မောင်တူး - စုမွေးနေ့ ၈၀ ကြို ကဗျာများ (၁၀)
၈၀ ပြည့်လာ၊ စုကဗျာများ
၁၀၀ ကျော်မှာ ၊ သေခြာပါပြီ
မာတာ ၈၀ ပြည့်၏ ဂုဏ်ပုဒ်များ။ ။
အပိုင်း ၉ မှာ ၇၁ ပုဒ် ဖော်ပြပြီးပြီ။ အခု အပိုင်း ၁၀ မှာ အပုဒ် ၈၀ ပြည့်ပါပြီ။ ၈၀ တောင် ကျော်နိုင်တယ်။ ပထမဆုံး အရမ်းကြိုက်တဲ့ ကဗျာလေး ဖော်ပြလိုက်တယ်။ ၇၂ ပုဒ်မြောက်ကဗျာ။
မဖျားနဲ့ တရားတဲ့နှင်းဆီရေ
ဂျွန်ရေ စွန်လွှတ်ကြမယ်။
မွေးနေ့မရောက်ခင်ကတည်းက
မွေးနေ့ကိုသတိရနေမိတယ်
ဂျွန်ရေ ခင်ဗျားကို သူမပိုင်တယ်။
ဘုရားသခင်ဟာ လေချွန်လို့
ဇွန် ၁၉ ကို စိုက်ပျိုးခဲ့တယ်
နတ်ဒေဝတာတွေက
ရေလောင်းပေါင်းသင် တေးဆိုတယ်
တောတွေ တောင်တွေ လွင်ပြင်တွေ
သီးဟယ် ပွင့်ဟယ် စိမ်းလမ်းရယ်လို့ ကကြတယ်။
၁၀၀ ပြည့်အောင် ကိုယ့်ထဲက
၂၀ နှုတ်ပြီးပေါင်းပေးလိုက်ချင်ပါတယ်။
ဂျွန်ရေ မိုးပျံပူဖောင်းတွေလွှတ်ကြမယ်။
ခရမ်းပြာထက်လူ
၇၃ ပုဒ်ကတော့ CDM ရဲဘော် တဦးရဲ့ ကဗျာပါ။ မပို့ဝံ့ဝံ့ ပို့လာတာလေး စု ၈၀ ထဲ ပါဝင်ချင်လို့တဲ့-
မြန်မာ့လပြည့်ဝန်းသို့... ( ခေါင်းကြီး )
စာရေးဆရာတွေ...
အမေ့အကြောင်းကို စာတစ်စောင်ပေတစ်ဖွဲ့
ခမ်းခမ်းနားနား ရေးသားနေကြတာ ဖတ်ရတယ်...
ကျွန်တော်လည်း ရေးချင်လိုက်တာ...။
ဒါပေမဲ့ အမေရယ်...
ကျွန်တော် လက်တွန့်နေမိတယ်...
ကျွန်တော့်ရဲ့ မတောက်တခေါက်
သေးနုပ်တဲ့စာတွေက
အမေ့ရဲ့ အလွန်တရာကြီးမားတဲ့
ဂုဏ်ဒြပ်တွေကို သေးသိမ်အောင်
လုပ်မိသလို ဖြစ်သွားမှာစိုးတယ်။
ပန်းချီဆရာတွေ...
အမေ့ပုံရိပ်တွေကို လှလှပပ
ရေးဆွဲခြယ်သနေကြတာ မြင်ရတယ်...
ကျွန်တော်လည်း ဆွဲချင်လိုက်တာ...
ဒါပေမဲ့ အမေရယ်...
ကျွန်တော် စိုးရွံ့နေမိတယ်...
ကျွန်တော့်ရဲ့ ခပ်ကြမ်းကြမ်း စုတ်ချက်တွေက
အမေ့ရဲ့ တန်ဖိုးမဖြတ်နိုင်တဲ့ ဣန္ဒြေသိက္ခာကို
ညှိုးနွမ်းအောင် လုပ်မိသလို ဖြစ်သွားမှာစိုးတယ်။
တေးရေးဆရာတွေ...
အမေ့အတွက် လှပညက်ညောတဲ့သံစဉ်တွေနဲ့
သီချင်းတွေ ရေးစပ်သီကုံးနေကြတာ နားထောင်ရတယ်...
ကျွန်တော်လည်း ရေးစပ်ချင်လိုက်တာ...
ဒါပေမဲ့အမေရယ်...
ကျွန်တော် မဝံ့မရဲ ဖြစ်နေမိတယ်...
ကျွန်တော့်ရဲ့ မညီမညာ သံစဉ်တွေက
အမေ့ရဲ့ ငြိမ့်ညောင်းသာယာတဲ့ ဟန်ပန်အမူအရာတွေကို
မဖွယ်မရာဖြစ်အောင် လုပ်မိသလို
ဖြစ်သွားမှာစိုးတယ်။
ကဗျာဆရာတွေ...
အမေ့အတွက် ဂန္ထဝင်မြောက်တဲ့
ကဗျာလေးတွေ ရေးဖွဲ့စပ်ဆိုနေကြတာ ခံစားရတယ်...
ကျွန်တော်လည်း ရေးဖွဲ့ချင်လိုက်တာ...
ဒါပေမဲ့ အမေရယ်...
ကျွန်တော်စိုးကြောက်နေမိတယ်...
ကျွန်တော့်ရဲ့ မပြောင်မြောက်တဲ့ ကာရန်တွေက
အမေ့ရဲ့ ပြီးပြည့်စုံတဲ့ဂုဏ်ပုဒ်တွေကို
လိုအပ်ချက်တွေဖြစ်အောင်
လုပ်မိသလို ဖြစ်သွားမှာစိုးတယ်။
စာရေးဆရာလည်းမဟုတ်
ပန်းချီဆရာလည်းမဟုတ်
တေးရေးဆရာလည်းမဟုတ်
ကဗျာဆရာလည်းမဟုတ်
သာမန်လူတစ်ယောက်သာဖြစ်တဲ့...
ကျွန်တော့်ကို...
နားလည်ခွင့်လွှတ်ပေးပါအမေ...
ကျွန်တော့်ရဲ့...
မပြည့်စုံတဲ့ ဉာဏ်ပညာနဲ့ ...
ချို့တဲ့နေတဲ့ အနုပညာဝမ်းစာတွေကြောင့်...
အမေ့လို လပြည့်ဝန်းကြီးကို...
ချို့ယွင်းချက်မရှိ...
အတွန့်အခေါက် အဖုအထစ်မရှိ...
ဝိုင်းစက်လှပနေအောင် ပုံဖော်နိုင်စွမ်းမရှိတာမို့ ...
အမေ့ရဲ့ အသက် (၈၀)ပြည့် မွေးနေ့မှာ...
ချစ်ခြင်းမေတ္တာအပြည့်နဲ့...
ရိုးရိုးလေးပဲ ဆုတောင်းပေးပါရစေ...။
အမေ အသက်ရှည်ကျန်းမာပါစေ...
ဘေးအန္တရာယ်အပေါင်းမှ ကင်းဝေးလွတ်မြောက်ပါစေ...
တုနှိုင်းမရတဲ့ အမေ့မေတ္တာအစွမ်း
အေးမြတဲ့လရောင်ဆမ်းလို့...
သာယာအေးချမ်းတဲ့မြန်မာပြည်ကြီး...
အမြန်ဆုံး ဖြစ်လာပါစေ...။
04062025 Wed
၇၄ ပုဒ်မြောက်ကတော့ သော်သော် ရဲ့ ကဗျာပါ။ စု ၈၀ အတွက် ကဗျာရေးဖို့ စိတ်တွေ ဖြစ်လာသူတယောက်ပေါ့။
ပြည့်ဆုတောင်း (သော်သော်)
အပြုံးလည်းချို စေတနာပိုတဲ့.....စု မေမေ
အနစ်နာလည်းခံ အသာမစံတဲ့..... စုမေမေ
ပြည်သူအများ ရင်ဝယ်သားလို့ မှတ်ယူထားတဲ့...... စုမေမေ
ဓမ္မတရားကို လက်ကိုင်ထားလို့ အမြဲကျင့်သုံးတဲ့....... စုမေမေ
အကြောက်တရားကို ဖယ်ရှားပေးလို့ တန်းတူညီမျှမှုတွေပေးတဲ့..... စုမေမေ
ကလေးများကစလို့ အဘိုးအဘွားထိ ယုံကြည်ချစ်ခင်မှုကိုရတဲ့...... စုမေမေ
အသက်ရှည်လို့အနာမဲ့ အေးချမ်းစွာနဲ့ ကျန်ရှိချိန်များ ဖြတ်သန်းနိုင်ပါစေ။ ။
(သော်သော်)
19062025 အမေစု ၈၀ ပြည့်မွေးနေ့သို့ ရိုးရိုးသားသား ဆုတောင်းခြင်း။
၇၅ ပုဒ်မြောက်ကတော့ ဧကရာဇ် ရဲ့ ကဗျာပါ။ သူဟာ PDF ရဲဘော်တဦး ဧရာဝတီတိုင်းသားတဦးပါ။
၈၀ သူ (ဧကရာဇ်)
မအိုသော . . . သူ
မငြူစူသော . . . သူ
မညီးငြူသော . . . သူ
ပေးဆပ်နေပါတယ်လို့ မပြောသော . . . သူ
မြန်ပြည်သူအများရဲ့ဒုတိယအမေဖြစ်သော . . . သူ
တိုင်းပြည်ကို အလုပ်နဲ့ချစ်ပြသော . . . သူ
ပန်းကိုချစ်သော . . . သူ
လူငယ်တွေရဲ့တန်ဖိုးသိသော . . . သူ
သူ . . . သူ . . . သူ . . . သူ . . . သူ . . . သူ . . . သူ
သူ . . . ဆိုတာ ဘယ် . . . သူ လို့ မပြောပဲသိနေတဲ့ . . . သူ
သူ . . . ဆိုတာ ကျွန်တော်တို့ နှလုံးသားရဲ့ တန်ဖိုးထားရသော . . . သူ
သူ . . . ၈၀ ပြည့်မှသည် သက်တော် ရာကျော်ပါစေ။
သူ . . . ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာပါစေ။
သူ . . . လိုအင်ဆန္ဒတွေ တလုံးတဝတည်း ပြည့်ပါစေ။ ။
(ဧကရာဇ်) ၂၀၂၅ ဇွန် တရက် တနင်္ဂနွေ
၇၆ ပုဒ်မြောက်ကတော် ဆရာ မောင်လွင်မွန် (ကသာ) ရဲ့ ကဗျာပါ။
အမေ သို့မဟုတ် အားလုံးရဲ့ ထာဝရလမင်း (မောင်လွင်မွန် (ကသာ)
အမေ ...
တွေဝေခြင်း မောဟအမှောင်
သရဲဘောကြောင်ခြင်း “အမိုက်အမဲ”
မပြောရဲ မဆိုရဲ မငြင်းရဲ
ငုံ့ခံကြရစမြဲ အမိုက်တိုက်
အလိုက်အထိုက် ညနေရီ နဲ့
ပလီစိခြောက်ချက် …
အတ္တဖက် အနှောင်ကျ အမှောင်ညတွေကနေ
သန်းခေါင်ကျတာဟိုဖက်
ညတွေပိုပိုနက်ပြီး
အမှောင်ရက် အမှောင်လ အမှောင်နှစ် …
အမှောင်ခေတ် အဆက်ဆက်ထဲ
ပက်လက်ရော မှောက်ခုံ ပါ
ရေစုံမျောပါ မရုန်းသာသူတွေတွေအတွက်..
ရှင်းမြ.. ဝင်းပ..တဲ့
အလင်းတစ်စ အဖြစ်
အမေ့ဘ၀တစ်ခုလုံး
မီးစာလိုသုံးပြီး
လောကအလုံးကို ဖြန့်ကျက်
အလင်းရက်.. အလင်းလ..
အလင်းနှစ်ကာလတွေ.. သွန်းကြဲ
အလင်းအောင်ပွဲတွေအလီလီ ဆက်ခဲ့ပါပြီ အမေ.. ။
အမှောင်သွန်းကျတဲ့
သန်းခေါင်စွန်းညမှာ
ထွန်းပအလှနဲ့
ရွှန်းမြမြ လမင်းကြီးဟာ
နီးသူအတွက်လည်း
မခွဲမခွာ
အမြဲသာ
ဝေးသူအတွက်လည်း
မလွှဲမကွာ အမြဲသာ တဲ့အခင်းမှာ
‘မျှော်ကာလွမ်းရဲ့’ …
ဆိုချင်တဲ့သူသို့လည်း.. လင်း
‘ပေါ်မလာစမ်းနဲ့’ …
ငြိုငြင်မယ့်သူအဖို့လည်း.. လင်းနဲ့
သြကာလလောကကြီးအတွင်း
ချစ်ခြင်းမုန်းခြင်းနဲ့
အလင်းကို မျက်နှာလိုက် မခွဲခြား
တစ်သားတည်း
တခြားမခွဲ
အညီအမျှ ဝေမျှစမြဲ မဟုတ်လားအမေ ။
ဒါပေမဲ့.. လည်း
မြို့မငြိမ်းရဲ့ သီချင်းတစ်ပိုဒ်..လို
မှောင်မိုက်မိုက်.. ချောင်ကြိုက်ကြသူတွေက
‘ လ’ ရောင်ကိုသိပ်မုန်း တိမ်တွေရယ်ဖုံးပါ.. တဲ့
ပုန်းချင်.. ခိုချင်၊
ဖုံးချင်.. လျှိုချင်.. သူတွေက
လရောင်မြင် ငြိုငြင်ကြမှာ
ဓမ္မတာပေမယ့်
မပုန်းသာ မဖုံးသာတဲ့တစ်နေ့
လရောင်ထဲ အတူတူတွေ့
(အလင်းဘဝမှာ) ပျော်မွေ့ကြရမှာပါ အမေ။
အမေ့လရောင်ဟာ
တောရွာ မြို့အနှံ့
မြေပြန့် တောင်ပေါ်နဲ့
ရွှေနန်းတော်နဲ့ တဲကုတ်ပေါ်က
လူတော် လူညံ့ လူသန့် လူညစ်
လူသစ် လူဟောင်း
လူကောင်း လူဆိုး
လူရိုး လူဆန်း
လူကြမ်းနဲ့ မင်းသား
ဘယ်လို လူစားမဆို
မပိုမလျော့တဲ့ ချစ်ခြင်းနဲ့
အလင်းတွေ ဝေစမြဲ မဟုတ်လား အမေ။
အမေ့လရောင်ဟာ
အနောက်ကမ္ဘာနဲ့ အာရှ အာဖရိက တလွှား
၀င်ရိုးစွန်း မြောက်ဖျားက တောင်ဖျား
လူမည်းလား လူဖြူလား
လူညိုလား လူဝါလား
လူရိုင်းလား လူယဉ်ကျေးလား
ရဲရဲတောက်လူလား.. ပန်းရောင်လူလား..
“နီ” ချင်သူလား.. “စိမ်း”ချင်သူလား..
စားစရာမရှိသူလား
ထားစရာမရှိသူလား
ဆာရီ၀တ်လား ကီမိုနိုဝတ်လား
ဂါဝန်ဝတ်လား ထမီဝတ်လား
ပုဆိုးဝတ်လား ဘောင်းဘီဝတ်လား
ဒါမှမဟုတ် ခေါင်းပေါင်းတိုက်ပုံနဲ့ တောင်ရှည်ဝတ်လား
ခွဲခြားမှုလုံးဝမရှိ
ပကတိစိတ်ရင်းနဲ့
အလင်းဖြန့်ဝေပေးနေစမြဲ မဟုတ်လား အမေ။
အမေ့လရောင်ဟာ
သွန်းကာ ကြဲရာ မြေကမ္ဘာက
မျှော်နေရှာ ‘လူ’ များစုတို့
ယုယ မြတ်နိုး
တန်ဖိုးထားလက်ခံ
ပြန်လှန်ချစ်ခြင်း မေတ္တာတုံ့လှယ်နှင်းတော့
အရောင်ရှိန် နှစ်ဆပြင်း
ပိုလင်းလာပါတယ် အမေ။
အမေ့လရောင်ဟာ
ဖုံးကွယ်အုပ်မိုးထား..
တိမ်ညိုများရဲ့ အနားကွပ်ကိုတောင် ထွန်းပ
ပတ္တမြားဂူကို ပွတ်ချင်ရှာ.. ဝက်သတ္တဝါတွေကြောင့် ပို စူးရှ
အမေ့ကို ဝိုင်းရံထား ကြယ်ကလေးများကြောင့် ပိုတောက်ပပြီး
လောကအနှံ့ဆီ ချင်းနင်း
အမှောင်ထုကိုခွင်း
အရောင်ထုတွေ ပို.. ပို.. လင်းလာပါတယ်အမေ။
အမေ့ရဲ့ ဂုဏ်ရှိန်ပြင်း
ဒီလရောင်အလင်းအောက်
အလင်းနို့သောက် ရေးတဲ့ဒီကဗျာ
အမေ့မေတ္တာအရောင်ဟပ်ပြီး
လရောင်ဓာတ်တို့ နှင်းဆက်..
လင်းလက်လှပနေမယ်ဆိုရင်-
အမေ့နားက ကြယ်လေးတစ်ပွင့်
ဖြစ်ခွင့်ကမကြုံ
ကံမဆုံရတောင်
လရောင်ချစ်သူဘဝနဲ့
မဝေးလှတဲ့ တစ်နေရာကနေ
(လရောင်ထဲက ကဗျာဆရာဘဝနဲ့)
အားရကျေနပ်နေမှာပါ… အမေ။ ။
(အမေ့ရဲ့ ၆၈ နှစ်ပြည့် မွေးနေ့မှာ ရေးခဲ့ပြီး တခါမှ ပုံနှိပ်ဖော်ပြခြင်း မရှိသေးတဲ့ ကဗျာကလေးကို ၈၀ နှစ်ပြည့်မွေးနေ့မှာ အမှတ်တရ ပြန်တင်ပြလိုက်ပါတယ်)
မောင်လွင်မွန် (ကသာ)
၇၇ ပုဒ်ပြည့်ကတော့ ဆရာမ နီခိုင်ရဲ့ ကဗျာပါ။
အမေစုအတွက် ပြည်သူ့မေတ္တာပို့ (နီခိုင်)
မထောက်မညှာ၊ သဘောက်ရွာက
ပညာမရှိ၊ ဝန်တိုဘိနှင့်
မုန်းသည့်ရန်ညှိုး၊ အာဏာစိုးက
မျိုးမျိုးထွေထွေ၊ ပြစ်ဖွဲ့ပေလည်း
အမေသီးခံ၊ မတုန့်ပြန်ခဲ့ပါ။
ရန်သူဖြစ်နေ၊ ဆိုပါစေလည်း
သူလေလူသား၊ ငါ့ပြည်သားမို့
တရားသမှု၊ မေတ္တာထုဖြင့်
ကောင်းမှုကိုသာ၊ ဦးတည်ပါ၍
စစ်ပြေငြိမ်းရေး လုပ်ခဲ့သည်။
ရန်သူ မိတ်ဟူ၊ မခွဲမူ၍
ညီတူမေတ္တာ၊ စေတနာဖြင့်
နောင်လာနောင်သား၊ ကောင်းစားဖို့ရာ
လုပ်နေပါလည်း၊ မကောင်းစိတ်ထား
အာဏာသားကြောင့် စစ်များမီးတောက်နေလေပြီ။
ပြည်သူ့အားကိုး၊ ပြည့်အကျိုးလို
တန်ဖိုးကြီးပေ၊ တို့အမေသည်
မြန်ပြည် သူ သား၊ မေတ္တာအားကြောင့်
ကိုယ်ကားကျန်းမာ၊ စိတ်ချမ်းသာ၍
မကြာချက်ခြင်း လွတ်မြောက်ပါစေသတည်း။ ။
၇၈ ကတော့ ဆရာ မောင်သုခင် (တမာမြေ) ရဲ့ ကဗျာပါ။
#ဒေါက်ဖိနပ်လျှောက်သံ (မောင်သုခင်(တမာမြေ))
ဒေါက် ဒေါက် ဒေါက်
မတရားသူတွေ ကြောက်။
ဒေါက် ဒေါက် ဒေါက်
ခိုးသားငါးရာ ကြောက်။
ဒေါက် ဒေါက် ဒေါက်
ကျွန်ပါတီတွေ ကြောက်။
ဒေါက် ဒေါက် ဒေါက်
ရွေးကော်တုတို့ ငိုက်။
ဒေါက် ဒေါက် ဒေါက်
အာဏာရူးတို့ ရှိုက်။
ဒေါက် ဒေါက် ဒေါက်
တို့ပြည်သူတွေ ကြိုက်။
ဒေါက် ဒေါက် ဒေါက်
ခွပ်ဒေါင်းခေတ်ကို ရောက်။
ဒေါက် ဒေါက် ဒေါက်
စစ်အာဏာရှင် ပျောက်။
ဒေါက် ဒေါက် ဒေါက်
အမှောင်ခွင်းလို့ ရောင်နီရောက်။
ရွှေပြည်သစ်ကို ဆောက် . . . ။ ။
မောင်သုခင်(တမာမြေ)
၇၉ ပုဒ်မြောက်ကတော့ ဆရာမ ခင်မို့မို့နီရဲ့ ကဗျာပါ။
စိန်ရတုမွေးနေ့မင်္ဂလာ (ခင်မို့မို့နီ)
ညွံတို့၏ အလယ်တွင်
ကြာပွင့်သည် တင့်တယ်သောအသွင်ကို
ဆောင်လျက် ရှိချေ၏။
ကြာပွင့်၏ ကြည်လင်သောအဆင်းသည်
ညွံ၏အညစ်ကို ဖယ်ရှားလေ၏။
ထို့အတူ ကြာပွင့်နှင့်တူသော သင်၏စွမ်းပကားသည်
လူ့အညစ်အထေး စိတ်အမှိုက်အဆွေးတို့အား
ဖယ်ရှားလေ၏။
ပြည်သူသည် ရေကြည်အလျဉ်ကဲ့သို့ အသင့်ထံ
စီးဆင်းလာလေ၏။
အသင်၏နှလုံးသည် ပြည်သူ၏နှလုံး ...
အသင်၏ ချင်ခြင်းသည် ပြည်သူ၏ ချင်ခြင်း ...
အသင်၏စွမ်းပကားသည် ပြည်သူ၏ စွမ်းပကား ...
အသင်၏လက်ခြေတို့သည် ပြည်သူ၏ လက်ခြေ ...
အသင်၏စိတ်ဝမ်းသည် ပြည်သူ၏ စိတ်ဝမ်း ...
တစိတ် တစ်ဝမ်းတည်း သွေးမကွဲဘဲ အမြဲ တည်ပါပေအံ့။
အို , မိခင်......
မိခင်မြတ်တို့၏ဂုဏ် ကျက်သရေကို ဆောင်လျက်
ပြည်သူကိုချီးမြှောက်ပါပေ၏။
ထို့အတွက်ပင်
လေးမြတ်စွာ အကျွန် ဂုဏ်ပြုအပ်ပါ၏...
သက်တော် ရာကျော် ရှည်ပါစေ အမိ ... ။
။
ခင်မို့မို့နီ
Post တင်ချိန် ၁၉:၃၆ နာရီ ၉.၆.၂၀၂၀ (အင်္ဂါနေ့)
၁၉.၆.၂၀၂၀ (စိန်ရတုမွေးနေ့မင်္ဂလာ) သို့ ရည်ညွှတ်လျက်ဖြင့်
၇၉ ပုဒ်မြောက်ကတော် ဆရာတော် မင်းသုညရဲ့ ကဗျာပါ။
နေ့ထူးနေ့မြတ် (မင်းသုည ဗုဒ္ဓတက္ကသိုလ်)
လက်ချိုးလို့တွက်ရေစစ်ရင်
ခရစ်နှစ်က ၁၉၄၅ ခုနှစ်
မွေးတဲ့လက ဂျွန် တစ်ဆယ့်ကိုး
တကမ္ဘာလုံးက ကဗျည်းထိုးလို့ မှတ်တမ်းတင်
ငြိမ်းချမ်းရေး နိုဘယ်ဆုရှင်
အောင်ဆန်းစုကြည် သခင်ရဲ့
အသက် ခြောက်ဆယ်ပြည့်
တို့ပြည်သူအားလုံး မမေ့နိုင်တဲ့
မွေးနေ့မြတ်ပေါ့ သူငယ်ချင်း။
အမေစု လမ်းဖွင့်ပေးခဲ့တဲ့
ဒီမိုကရေစီ ငြိမ်းချမ်းရေးအလင်းတန်း
တို့ပြည်မှာ လင်းခဲ့လို့
အားလုံးလည်း အသိဉာဏ်အလင်းရ
အားလုံးက
အသိအမှတ် ပြုကုန်ကြရပြီ သူငယ်ချင်း။
တို့ရဲ့မြန်မာပြည်မှာ
လေးဆယ့်သုံးနှစ်ကြာ
စစ်အာဏာအမှောင်ကျ
အားလုံးကန်းကုန်ကြလို့
လမ်းကြောင်းတွေပျောက်
ဘယ်ကိုလျှောက်ရမှန်းမသိ
ထွက်ရာလမ်းမသိ ဖြေမရှိချိန်
အမေစုက ဦးဆောင်လို့အလင်းပြ
ဇွဲသတ္တိ အားမာန်နဲ့ အသိဉာဏ် အလင်းတွေ ရကြလို့
တို့ပြည်သူတွေ
ညီညွတ်စွာ လက်တွဲလျှောက်ကြတော့
အာဏာရှင်တွေလည်း
ဟောတယောက် ဟောတယောက်နဲ့
တဖြည်းဖြည်းပျောက်သွား
ဒီလိုသာ
တို့ပြည်သူတွေ
ရှေ့ဆက်သွားကြရင်
တို့ရဲ့မြန်မာပြည်မှာ
အာဏာရှင် အယုတ်တမာ မှိုင်းတွေကွာကျ
တနေ့ ဒီမိုကရေစီ အမှန်ရမှာမို့
အမေစုရဲ့ အသက် ခြောက်ဆယ်ပြည့်
မွေးနေ့မြတ်မှတည်
အသက်ရာကျော်ရှည်ပါစေကြောင်း
တို့ပြည်သူတွေအားလုံးက
စုပေါင်းလို့လက်အုပ်ချီ
ဘုရား တရား သံဃာတွေနား
ချဉ်းကပ်သွားလို့ ကုသိုလ်ပြု
တို့ပြုသမျှ ကောင်းမှု
မွေးနေ့ရှင် အမေစု
သာဓုခေါ်လို့
အန္တရာယ်တွေရှင်း
ဘေးကင်းလို့ကျန်းမာ
စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာဖြင့်
ငြိမ်းချမ်းရေး အလင်းတန်း
မြန်မာပြည်မက
ကမ္ဘာထိကျအောင်
ထွန်းလင်းပေးနိုင်ပါစေကြောင်း
ပြည်သူအားလုံးက
တောင်းဆုမေတ္တာဝေသည်
ဆုတောင်းတိုင်းသာပြည့်ပါစေ။ ။
မင်းသုည ဗုဒ္ဓတက္ကသိုလ်
၂၀၀၅ ခုနှစ် ဒေါ်အောင်ဆန်းစုကြည် အသက် ၆၀ ပြည့်မွေးနေ့တွင် ရေးသားခဲ့သော ကဗျာ ဖြစ်ပါသည်။
၈၀ စု မွေးနေ့ ကဗျာ ၈၀ မြောက် ကိုအောင်ဝေးရဲ့ ထူးထူးခြားခြား လက်ရာပါ။
ဂါထာရှစ်ဆယ်ပျို့၊ သို့မဟုတ်... (အောင်ဝေး)
တစ်ကြောင်းတစ်ဂါထာ
တစ်ကဗျာတစ်ပုဒ်ဆန်း
မွေးနေ့ကျမ်းစာ။
အောင်ပန်းဆုရည်
လူထုသည်းအုံ
ရင်ခုန်မြင့်မြတ်
လွပ်လပ်နီနီ
ရီရီမှိုင်းမှိုင်း
ညတံတိုင်းမှာ
တောရိုင်းနှင်းဆီဝေတကား။
လူထုသည်းအုံ
ရဲရဲနှင်းဆီ
အို...ပြည်သူ့သွေး
စွေးစွေးထုံထုံ
မာန်ဟုန်ပြင်းပြင်း
မွှေးဘိခြင်းလေ
လင်းယုန်စောင့်ရှောက်စေတကား။
ရဲဲရဲနှင်းဆီ
လင်းယုန်ရွှေရွှေ
စုန်လေတိုက်တိုက်
ပျံလိုက်လေဆန်
တောင်ပံတစ်ခတ်
အနာဂတ်သို့
မြတ်သောမြစ်ဆီနှင်တကား။
လင်းယုန်ရွှေရွှေ
ရေမြစ်စီးသွင်
လွင်ပြင်ဖြတ်သန်း
ကမ်းရိပ်ညိုညို
မိုးခိုခဲ့သေး
ရန်သူ့ဘေးက
လေးမြားညှို့သံညံတကား။
ရေမြစ်စီးသွင်
မြားမြီးတံကျင်
စွဲငင်လေးကိုင်း
သမိုင်းသားကောင်
တောတောင်ချောက်ချား
မုဆိုးအားလျှင်
တရားဓမ်မံမဲ့တကား။
မြားမြီးတံကျင်
ဓမ္မံစည်းပြယ်
ကြယ်ကန္တာရ
သေနာ့*တစ္ဆေ
မိုးရေခါးသော
အာဏာတောမှာ
လောကမီးတောင်ပေါက်တကား။
ဓမ္မံစည်းပြယ်
မီးတောင်ပြာမှုန်
ဂဠုန်မီးရှို့
ပသို့ပင်လယ်
ဘယ်မှာလောင်ကျွမ်း
ဇာတ်သိမ်းခန်းလည်း
ပန်းကြာရေဝေးဘိတကား။
မီးတောင်ပြာမှုန်
ကြာပန်းငိုက်ငုံ
အရုဏ်မသောက်
မနှောက်လေပြည်
မကြည်မည်းအုံ့
ဦးမငုံ့ဘူး
တုန့်ပြန်တိုက်ခိုက်သည်တကား။
ကြာပန်းငိုက်ငုံ
တိုက်ခိုက်တုန့်ပြန်
တော်လှန်နွေဦး
ကူးစက်အနီ
ပြည်သူရဲ့အား
နှလုံးသားမှာ
ဓားကိုဉာဏ်စောင့်ချေတကား။
တိုက်ခိုက်တုန့်ပြန်
သူပုန့်ဓားရောင်
လျှပ်မှောင်အပြက်
လက်ခနဲကြယ်
ကြွေရွယ်ထိုးစိုက်
မိစ်ဆာသိုက်အား
ည၌အောင်ပွဲခံသည်တကား။
တစ်ကြောင်းတစ်ဂါထာ
တစ်ကဗျာတစ်ပုဒ်ဆန်း
မွေးနေ့ကျမ်းစာ
ဒေါ်အောင်ဆန်းစုကြည်
ကျန်းမာပါစီ
ဒေါ်အောင်ဆန်းစုကြည်
အမြန်ဆုံးလွတ်မြောက်ပါစီ။ ။
အောင်ဝေး
(ဇွန် ၅၊ ၂၀၂၅)
ဒေါ်အောင်ဆန်းစုကြည်အသက် (၈၀) ပြည့်မွေးနေ့ကို ရည်ညွှန်း၍ စာကြောင်းရေ (၈၀) ဖြင့် ရေးဖွဲ့ထားပါသည်။
* သေနာ(ပါဠိ)=စစ်တပ်
စု ၈၀ ပြည့် မရောက်မီ သီတင်း ၂ ပတ်လိုမှာပဲ ကဗျာ အပုဒ် ၈၀ နဲ့ နောက်ဆုံးပိတ် အကြောင်း ၈၀ ကဗျာနဲ့ အားပါးတရ ဂုဏ်ပြုရပါပြီ။ နောက်ကဗျာတွေ ရာကျော်သည်ထိ ရှိပါသေးရဲ့။ အပိုင်း ၁၁ မှာ ဆက်လက် ဖော်ပြပါဦးမည်။ ။
ဆရာကြီး ကြပ်ကလေး က
စာပေါလောက တဲ့။
ဆရာမကြီး အောင်ဆန်းစုကြည်က
ကဗျာပေါ လောက။ ။
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar