရေအရောများထားတဲ့
ဒီမိုကရေစီကို
ဖုတ်ပူမီးတိုက် မြည်းစမ်းခွင့်ရခဲ့တာတောင်
အသက်နဲ့ဘဝတွေထပ်ကာ အပြင်းအထန် ခုခံခဲ့တယ်လို့
မှောင်နဲ့မည်းမည်း အစွယ်တွေ ပတ်လည်ဝိုင်းထားတဲ့ ကမ္ဘာကနေ
လှမ်း ဂုဏ်ယူခဲ့သေးတယ်
၈၀ဟာ ၈၀လို မနေနိုင်တော့လည်း
ကိုယ့်ဘဝ ကိုယ့်ပြဿနာ ကိုယ့်နောင်ရေး
ကိုယ့်ဘာသာ ကျော်တွေးထားပုံပဲ
ဖမ်းထားပြီးတာတောင် စစ်အာဏာရှင်တွေ ကြောက်နေရတဲ့
ဒေါက်ဖိနပ် ၈၀ ဒေါင်ဒေါင်မြည် ဆက်ရပ်ခံတယ်
၈၀မှာ ၈၀လို သက်သောင့်သက်သာမရှိ
၈၀မှာ ၈၀လို ကယောက်ကယက်မရှိ
၈၀မှာ ၈၀ဟာ လောကဓံတွေ အထွေးလိုက် ပွင့်နေတဲ့ လမ်းကိုပဲ
ဖြောင့်ဖြောင့်တန်းတန်း
ပြည်သူတွေကိုသာ ကြားလေမသွေး ကျစ်ကျစ်ပါဆုပ်ထားတယ်
ဒီဘဝ ဒီကမ္ဘာမှာ ဒီပြည်သူတွေကိုပဲ ရိုးရိုးလေး ရွေးချယ်ခဲ့တယ်
ခေတ်ကြီးက ပဒိုင်းပန်းတွေချည်းတော့ ဘယ်ပွင့်လိမ့်မလဲ
နှင်းဆီနီနီ ပွင့်ခက်တွေဝေလို့
မကြာမီ ပြန်လာပါလိမ့်မယ်။ ။
လွှမ်းရုံ
၁၀၀ ပြည့်ပြီ။ အပုဒ် ၁၀၀ မြောက်နဲ့ အပိုင်း ၁၂ ကို အဆုံးသတ်ပါတော့မယ်။ ထူးခြားစွ။ ၁၀၀ ကတော့ ဒေါ်အေးအေးမာ ထံကတဆင့် SAW ကျောင်းက ပို့လာတာပါ။
မေတ္တာလိပ်ပြာ (အကွေး)
မိသားစုနဲ့ယှဉ်ကာ
ရွေးချယ်ပြီး လာရောက်ပေးဆပ်ခဲ့တယ် ။
ပုလ္လင်ပေါ်ဇွတ်တက်နေတဲ့
အာဏာရူးတစ်သိုက်က ကြောက်တဲ့
အိမ်မက်ဆိုးအမျိုးသမီး ။
ဆူးတော နိုင်ငံရေးဇာတ်ခုံပေါ်က
အောင်ဆန်းသွေး သံမဏိနှင်းဆီ ။
မြန်မာမှာ နောက်ထပ်မရှိနိုင်တော့တဲ့
ခြံ ၅၄ စည်းရိုးထဲက နိုဘယ်ပန်း။
၈၀ ပြည့်နှစ်တိုင်အောင် နိုင်ငံပေါ်က
အိပ်မက်တွေပြည့်ဖို့ ကြိုးစားရှင်သန်ဆဲ ။
စု ကျန်းမာဖို့
ဘုရားအားလုံးကိုဆုတောင်းပါတယ်
စု ကိုစောင့်ရှောက်ဖို့
နတ်ဒေဝါတွေအားလုံးကို ပန်ကြားပါတယ်။
အမေတခုသားတခုသီချင်းကို ကြားတိုင်းလည်း
ဒီအမေအိုနဲ့သားကို ပြန်ဆုံစည်းစေချင်ပါတယ် ။
စုဟာ ငါတို့ကို မေတ္တာတွေပေးပြီး
နိုင်ငံကို သူ့အနာဂတ်ပေးလှူခဲ့ ။ ။
-အကွေး
9 June 2025
ဆရာမောင်လွမ်းဏီ ရဲ့ ကဗျာ အပါအဝင် နောက်ထပ် စု ကဗျာတွေကို အပိုင်း ၁၃ မှာ ဖော်ပြပါဦးမယ်။ နောက်ထပ်လည်း ပို့လာကြပါဦး။ ၁၉ မတိုင်မီဆို မွေးနေ့ကြို ကဗျာများ။ ၁၉ နောက်ပိုင်းမှာပို့လာပါက ကြို ပြုတ်သွားပြီး မွေးနေ့ ကဗျာများအဖြစ် ဆက်လက် ဖော်ပြပေးပါမယ်။
၈၀ ပြည့်မှာ၊ ကဗျာ ၈၀
ဖြစ်ရုံမက၊ ၁၀၀ ရပြီ
တရာ ဘယ်လောက်ကျော်မည်နည်း။ ။
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar