Breaking News

လေးလေး - တပေကုလားရွာနှင့် ဗျုရိုကရက် စာရေးဆရာနှစ်ယောက်

တပေကုလားရွာနှင့် ဗျုရိုကရက် 

စာရေးဆရာနှစ်ယောက်
 လေးလေး 

(မိုးမခ) ဇူလိုင် ၉၊ ၂၀၂၅


 "တပေကုလား  ဆိုသော အမည်သည် ဆန်း၏။ ထိုအမည်ကား မောင်လူအေး၏နယ်အတွင်းရှိ တံငါရွာကလေးတရွာ၏အမည် ဖြစ်လေသည်။ တပေကုလားရွာသာ မဟုတ်။ တပေကုလားအင်း ဟူ၍လည်း ရှိသေး၏။ တပေကုလားကွင်း ဟူ၍လည်း ရှိသေး၏။ တပေကုလားချောင်း ဟူ၍ လည်း ရှိသေး၏။"

 ဒါက ကျနော်တို့အလယ်တန်းကျောင်းသားဘဝက မြန်မာစာသင်ရိုးထဲပါတဲ့ သိပ္ပံမောင်ဝရဲ့ ပစ္စန္တရစ် ဆောင်းပါးအဖွင့်စာပိုဒ်ပါ။ 

 သိပ္ပံမောင်ဝက နယ်ပိုင်ဘဝနဲ့၁၉ ၃၂-၃၄ ကာလတဝိုက်မှာ တပေကုလားရွာကို ရောက်ခဲ့တာဖြစ်တယ်။ အိမ်သာမရှိတဲ့ တံငါရွာလေး တပေကုလား။ ငါးညှီနံ့တွေကြား ဘယ်လိုများနေကြသလည်းဆိုပြီး ဩချရတဲ့ တပေကုလား။ မြွေဆိုးတအားပေါပြီး မြွေပေါက်လို့ သေကြရတဲ့တပေကုလား။ အင်းနဲ့ဥယျာဉ်ခြံမြေအရေး အငြင်းပွားကြပြီး တုတ်တပြက် ဓားတပြက်နဲ့ရန်ဖြစ်ကြတဲ့ တပေကုလား။

 "ရွာတွင် အိမ်ခြေကား သုံးလေးဆယ်ခန့်။ သက်ကယ်မိုး၊ ဝါးကပ်ကာ၊ ဝါးခြမ်းခင်း၊ ဝါးတိုင်တွေနှင့် အိမ်များသာ။ အိမ်နှစ်ဆောင်ပြိုင် ကျယ်ကျယ်ဆောက်ကာထားသောအိမ်ကား နတ္ထိ။ ပျဉ်ထောင်အိမ်ဟူ၍ကား မရှိ။ တအိမ်လျှင် အလွန်ဆုံး ငွေ ၁ဝိ ခန့်တန်၏။ သို့သော် အင်းခံဝန်ပေးကြသောအခါ ငါးရာတန်သည်ဟု ကျမ်းကိုင်ကာ ဆိုကြလေသည်။ 

 အိမ်အောက်များတွင် ဝက်တွေ ကြက်တွေ ဘဲတွေ အနှံ့အပြား လွှတ်၍ထားလေသည်။ ဆူဆူညံညံနှင့် အိမ်ရှေ့ အိမ်နောက်ဖေး အိမ်ပတ်ဝန်းကျင်များတွင် ငါးပိအိုးတွေ၊ ငန်ပြာရည်အိုးတွေ အနန္တနှင့် နံလိုက်တဲ့ဖြစ်ခြင်း။ 

သင်းတို့ရွာသားတွေ ဘယ်လိုနေကြသည်မသိ၊ ရောဂါလဲ မရ၊ ဒုက္ခလဲ မဖြစ်။ တရွာလုံးတွင် အိမ်သာတလုံးမျှ မရှိ။ တကဲ့ရွာသားတွေ။" 

 သိပ္ပံမောင်ဝက သူ့ဟန်အတိုင်းရွှင်ရွှင်သွက်သွက်ရေးထားခဲ့ပြီး တပေကုလားရွာအကြောင်းဆောင်းပါးကို ပစ္စန္တရစ် မနေအပ်တဲ့အရပ်လို့ နာမည်တပ်ခဲ့တယ်။

 ဦးစိန်တင် ခေါ် သိပ္ပံမောင်ဝဟာ တပေကုလားရွာအကြောင်းရေးခဲ့ပေမယ့်ရွာတည်နေရာကို ထည့်မရေးခဲ့။ သို့သော် သူ နယ်ပိုင်ဘဝနဲ့ရောက်ခဲ့တဲ့ တပေကုလားရွာကို သူရောက်ပြီး နှစ်ပေါင်းသုံးဆယ်ကျော်လေးဆယ်ခန့်မှာ အုပ်ချုပ်ရေးပိုင်းက မောင်ပြုံးချိုရောက်သွားတော့ တပေကုလားဆိုတာ ဧရာဝတီတိုင်း। မအူပင်ခရိုင်ထဲမှာတည်ရှိကြောင်း မှတ်တမ်းတင်ရေးဖွဲ့တော့တယ်။ 

မောင်ပြုံးချိုဆိုတာက သိပ္ပံမောင်ဝရဲ့မောင်လူအေးလိုပဲ। မန်းတင်ရဲ့မောင်ပြုံးချိုဖြစ်ပါတယ်။အမည်ရင်း ဦးထွန်းတင် ခေါ် စာရေးဆရာမန်းတင်ဟာ ၁၉ ၆၉-၇၀ ဝန်းကျင်ခန့်မှာ ဧရာဝတီတိုင်းတိုင်းမင်းကြီးဘဝနဲ့ တပေကုလားရွာကို ရောက်သွားတယ်။ 

 သိပ္ပံမောင်ဝရဲ့မောင်လူအေးဆောင်းပါးဖတ်ပြီး မန်းတင်ရဲ့မောင်ပြုံးချိုက တပေကုလားရွာကို အားခဲကြံစည် မရောက်အရောက်သွားခဲ့တာပါ။ 

 " လွန်ခဲ့သောနှစ်ပေါင်းသုံးဆယ့်ရှစ်နှစ်ကျော်က မောင်လူအေးရောက်ခဲ့သော တပေကုလားရွာဖြစ်ပါသည်။ ထိုရွာကလေးကို မောင်လူအေးက ပစ္စန္တရစ် ဟု သမုတ်ထားသည်။ ရွာ၏အခြေ အနေကို သူမြင်သမျှ စာပန်းချီ ရေးဆွဲပြထားသည်။ ရွာဦးကျောင်းတွင် သီတင်းသုံးနေတော်မူသော ဘုန်းတော်ကြီးဦးဇဝန အမှုးထား၍ သူကြီး।ဆယ်အိမ်ခေါင်းအစရှိသော ရွာလူကြီးများနှင့်လည်း ရင်းနှီးအောင်ပြုလုပ်ပေးခဲ့သည်။

 တပေကုလားဆိုသည်မှာ တပေကုလားဟုအဓိပ္ပာယ်ရကြောင်းကို အဘိုးကြီး ဦးနောက်တိုး।အင်းသူကြီးသာမဟုတ် ရွာသူကြီးလည်းဖြစ်သော ဦးငွေလှ।ဆယ်အိမ်ခေါင်းကိုဘိုးထင်। လယ် သမားဦးဘိုးဆင်। လူခွန်မဆောင်သောဦးအောင်ဖေ।သူကြီးသား မောင်ပွား।သူကြီးကတော်ဒေါ်ယု।သူကြီးတူမ မပန်းအောင်တို့ကိုလည်း မောင်ပြုံးချိုတို့တတွေ သိကျွမ်းနေပါသည်။ 

 ထို့ကြောင့် နာမည်ကျော် တပေကုလားသို့ အရောက်သွားမည်ဟု မောင်ပြုံးချို အားခဲခဲ့သည်မှာ ကြာပါပြီ။ ယခုမှ ကြံတိုင်းအောင်ပါတော့သည်။" 

 မန်းတင်က တပေကုလား ဆောင်းပါးအဖွင့်ကို ဒီလို ရေးဖွဲ့ခဲ့တယ်။ တပေကုလားရွာဟာ ချောင်းရိုးနှစ်ခုကြားမှာတည်ရှိတဲ့ ရွာတန်းရှည်ဖြစ်တယ်။ အိမ်တွေက ချောင်းတွေကို ကျောပေးဆောက်ထားပြီး। ရွာလယ်လမ်းက တလမ်းပဲရှိတယ်။ မောင်လူအေးရောက်ခဲ့တုန်းက အိမ်ခြေသုံးလေးဆယ်သာရှိပေမယ့်। မောင်ပြုံးချိုရောက်သွားတော့ အိမ်ခြေ ၁၉၀ ကျော်। လူဦးရေ ၉၇၀ ကျော်နေထိုင်တဲ့ ရွာဖြစ်နေပြီ။ 

အိမ်သာတွေလည်း ရှိနေပြီ။ ရွာရဲ့ အသက်မွေးဝမ်းကျောင်းလုပ်ငန်းကတော့ မောင်လူအေးရောက်ခဲ့တုန်းကလိုပဲ ရေလုပ်ငန်းလုပ်ကြတုန်း။ ငါးညှီနံ့တသင်းသင်းရှိတုန်း။ ရွာလယ်လမ်းက ရွှံ့ဗွက်တွေရှိတော့ နှစ်တောင်လောက်မြင့်တဲ့ နှစ်ပျဉ်စပ်တံတားရှည်ထိုးထားပြီး ဒီပေါ်ကဖြတ်လျှောက်ပြီး ရွာဘုန်းကြီးကျောင်းဆီသွားရတယ်။ ရွာထဲကအိမ်သားရှိသမျှ တိုင်းမင်းကြီးလာတယ်ဆိုတော့ အုန်းအုန်းကျွက်ကျွက် ထွက်ကြည့်နေကြသပေါ့။ 

 " လား လား လား ကလေး လူကြီး ယောကျာ်း မိန်းမ အဘိုးအို အဘွားအိုများပါ စုရုံးထွက်ကြည့်နေကြသည်ကိုတွေ့ရသည်။ အင်း ဒီအချိန်များ တိုင်းမင်းကြီး တံတားပေါ်က ကျွမ်း ထောင်ကျသွားလျှင် တပေကုလားရွာသူရွာသားတွေ တဝါးဝါးတခစ်ခစ်ရယ်၍ပင် အတောသတ်ကြတော့မည်မဟုတ်။ အနှစ်တထောင်မှတခါ တွေ့ရခဲမြင်ရခဲသော ဟာသအဖြစ် တသက်လုံး ပြော၍ဆုံးကြတော့မည်မဟုတ်။

သားစဉ်မြေးဆက်သမိုင်းတွင်၍ ကျန်ရစ်ပေတော့မည်။ မဖြစ်ဘူးဟူ၍လည်း မပြောနိုင်။ လွန်ခဲ့သောနှစ်ပေါင်းသုံးဆယ်ကျော်လေးဆယ်ခန့်က ဗျုရိုကရက်စာရေးဆရာတယောက် ငါတို့ရွာသို့ ရောက်လာသည်။ 

ငါတို့ဌာနေ တပေကုလားမြေကို ပစ္စန္တရစ်ဟု သမုတ်သွားသည်။ မနေအပ်သောအရပ်ဟုဆိုသည်။ အဘယ်မှာလျင် ကျေနိုင်အံ့နည်း။ ယခု ငါတို့တတွေ ဆိုရှယ်လစ်ခေတ်သို့ ကူးပြောင်းနေချိန်တွင် ကြွင်းကျန်နေသော ဗျုရိုကရက်အကြီးစားတဦး ထူးထူးခြားခြား မျက်စိလည်လမ်းမှားပြီး ရောက်လာပြန်ချေပြီ။ 

သူလည်းဟိုတုန်းက ဗျုရိုကရက်လို မတောက်တခေါက်စာတွေရေးတတ်သည်ဟု သိရသည်။ ငါတို့ရွာအကြောင်းကို ပစ္စန္တရစ်ထက်ဆိုးအောင်ရေးသော် မခက်လော။" 

 မန်းတင်စာကလည်းပြုံးတထေ့ထေ့နဲ့ဖတ်ရတာပါ။

နှစ်ပေါင်းသုံးလေးဆယ်သာကြာသွားတယ်။ တပေကုလားရွာမှာ မြွေဆိုးအန္တရာယ်ရှိတုန်း။ မြေပေါက်လို့ လူသေတုန်းပါ။ ရွာဦးဘုန်းကြီးကျောင်းရောက်တော့ မောင်ပြုံးချိုနဲ့ ရွာသားတွေ စကားစမြည်ပြောကြ ရပ်ရေးရွာရေးတိုင်ပင်ကြပေါ့။ အဲ မောင်လူအေးရဲ့ ပစ္စန္တရစ်ဆီစကားစပ်မိကြတော့....။ 

 "ဒါကတော့ သက်သက်မဲ့ နှိမ်ရေးသွားတာပါ।ကျုပ်တို့ရွာ ဒီလောက်လည်းမဆိုးပါဘူးဟု နောက်နားမှ အဖိုးကြီးတယောက်ကပြောလေသည်။ 

 ဒါက ဒီလိုကွဲ့ဟု ဆရာတော်က စကားစသည်။ 

သူကြီးဦးငွေရနဲ့ ဦးဘိုးရင်က မတည့်ဘူးဟုဆိုကာ မှတ်မိသမျှကို ပြန်ပြောင်းမိန့်ကြားသည်။ ပရိသတ်ထဲမှလည်း ထောက်၍ထောက်၍ ပြောကြသည်။

 ဦးဘိုးရင်မှာ ယခုအထိ အသက်ရှင်လျက်ရှိသေးသည်။ အသက် ၉ ၃ နှစ်ရှိပါပြီ။ သူသည် သစ်ပင်ပန်းပင်များစိုက်ပျိုးခြင်း ဝါသနာရှိသည်။ သူ၏ပန်းဥယျာဉ်သည် ရွာမြေကိုကျုးကျော်ပါသည်ဆိုကာ သူကြီးက နယ်ပိုင်ကို လျှောက်သည်။

နယ်ပိုင် မောင်လူအေးက ကျုးကျော်သည့်အတွက် ဖျက်ရမည်ဟု ဆိုသည်။ ဦးဘိုးရင်က မဖျက်။ တရားစွဲလိုကစွဲ।ဒဏ်တပ်ရင် ငါးဆယ်ပေါ့।မမှုပါဘူး। အေးဆေးပဲ ဆောင်လိုက်မည်ဟုဆိုသည်။တရားစွဲ၍ ဒဏ်ချသောအခါ ဆောင်သည်။

နောက်မှတဖန် အထက်မှအမိန့်နှင့်သူကြီးဦးငွေရက ဦးဘိုးရင်၏ဥယျာဉ်ကို ဖျက်ဆီးပစ်လိုက်သည်။ သူကြီးဦးငွေရသည် မောင်လူအေး၏ ပစ္စန္တရစ်တွင်ဦးငွေလှ ဖြစ်နေသည်။ ဦးဘိုးရင်သည် ဦးဘိုးဆင်ဖြစ်နေလေသည်။ 

"အဲ့ဒါဗျ।သူ့ကို ဦးဘိုးရင်က အာဏာဖီဆန်တယ်ဆိုပြီး ရစရာမရှိအောင် ရေးထည့်တာပဲ।လုပ်ဇာတ်တွေပါဗျာ ဟု အသက်ငါးဆယ်ကျော်ခြောက်ဆယ်ခန့် ရွာလူကြီးတယောက်ကဆိုပြန်သည်။ 

 တကယ်တော့လည်း အဲ့ဒီသိပ္ပံဘယ်သူ တဲ့।အဲ သူ့ကိုကျေးဇူးတင်ရမကွဲ့।ဟု ဆရာတော်ကမိန့်ကြားပြန်သည်။

 သူက အဲ့ဒီလိုရေးသွားတော့ တို့ရွာနာမည်ကြီးရတာပေါ့।တိုင်းကျော်ပြည်ကျော်।ဒါတွင်မကသေးဘူး। အမြဲသတိရှိလာကြတယ်။ ဒီရွာကလူတွေဟာ လက်လွတ်စပယ်မလုပ်ဘူး।လက်လွတ်စပယ် မပြောမဆိုဘူး। ကိုယ်အမူအရာ နှုတ်အမူအရာကို သတိထားပြီး စောင့်စည်းကြတယ်ဟု ဆရာတော်က အမိန့်ရှိလေသည်။ 

 တကယ်တော့ဗျာ ဒီဒေသမှာရှိတဲ့ ရွာတွေဟာ ဒီလိုချည်းပါပဲ। ကျုပ်တို့ရွာမှ ထူးထူးခြားခြားနေတာ မဟုတ်ပါဘူး ဟု တယောက်က ဆိုပြန်သည်။ "

“ စကားမို့ဆို ပျားမို့ချို စာမို့လို့ရေး တဲ့।စကားဆိုတာပြောချင်တာပြောတာပဲ।မပြောပါနဲ့လို့ တားလို့မရဘူး।ပျားရည်ဆိုတာလည်း ချိုတာပဲ। မချိုနဲ့လို့ ပြောလို့မရဘူး। စာဆိုတာလည်း ရေးချင်တာရေးတာပေါ့ ဒကာကြီးရယ် ဟု ဆရာတော်က ရယ်မောကာ မိန့်ကြားလေသည်။

" မောင်ပြုံးချိုက တပေကုလားဆောင်းပါးကို အနားသတ်ထားတာလည်း လှပါတယ်။ ဖတ်ကြည့်ပါ။ 

 "တပေကုလားအတွက် ဆောင်ရွက်စရာတွေက များလှပါဘိ။ သည်တရွာတည်းသာမဟုတ်। သည်လိုရွာတွေ အားလုံးအတွက် ဆောင်ရွက်ကြရမည်။ ဆောင်ရွက်ရာတွင် ကျေးရွာလူထုသည် အစိုးရကိုချည်း အားကိုးနေ၍ မဖြစ်။ ကျေးရွာလူထုချည်း ဆောင်ရွက်နေလို့လည်း အောင်မြင်မည်မဟုတ်। လူထုရော ဌာနဆိုင်ရာဝန်ထမ်းများပါ စည်းလုံးညီညာကြိုးပမ်းကြရပေမည်။ 

 ဤသို့သာ လက်ကျညီညီ ဆောင်ရွက်ကြပါလျှင် မကြာမီသောကာလတွင် ပစ္စန္တရစ်များသည် ပဋိရူပဒေသ ဖြစ်လာကြမည်သာ မလွဲတည်း။" 

 စာရေးဆရာမန်းတင်က သူ့စာထဲမှာ ဗျုရိုကရက်လို့ထည့်ရေးထားခဲ့လို့ ဒီစာစုခေါင်းစဉ်ကို တပေကုလားရွာနှင့် ဗျုရိုကရက်စာရေးဆရာနှစ်ယောက်လို့ သံယောင်လိုက်ပေးမိတာပါ။

အခုခေတ်လူငယ်တွေဆို ဘာလဲဟ ဗျုရိုကရက်လို့ မေးမလားပါပဲ။ စာထဲ မကောင်းတဲ့အမြင်ကဲ ရေးထားခဲ့ကြတာကိုး။ သမာသမတ်ကျကျမြင်သူတဦးကတော့ စာရေးဆရာမန်းတင်ကို ခုလို ဆိုခဲ့ဖူးတယ်။ 

“မန်းတင်ဟာဗြူရိုကရက်ပေမယ့် သူ့စာတွေကျတော့ ကျုပ်ကကြိုက်နေတယ်। ဘာလို့များကြိုက်တာပါလိမ့်လို့ စဉ်းစားလို့လည်း မရဘူး။ တနေ့ကမှ ကိုယ့်ကိုကိုယ်သိတော့တယ်। သူက အရာရှိတယောက်အနေနဲ့ အပေါ်စီးကကြည့်တာမှမဟုတ်ဘဲ। ပြည်သူထဲဝင်ပြီး ပြည်သူ့ဘက်က ပြန်ကြည့်နေတာကိုး"။ 

* ( သိပ္ပံမောင်ဝက ပစ္စန္တရစ်စာမူကို ၁၂၉ ၅ ခု ဝါဆိုလ। ဂန္တလောကတွင် ရေးခဲ့ပြီး မန်းတင်က တပေကုလားစာမူကို ၁၉ ၇၂ ခုနှစ် ဖေဖော်ဝါရီ ငွေတာရီမဂ္ဂဇင်းတွင် ရေးသားဖော်ပြခဲ့သည်။) 

* ကိုးကား- သိပ္ပံမောင်ဝစာများ 
* ဘဝအစုံ အရွယ်အစုံ(မန်းတင်)

-    
 Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar