Breaking News

အကျဥ်းထောင်ထဲ အသက်ဆုံးရှုံးနေကြရတဲ့ နိုင်ငံရေး အကျဥ်းသားတွေ

မြန်မာနွေဦးခရိုနီကယ် - ဇူလိုင် ၂၀ မြင်ကွင်း

(မိုးမခ) ဇူလိုင် ၂၁၊ ၂၀၂၅


အကျဥ်းထောင်ထဲ အသက်ဆုံးရှုံးနေကြရတဲ့ နိုင်ငံရေး အကျဥ်းသားတွေ

အသက် ၂၅ နှစ်အရွယ်သာရှိသေးသည့် ဒဂုံတက္ကသိုလ် ကျောင်းသားသမဂ္ဂ ဗဟိုအမှုဆောင်အဖွဲ့ဝင် မဝတ်ရည်အောင် အင်းစိန်အကျဥ်းထောင်မှာအကျဥ်းကျခံနေရစဥ် ပြင်းထန်တဲ့ ရောဂါခံစားရပြီး ဇူလိုင် ၂၀ ရက်နေ့မှာ ကွယ်လွန်ခဲ့ပါတယ်။ သူ့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေ ပြောဆိုချက်အရ ၂၀၂၁ ခုနှစ် စက်တင်ဘာလ ဖမ်းဆီးခံခဲ့ရပြီး ရာဇသတ်ကြီး ပုဒ်မ ၅၀၅-က နဲ့ ထောင် ၃ နှစ်ချပြီးနောက်ဆက်တွဲ အမှုထပ်တိုးကာ အကြမ်းဖက်တိုက်ဖျက်ရေး ပုဒ်မနဲ့ ထောင် ၄ နှစ်ထပ်မံ ချမှတ်ခံရတာကြောင့် စုစုပေါင်း ထောင်ဒဏ် ၇ နှစ် ချမှတ်ခံထားရသူ ဖြစ်ပါတယ်။ 

ဖမ်းဆီးခါစ စစ်ကြောရေး မှာ စစ်ဆေးစဥ် ရိုက်နှက်နှိပ်စက်မှုဒဏ်တွေက ဦးနှောက်မှာ အကြိတ်တည်တဲ့ ဒဏ်ရာရခဲ့ရတယ်လို့ လုပ်ဖေါ်ကိုင်ဖက်နဲ့ အကျဥ်းထောင်တွင်းက ထွက်လာတဲ့ သတင်းတွေအရ သိရပါတယ်။ စစ်တပ်က အာဏာသိမ်းထားတဲ့ကာလတွေမှာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်အတိုက်အခံလုပ်တဲ့ နိုင်ငံရေး အကျဥ်းသားတွေကို စစ်ကြောရေး၊ အကျဥ်းထောင်တွေမှာ ဘယ်လို ထားရှိနှိပ်စက်သလဲဆိုတာ အသေးစိတ် မသိရှိကြရသည့်တိုင် တစိတ်တပိုင်း ထွက်ပေါ်လာတဲ့ သတင်း အချက်အလက်တွေအရ ယခင် စစ်အစိုးရလက်ထက်တွေကထက် ပိုမိုကြမ်းတမ်း၊ ရက်စက်ပြီး အကျဥ်းထောင်တွေမှာလည်း နေထိုင်ရတဲ့အခြေအနေတွေက ခေတ်အဆက်ဆက် အဆိုးရွားဆုံး အခြေအနေမျိုးနဲ့ ကြုံတွေ့နေရတယ်လို့ ဆိုရင် မှားမယ်မထင်ပါဘူး။ 

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် စစ်အာဏာသိမ်းမှုကို ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေကို ပစ်ခတ်၊ ရိုက်နှက် ဖမ်းဆီးတဲ့ကာလတွေကတည်းက စစ်ကြောရေးတွေမှာတင် အသက်သေဆုံးခဲ့ကြရတဲ့ ဖြစ်ရပ်တွေ ဆက်တိုက်ဆိုသလို ပေါ်ထွက်လာခဲ့တာဖြစ်ပါတယ်။ ကျောက်တံတားမြို့နယ်က အန်အယ်လ်ဒီ ပါတီစည်းရုံးရေးမှူး ဦးခင်မောင်လတ် ဖမ်းဆီးခံရပြီးနောက် ညတွင်းချင်း အသက်ဆုံးရှုံးခဲ့ရသလို ရွှေပြည်သာ က အန်အယ်လ်ဒီပါတီဝင် နဲ့ “စု” အသက်မွေးဝမ်းကျောင်း သိပ္ပံကျောင်းတာဝန်ခံ ဦးဇော်မြတ်လင်းလည်း ဖမ်းဆီးပြီးနောက်တရက်မှာ အလောင်းသာတွေ့ရတဲ့အဖြစ်အပျက်တွေ ဖြစ်ပွားခဲ့တာ အားလုံး သိရှိပြီးဖြစ်ကြပါတယ်။ 

လွန်ခဲ့တဲ့ ၄ နှစ်ကျော် ကာလအတွင်း စစ်ကြောရေး၊ အကျဥ်းထောင်၊ ရဲဘက်စခန်းတို့လို နေရာတွေမှာ နိုင်ငံရေး ပုဒ်မနဲ့ ဖမ်းဆီး ထောင်ချခံရသူတွေ ဒါဇင်နဲ့ချီ အသက်ဆုံးရှုံးခဲ့ရပြီး ဖြစ်ပါတယ်။ ယမန်နှစ် အောက်တိုဘာလအထိ AAPP နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းက ကောက်ယူထားတဲ့ စာရင်းအရ အကျဥ်းထောင်တွင်း သေဆုံးရတဲ့ နိုင်ငံရေးအကျဥ်းသား ၁၀၀ ကျော်ရှိပြီလို့  ထုတ်ပြန်ခဲ့တာတွေ့ရပါတယ်။ အဆိုပါစာရင်းတွေထဲ နိုင်ငံရေးပုဒ်မတွေနဲ့ အကျဥ်းကျနေစဥ် လုံလောက်တဲ့ ဆေးကုသခွင့်မရလို့ အသက်ဆုံးရှုံးရတဲ့သူတွေ၊ အကျဥ်းထောင်အတွင်း ရရှိခဲ့တဲ့ရောဂါတွေကြောင့် လွတ်မြောက်ပြီးနောက် မကြာခင်ကွယ်လွန်ကြရတဲ့ သူတွေပါဝင်တယ်လို့ သိရပါတယ်။ 

ယခုလက်ရှိ စစ်ကြောရေး စခန်းနဲ့ အကျဥ်းထောင်တွေရဲ့ အခြေအနေဟာ မြန်မာ့ဆိုရှယ်လစ် လမ်းစဥ်ပါတီလို့ အမည်ပေးထားတဲ့ခေတ်၊ ၁၉၈၈ အာဏာသိမ်းပြီးနောက် တက်လာတဲ့ စစ်အစိုးရ လက်ထက်ကာလတွေထက် ပိုမိုဆိုးရွားတဲ့ အဆင့်ကိုရောက်ရှိနေတယ်လို့ ဆိုရင်မှားမယ်မထင်ပါဘူး။ 

စစ်အာဏာသိမ်းပြီးနောက် စစ်အုပ်ချုပ်ရေးနဲ့ အုပ်ချုပ်လာတာ ၄ နှစ်ကျော်ကြာလာတဲ့ ကာလအတွင်း စစ်ကြောရေး နဲ့ အကျဥ်းထောင်တွေမှာ စစ်ဆေးရင်း၊ ရိုက်နှက်ရင်း လက်လွန်ခြေလွန်ဖြစ်ကာ အသက်ဆုံးရှုံးရတဲ့  ဖြစ်ရပ်တွေ ဆယ်ဂဏန်းနဲ့ ရှိလာခဲ့ပေမယ့် ဘယ်ဖြစ်ရပ်အတွက်ကိုမျှ အရေးယူ အပြစ်ပေးခံရတာမျိုး မရှိတဲ့ အဖြစ်ကိုကြည့်ရင် အာဏာသိမ်း စစ်ကောင်စီအနေနဲ့ လက်နက်ကိုင် ခုခံတိုက်ခိုက်သူ၊ မြို့ပြပြောက်ကျား လှုပ်ရှားသူတွေသာမက အကြမ်းမဖက်တဲ့ နည်းလမ်းနဲ့ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သူတွေ အပေါ် ကျုးလွန်တဲ့ အလွန်အကျွံလုပ်ရပ်တွေကို ခွင့်ပြုထားတဲ့ အနေအထားမျိုး လို့ ကောက်ချက်ချနိုင်ပါတယ်။ 

အခုတကြိမ် စစ်အာဏာသိမ်းမှု ဖြစ်ပြီးနောက် နိုင်ငံတကာလူသားချင်းစာနာမှု အကူအညီပေးရေး အဖွဲ့ဖြစ်တဲ့ ICRC လို အဖွဲ့တွေအနေနဲ့ အကျဥ်းထောင်အတွင်းက အကျဥ်းသားတွေနဲ့ ပတ်သက်ပြီး စစ်ဆေးတာ၊ ကူညီတာမျိုး လုပ်ဆောင်ခွင့်မရတာလည်း တွေ့ရမှာ ဖြစ်ပါတယ်။ စစ်ကောင်စီအနေနဲ့ နိုင်ငံတကာ အစိုးရ အဖွဲ့အစည်းတွေကို အလေးထားခြင်း ဂရုပြုခြင်း မရှိဘဲ ကြမ်းတမ်း ရက်စက်စွာလုပ်ဆောင်နေတာ တွေ့ရမှာ ဖြစ်ပါတယ်။ 

ယခင်နှစ်တွေက ဒိုက်ဦး၊ တောင်ငူတို့လို အကျဥ်းထောင်တွေမှာ ကျခံနေရတဲ့ နိုင်ငံရေးအကျဥ်းသားအချို့ကို ထောင်ပြောင်းသဖွယ် ခေါ်ထုတ်ပြီး သတ်ဖြတ်ခဲ့တဲ့ အထိ ဆိုးရွားတဲ့ ကျူးလွန်မှုတွေအထိ ကျူးလွန်ခဲ့တာလည်း တွေ့ရှိခဲ့ကြရပြီး ဖြစ်ပါတယ်။ 

အကျဥ်းထောင်ကနေ ရုံးထုတ်စဥ် အကျဥ်းထောင် ဝန်ထမ်းနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို တိုက်ခိုက်ကာ လက်နက်လုယူပြီး ထွက်ပြေးခဲ့တဲ့ ဖြစ်စဥ် အချို့ဖြစ်ပွားပြီးနောက်မှာ အထက်ကလို ဥပဒေမဲ့ ခေါ်ထုတ်သတ်ဖြတ်မှုတွေ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ 

ဒါ့အပြင် လွန်ခဲ့တဲ့ ၄ နှစ်ကျော်ကာလအတွင်း နယ်အကျဥ်းထောင် အချို့မှာ ထောင်ဆူပူမှု၊ ထောင်တွင်း ဆန္ဒပြမှုတွေကို ပစ်ခတ်ဖြိုခွင်းခဲ့တဲ့ ဖြစ်စဥ် နဲ့ အသက်ဆုံးရှုံးသည်အထိ ရိုက်နှက်ပြစ်ဒဏ်ပေးခဲ့တဲ့ ဖြစ်စဥ်တွေလည်း ဖြစ်ပွားခဲ့တာပါ။ 

အကျဥ်းထောင်တွေထဲက နိုင်ငံရေးအကျဥ်းသားတွေရဲ့ အခြေအနေက ဘယ်ခေတ်ကာလနဲ့ မှ မတူအောင် ဆိုးရွားလာနေတာ ဖြစ်ပြီး အဆိုပါ အနေအထားကြောင့် မြို့ပြတွေမှာ မြေအောက်နိုင်ငံရေး လုပ်ဆောင်မှုတွေ ပိုမိုနည်းပါးလာစေပြီး လက်နက်ကိုင်တပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ လွတ်မြောက်နယ်မြေတွေဆီ တိမ်းရှောင်တာ၊ လက်နက်ကိုင် လမ်းစဥ်နဲ့ အာဏာသိမ်း စစ်တပ်ကို ပြန်လည်တိုက်ခိုက်မယ့် နည်းလမ်းကို ရွေးချယ်တာတဲ့ အနေအထားဆီ ဦးတည်စေမှာ ဖြစ်ပါတယ်။ 

တဖက်မှာလည်း စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ မြို့တွေက အကျဥ်းထောင်တွေမှာ အကျဥ်းကျနေသူတွေ အဖို့ မိသားစုဝင်တွေကလွဲရင် လုပ်ဖော်ကိုင်ဖက်တွေ မြို့ပေါ်မှာပိုမိုနည်းပါးလာတဲ့ အခြေအနေမျိုးနဲ့ ကြုံတွေ့ကြရမယ့် အနေအထားမျိုး ဖြစ်လာပါတယ်။ 

စစ်ကြောရေး နဲ့ အကျဥ်းထောင်တွေက ငရဲခန်း၊ နှိပ်စက်သတ်ဖြတ်မှုတွေက မြန်မာ့နိုင်ငံရေးကို လက်နက်ကိုင် လမ်းကြောင်းပိုမိုအားကောင်းဖို့ တွန်းပို့သလို ဖြစ်စေမှာ အမှန်ပဲဖြစ်ပါတော့တယ်။



Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar