Breaking News

လှကျော်ဇော - ၂၁ ရာစု မာက်စ်ဝါဒ ရှာပုံတော် (၅)


လှကျော်ဇော - ၂၁ ရာစု မာက်စ်ဝါဒ ရှာပုံတော် (၅)

မိုးမခ ၊ ဇွန် ၆ ၊ ၂၀၂၅


အောက်တိုဘာ တော်လှန်ရေးအောင်ပွဲရဲ့ သမိုင်း၀င်အခန်း

ရဲဘော်လီနင် ဦးဆောင်တဲ့ ဆိုဗီယက်ယူနီယံ ဘော်ရှီဗစ်ပါတီရဲ့ ခေါင်းဆောင်မှုနဲ့ အောက်တိုဘာတော်လှန်ရေးကြီးဟာ ၁၉၁၇ ခုနှစ် အောက်တိုဘာမှာ ရုရှားနိုင်ငံမှာ အောင်ပွဲရလိုက်ကာ ရုရှားဇာဘုရင်ကို ဖြုတ်ချလိုက်ပြီး ကမ္ဘာ့ပထမဆုံးသော ဆိုရှယ်လစ်နိုင်ငံကြီးကို တည်ဆောက်လိုက်နိုင်ပါတယ်။ ကမ္ဘာတဝန်းရှိ အဖိနှိပ်ခံလူတန်းစားများအတွက် လင်းရောင်ခြည် ပေါ်ထွက်လာခြင်းပါ။

၁၉ ရာစု မာက့်စ်ဝါဒ စတင်ပေါ်ပေါက်လာစဉ်က မာ့က်စ် တို့၊ အိန်ဂျယ်တို့ ပြောခဲ့တာက ကမ္ဘာ့အရင်းရှင်စနစ်ကြီး အကြီးအကျယ် ဖွံ့ဖြိုးတိုးတက်လာပြီးနောက် ရုပ်၀တ္ထုပစ္စည်းများ အများအပြား ထုတ်လုပ်လာနိုင်တဲ့ အရင်းရှင်စနစ် အဖွံ့ဖြိုးဆုံး အဓိကနိုင်ငံများ (အင်္ဂလန်၊ ပြင်သစ်၊ အမေရိကန်၊ ဂျာမနီ) အားလုံး တပြိုင်နက် တော်လှန်မှ ဆိုရှယ်လစ်တော်လှန်ရေးတွေ အောင်မြင်နိုင်မယ်။ လို့ဆိုခဲ့တာပါ။

နောက်ပိုင်းနယ်ချဲ့စနစ် ပီပီပြင်ပြင် ပေါ်လာပြီး နယ်ချဲ့နိုင်ငံအချင်းချင်း နယ်မြေလုယူရာမှာ ဒီနိုင်ငံကြီးတွေမှာ စီးပွားရေး၊ နိုင်ငံရေး ဖွံ့ဖြိုးတိုးတက်မှု စတာတွေ မညီမညာတွေဖြစ်လာပြီး အဲဒီနိုင်ငံတွေက တော်လှန်ရေးရင့်မှည့်မှု အဆင့်များကလည်း မတူမညီ ဖြစ်လာပါတယ်။ ဒါ့အပြင် တချို့အရင်းရှင်နိုင်ငံကြီးများမှာ စက်မှု လက်မှုတော်လှန်ရေး အသီးအပွင့်များကြောင့် စီးပွားရေးဖွံ့ဖြိုးလာပြီး အလုပ်သမား လူတန်းစားများရဲ့  တောင်းဆိုချက်များကို တစုံတရာ လိုက်လျောလာနိုင်ကြ၊ တချို့အလုပ်သမားများကို ၀ယ်ယူလာကြနဲ့ အလုပ်သမားများအတွင်း သွေးကွဲပြီး အလုပ်သမားလှုပ်ရှားမှုဒီရေတွေ ကျအောင် လုပ်ဆောင်လာနိုင်ကြတယ်။

ဒီတော့ ဒီနိုင်ငံတွေမှာ တော်လှန်ရေးတွေ တပြိုင်နက် မဖြစ်နိုင်တော့ဘူး ဆိုတာကို လီနင်က မြင်လာပြီး နယ်ချဲ့ အရင်းရှင်အချင်းချင်းကြားက ပဋိပက္ခကို အခွင့်ကောင်းအဖြစ် သဘောထားကာ နယ်ချဲ့နိုင်ငံများအကြား အင်အားချည့်နဲ့တဲ့ နိုင်ငံက ထိုးဖောက်ပြီး ဆိုရှယ်လစ်တော်လှန်ရေး ဆင်နွှဲကာ တနိုင်ငံချင်း အောင်ပွဲရယူနိုင်တယ်။ ဆိုပြီး ၁၉၁ ၇ခုနှစ် ပထမကမ္ဘာစစ်အပြီး ပိုချွတ်ခြုံကျ ဆင်းရဲလာနေတဲ့ ရုရှား အလုပ်သမား၊ လယ်သမားများအပြင် စစ်ပန်းနေတဲ့ ဇာဘုရင်စစ်တပ်ကြီးကိုပါ ငြိမ်းချမ်းရေး-ပေါင်မုန့်-မြေယာ-ဆိုတဲ့ ကြွေးကြော်သံနဲ့ လှုံ့ဆော်စည်းရုံးကာ ဒီတော်လှန်ရေးကြီးကိုအောင်မြင်အောင် စွမ်းဆောင်နိုင်လိုက်ပါတယ်။ တဆက်တည်းမှာပဲ ဆိုရှယ်လစ်စနစ် တည်ဆောက်ရေးအတွက် ကြိုးပမ်း လုပ်ဆောင်ပါတော့တယ်။ ဒါဟာ ကမ္ဘာ့လူသားများသမိုင်းမှာ အသစ်လွင်ဆုံးသော စနစ်တရပ်ကို ဖွင့်လှစ်ပေးလိုက်တာပါ။

လူသားများရဲ့ ရှေးဘုံခေတ်ကစလို့ ခေတ်အဆက်ဆက် မျှော်မှန်းခဲ့တဲ့ လောကနိဗ္ဗာန် တည်ဆောက်ရေးအိပ်မက်ကို လက်တွေ့ဖော်ဆောင်နိုင်တော့မယ် ဆိုတဲ့ အသိကိုလည်း ကမ္ဘာတဝန်းက ပြည်သူများထံ (အထူးသဖြင့် အဖိနှိပ်ခံ အလုပ်သမား လယ်သမား ပစ္စည်းမဲ့များထံ) ပို့ပေးလိုက်ပါတော့တယ်။

ဒါ့အပြင် လီနင်ဟာ ၁၉၁၉ ခုနှစ်မှာ (မိမိတို့ရဲ့ အောင်ပွဲကို ရေရှည်ထိန်းသိမ်းဖို့ နဲ့ တိုးချဲ့ဖို့ ရည်ရွယ်ပြီး) ကိုမင်တန် (Comintem) အဖွဲ့ကို မော်စကိုမှာ ဖွဲ့စည်းတည်ထောင်လိုက်ပါတယ်။ နိုင်ငံတကာကွန်မြူနစ်လှုပ်ရှားမှုကို ဗဟိုချုပ်ကိုင်မှုနဲ့ ထိန်းညှိပေးပြီး၊ ကမ္ဘာ့တော်လှန်ရေးကြီးကို အားပေးထောက်ခံရန်အတွက် ရည်ရွယ်တာလည်း ဖြစ်ပါတယ်။

ဒီအဖွဲ့က ဥရောပ၊ အာရှနဲ့ အမေရိကတိုက်တို့က ကွန်မြူနစ်ပါတီ ၇၀ ကျော်ကို ဦးဆောင်ပြီး ဆိုဗီယက်နိုင်ငံက နိုင်ငံရေးနဲ့ ငွေကြေးအကူအညီ များပေးခဲ့ပါတယ်။

ဒီလိုနဲ့ ကမ္ဘာတဝန်း ကွန်မြူနစ်ပါတီတွေ အလျှိုအလျှို ပေါ်ပေါက်လာပြီး အဲဒီအချိန်မှာ ပေါ်ပေါက်လာနေပြီ ဖြစ်တဲ့ ကိုလိုနီစနစ် ဆန့်ကျင်ရေး၊ အမျိုးသားလွတ်မြောက်ရေး လှုပ်ရှားမှုများမှာ ခေါင်းဆောင်မှု အခန်းကို ရယူလာကြပါတယ်။ ဒီပါတီများဟာ ဆိုဗီယက် ဘော်ရှီဗစ်ပါတီရဲ့ ပုံစံတွေကို လေ့လာ၊ နည်းနာပေါင်းစုံ သုံးပြီး တော်လှန်ရေးများကို ဇွဲကောင်းကောင်းနဲ့ ဆင်နွှဲကြလို့ ကိုလိုနီစနစ် ပြိုကွဲပြီး နိုင်ငံအများအပြား လွတ်လပ်ရေးရရှိသွားပါတော့တယ်။

ဒီ ၁၉၁၇ ခုနှစ် အောက်တိုဘာတော်လှန်ရေး အောင်ပွဲဟာ ၂၀ ရာစု ပထဝီ နိုင်ငံရေးအခင်းအကျင်းကို အခြေခံကစ ပြောင်းလဲလိုက်ပြီး ကွန်မြူနစ်ဝါဒကို သဘောတရားအဆင့်မှ လက်တွေ့နိုင်ငံတည်ဆောက်ရေးအဆင့်သို့ ရောက်ရှိစေခဲ့ပါတယ်။ 

ထို့အတူ ၁၉ ရာစု မာ့က်စ်ဝါဒကို (၂၀)ရာစုက အခိုင်အမာ လက်တွေ့ အခြေအနေများနဲ့ ပေါင်းစပ်ပြီး လီနင်က လီနင်ဝါဒ သဘောတရားများနဲ့ ဖြည့်စွက်ပြီး ကွန်မြူနစ်သဘောတရား ဘဏ်တိုက်ကြီးကို တိုးချဲ့ပေးလိုက်ပါတော့တယ်။

ဒါကြောင့်ပဲ ၁၉၁၇ အောက်တိုဘာ တော်လှန်ရေးကြီးကို ၂၀ ရာစု မာ့က်စ်ဝါဒရဲ့ အောင်ပွဲကြီးလို့သတ်မှတ်ကြတာပါ။

www.deepseek.com မှ အချက်အလက်များ ရယူပါတယ်။

လှကျော်ဇော

၂-၆-၂၀၂၅

~~~~~~~~~~~~~~~~~~~~~~~

👉လှကျော်ဇော - ၂၁ ရာစု မာက်စ်ဝါဒ ရှာပုံတော် (၁)

👉လှကျော်ဇော - ၂၁ ရာစု မာက်စ်ဝါဒ ရှာပုံတော် (၂)

👉လှကျော်ဇော - ၂၁ ရာစု မာက်စ်ဝါဒ ရှာပုံတော် (၃)

👉လှကျော်ဇော - ၂၁ ရာစု မာက်စ်ဝါဒ ရှာပုံတော် (၄)




Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar