ကမ္ဘာ့အလုပ်သမားအဖွဲ့ ချုပ် ILO က ပုဒ်မ ၃၃ အရ အရေးယူဖို့ ဆုံးဖြတ်ချက်က ဘယ်သူတွေ ထိခိုက်စေမလဲ၊ TNLA ရဲ့ ထိန်းချုပ်နယ်မြေ နောင်ချိုမြို့ တိုက်ပွဲဖြစ်လာနိုင်ခြေရှိ
မြန်မာနွေဦးခရိုနီကယ် - ဇွန် ၅ မြင်ကွင်း
(မိုးမခ) ဇွန် ၆၊ ၂၀၂၅
ကမ္ဘာ့အလုပ်သမားအဖွဲ့ ချုပ် ILO က ပုဒ်မ ၃၃ အရ အရေးယူဖို့ ဆုံးဖြတ်ချက်က ဘယ်သူတွေ ထိခိုက်စေမလဲ၊ TNLA ရဲ့ ထိန်းချုပ်နယ်မြေ နောင်ချိုမြို့ တိုက်ပွဲဖြစ်လာနိုင်ခြေရှိ
တရက်လုပ်ခနှုန်းထားတွေ နိမ့်လွန်းနေတဲ့ မြန်မာနိုင်ငံက စက်ရုံ အလုပ်သမားတွေက လုပ်ခလစာ တိုးမြှင့်ပေးဖို့ ဆန္ဒထုတ်ဖေါ်တာ၊ သပိတ်မှောက်တောင်းဆိုတာတွေ ဖြစ်ပွားနေစဥ်မှာပဲ ကမ္ဘာ့အလုပ်သမားအဖွဲ့ချုပ် ILO က မြန်မာနိုင်ငံကို ၄င်းအဖွဲ့ချုပ်ရဲ့ ဥပဒေ ပြဌာန်းချက်တွေထဲက ပုဒ်မ ၃၃ အရ အရေးယူပိတ်ဆို့မှုတွေ လုပ်ဖို့ ဆုံးဖြတ်လိုက်တယ်လို့ဆိုပါတယ်။
ဒီအခင်းအကျင်းဟာ ၁၉၈၉ ခုနှစ်နောက်ပိုင်း ၂၀၁၀ ခုနှစ်မတိုင်ခင် ကာလတွေတုန်းက စစ်အစိုးရကို နိုင်ငံတကာ အစိုးရတွေရဲ့ ပိတ်ဆို့မှုတွေနဲ့ အတူ ILO ကလည်း အဓမ္မ လုပ်အားပေးစေခိုင်းမှုကို အကြောင်းခံပြီး ကန့်သတ်ပိတ်ဆို့မှုတွေ လုပ်ခဲ့တဲ့ အခင်းအကျင်းနဲ့ အလားသဏ္ဍာန်တူတဲ့ အခြေအနေလို့ ဆိုရမှာ ဖြစ်ပါတယ်။
ILO ရဲ့ ၁၁၃ ကြိမ်မြောက် ကမ္ဘာ့အလုပ်သမားညီလာခံကနေ ဆုံးဖြတ်လိုက်တဲ့ ဆုံးဖြတ်ချက်ဖြစ်ပြီး ဒီညီလာခံကို မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမား သမဂ္ဂများအဖွဲ့ချုပ် CTUM အဖွဲ့က မြန်မာနိုင်ငံကို ကိုယ်စားပြု တက်ရောက်နေတာဖြစ်ပါတယ်။ CTUM က ILO ရဲ့ အခုဆုံးဖြတ်ချက်ကို ကြိုဆိုလိုက်ပြီး စစ်ကောင်စီကို ပစ်မှတ်ထားတယ်လို့ သတင်းဌာနအချို့က ဖေါ်ပြကြပါတယ်။ ILO ရဲ့ သက်တမ်းမှာ အခုလို ပုဒ်မ ၃၃ ကို အသုံးပြုတာ ၃ ကြိမ်သာရှိပြီး အဆိုပါ ၃ ကြိမ်အနက် ၂ ကြိမ်က မြန်မာနိုင်ငံကို အရေးယူတာ ဖြစ်တယ်လို့ဆိုပါတယ်။
အရေးယူရတဲ့ အကြောင်းရင်းခံနဲ့ ပတ်သက်လို့ ဖေါ်ပြထားရာမှာ အလုပ်သမား သမဂ္ဂအဖွဲ့ဝင် ၆၉ ဦးကို ဖမ်းဆီးအကျဥ်းချထားတဲ့အချက်၊ အလုပ်သမားတွေ အပါအဝင် အရပ်သားတွေကို လေကြောင်း တိုက်ခိုက်မှု အပါအဝင် အကြမ်းဖက်တိုက်ခိုက်နေတဲ့အချက်၊ လူငယ်တွေကို အဓမ္မ စစ်မှုထမ်းသွတ်သွင်းနေတဲ့ အချက်၊ လူပေါင်း ၂ သန်းကျော် မိမိတို့နေအိမ်မှ တိမ်းရှောင်နေကြရပြီး ၃၇၀၀ ကျော် သေဆုံးခဲ့ရတဲ့ မတ်လ ၂၈ ရက်နေ့ ငလျင်ဘေးကျရောက်ပြီး လူသားချင်းစာနာမှု အကူအညီတွေကို တားဆီးနေတဲ့ အချက်တွေကြောင့်လို့ ဖေါ်ပြထားပါတယ်။
CTUM လို မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ်က ဆုံးဖြတ်ချက်ကို ကြိုဆိုခဲ့ပြီး အချို့သော နိုင်ငံရေး အကဲခတ်တွေကတော့ စစ်တပ်တခုထည်း ထိခိုက်စေတာထက် အကျိုးသက်ရောက်မှုက အလုပ်သမားတွေအဖို့ အလုပ်အကိုင် အခွင့်အလမ်း ဆုံးရှုံးစေနိုင်တဲ့ သက်ရောက်မှုတွေလည်း ရှိနိုင်တယ်လို့ ယူဆနေကြပါတယ်။
စစ်ကောင်စီရဲ့ စီမံခန့်ခွဲမှုအောက်မှာ အလုပ်သမားအခွင့်အရေး ချိုးဖောက်မှု ဆိုးရွားလာတာ၊ လူ့အခွင့်အရေး ချိုးဖောက်မှု အခြေအနေဆိုးရွားလာတာတွေက အငြင်းပွားစရာ မရှိတဲ့ အနေအထားဖြစ်ပေမယ့်လည်း ဒီအခြေအနေမျိုးမှာ ဒဏ်ခတ်မှုတွေ ပိတ်ဆို့မှုတွေက မြန်မာနိုင်ငံတွင်းမှာ နေထိုင် လုပ်ကိုင်နေကြတဲ့ အလုပ်သမားတွေကိုလည်း အနည်းနဲ့အများ အလုပ်အကိုင်အခွင့်အလမ်း ထိခိုက်စေလိမ့်မယ်လို့ ယူဆကြတဲ့ သဘောဖြစ်ပါတယ်။
ဒီလို အမြင်၊ ငြင်းခုံမှုတွေက ၂၀၁၀ ခုနှစ် မတိုင်ခင် နဝတ/နအဖ စစ်အစိုးရလက်ထက်တွေတုန်းကလည်း ဖြစ်ပွားခဲ့ဖူးပြီး စီးပွားရေး ပိတ်ဆို့မှုတွေက ခက်ခဲကြပ်တည်းပြီး ဖြစ်တဲ့ မြန်မာနိုင်ငံက လူထုကို ပိုမိုခက်ခဲအောင် အခွင့်အလမ်းတချို့ ထပ်ပြီးလျော့ကျသွားအောင် လုပ်ဆောင်သလို ဖြစ်စေလိမ့်မယ် ဆိုတဲ့ အမြင်ရှိသူတွေက စီးပွားရေးပိတ်ဆို့မှုတွေကို ဝေဖန်ခဲ့ကြတာ ဖြစ်ပါတယ်။
စက်ရုံ အလုပ်ရုံတွေမှာ အလုပ်လုပ်နေကြရတဲ့ လုပ်သားအရေအတွက်က ၂ သန်းလောက်ရှိတယ်လို့ ကမ္ဘာ့ဘဏ် ခန့်မှန်းတွက်ချက်မှုတွေအရ သိရပြီး အထည်ချုပ်စက်ရုံလိုမျိုးမှာတင် ၅ သိန်းလောက် လုပ်ကိုင်နေကြတယ်လို့ ဆိုပါတယ်။ လက်ရှိ ပြည်တွင်းစစ် ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားနေတဲ့ အချိန်အခါလိုမျိုးမှာ စက်ရုံအလုပ်ရုံတွေ ကနေ အလုပ်နားခံခဲ့ရတဲ့ အခြေအနေမှာ ဇာတိ ဒေသတွေကိုပြန်ဖို့ မိသားစုရဲ့ စိုက်ပျိုးရေး လုပ်ငန်းလိုမျိုး ပြန်လည်လုပ်ကိုင်ဖို့ခက်ခဲတဲ့ အနေအထားဖြစ်ပါတယ်။ ဒီလိုအခြေအနေတွေအောက်မှာ အလုပ်လက်မဲ့ ထပ်မံတိုးပွားလာခဲ့ရင် အိမ်နီးချင်းနိုင်ငံတွေကို တရားမဝင်တဲ့နည်းနဲ့ သွားရောက် အလုပ်လုပ်ကိုင်တဲ့ လမ်းကို ရွေးကြရမယ့် အနေအထားလည်း ဖြစ်ပါတော့တယ်။
TNLA အနေနဲ့ ယမန်နှစ်ကတည်းက တိုက်ခိုက်သိမ်းယူထားတဲ့ နောင်ချိုမြို့အနီးကို စစ်ကောင်စီတပ်တွေ တိုး၍ ရောက်လာနေချိန် ဇွန်လ ၅ ရက်နေ့မှာ TNLA တဖွဲ့ထည်း သတင်းစာရှင်းလင်းပွဲ တခု လုပ်ဆောင်ခဲ့ပါတယ်။ ၁၀၂၇ စစ်ဆင်ရေးအစောပိုင်းက သိမ်းယူခဲ့တဲ့ နောင်ချို၊ အဲဒီကမှ တဆင့် ကျောက်ဆည် ဘက်နဲ့ ရွာငံတို့လို ရှမ်းတောင်နဲ့ ဆက်စပ်နေတဲ့ ဒေသကို ရှေ့ဆက်တိုးနိုင်တဲ့ လမ်းကြောင်းပေါ်က တောင်းခမ်း ကို သိမ်းယူဖို့ နှစ်ပေါက်တဲ့အထိ နှစ်ဖက် အပြန်အလှန် တိုက်ခိုက်မှုတွေ ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က အခုအခါမှာ TNLA ဘက်ကို ပြန်ဖိလာနိုင်တဲ့ အနေအထားဖြစ်ပါတယ်။
၁၀၂၇ အစပိုင်းမှာ စစ်ကောင်စီ အနေနဲ့ မြောက်ပိုင်းညီနောင် မဟာမိတ် ၃ ဖွဲ့လုံးကို ရင်ဆိုင်တိုက်ခိုက်ခဲ့ရပြီး အဆိုပါ မဟာမိတ် ၃ ဖွဲ့ဘက်မှာ အညာက တပ်တွေ၊ ရှမ်းတောင်နဲ့ ကရင်နီက တပ်တွေ ပူးပေါင်းပါဝင်ခဲ့ကြတဲ့အချက်ကြောင့် စစ်ကောင်စီ ရဲ့ စခန်းတွေ တခုပြီးတခုကျခဲ့တာပါ။ ယမန်နှစ်နှစ်လယ် ပိုင်းအလွန်မှာတော့ တရုတ်နိုင်ငံရဲ့ ကြားဝင်မှုက ၁၀၂၇ အစပိုင်း အရှိန်ကို တန့်စေခဲ့သလို နောက်ပိုင်းမှာ ရေချိန်ပြောင်းလဲလာခဲ့ပြီး အခုနေအခါမှာတော့ TNLA အဖို့ နောင်ချိုမှာ ခံစစ် အနေအထားနဲ့ ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။
TNLA အနေနဲ့ ၁၀၂၇ စစ်ဆင်ရေး အစပိုင်းအနေအထားနဲ့ မတူတော့တာက မဟာမိတ်တွေ အကြားအေးစက်တဲ့ ဆက်ဆံရေး ဖြစ်ပါတယ်။ ရှမ်းပြည်မြောက်ပိုင်းက နမ့်ခမ်း၊ ကွတ်ခိုင်၊ နမ့်ဖတ်ကာ စတဲ့ ဒေသတွေမှာ KIA နဲ့ နယ်မြေဖြတ်သန်းခွင့် ဂိတ်ဖွင့်ခွင့် စတာတွေကို အကြောင်းပြုပြီး အောက်ခြေမှာ အငြင်းပွားမှု၊ ရုန်းရင်းဆန်ခတ်ဖြစ်တာတွေ မကြာခဏ ဖြစ်ပွားခဲ့ပြီး နယ်မြေစိုးမိုးမှုနဲ့ ပတ်သက်တဲ့ အငြင်းအခုံဖြစ်မှုတွေ နဲ့ပတ်သက်ပြီး ခေါင်းဆောင်ပိုင်း အဆင့်ဆွေးနွေးဖို့ လိုအပ်တဲ့အနေအထားလည်း ဖြစ်ပါတယ်။
တရုတ်နိုင်ငံရဲ့ ဖိအားနဲ့ MNDAA က အပစ်ရပ် သဘောတူခဲ့ခြင်းက ၁၀၂၇ စစ်ဆင်ရေးကို အရှိန်ရပ်ဆိုင်းသွားစေပြီး စစ်ရေးအရ နောက်ပြန်မလန်အောင် ကြိုးစားထိန်းနေရတဲ့ အခြေအနေဖြစ်ပါတယ်။ နယ်မြေစိုးမိုးမှုတွေနဲ့ ပတ်သက်လို့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေအကြား မူတရပ် ရှိဖို့လိုအပ်နေတဲ့ အနေအထားဖြစ်ပါတယ်။ ရှမ်းလက်နက်ကိုင် အဖွဲ့တဖွဲ့ဖြစ်တဲ့ SSPP/SSA နဲ့ MNDAA အကြား ထိတွေ့တိုက်ခိုက်မှုမကြာသေးခင်က ဖြစ်ပွားပြီး သေဆုံးမှုတွေရှိခဲ့တာလည်း ဖြစ်ပါတယ်။ ရှမ်းမြောရဲ့ သမိုင်းကြောင်း တိုင်းရင်းသား လူမျိုးစုနေထိုင်မှုတွေ အပေါ်မူတည်ပြီး နယ်မြေ အုပ်စိုးမှု ထိန်းချုပ်မှု ဆိုင်ရာပြဿနာတွေကို ဖြေရှင်းကြရဖို့ အရေးကြီးပါတယ်။ အဲလိုမဟုတ်ခဲ့ရင်တော့ စစ်အာဏာရှင်ကို တိုက်ခိုက်ပြီး လူမျိုးစုအလိုက် စစ်အင်အား ဗဟိုပြုတဲ့ အာဏာရှင်စနစ်ကို အစပျိုးမိလျှက်သားဖြစ်မယ့် အရေး ကို သတိပြု ရှောင်ရှားကြရမှာ ဖြစ်ပါတယ်။
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar