မြောက်ဦးမြို့ က ရပ်ကွက်ဗုံးကြဲခံရပြီး ကလေးအပါအဝင် အရပ်သား ၁၂ ဦးသေဆုံးကြောင်း AA ထုတ်ပြန်၊ မြန်မာနိုင်ငံရဲ့ နယ်စပ်ကိုကျော်လွန် သက်ရောက်တဲ့ စစ်ဘေး ဒုက္ခသည်ပြဿနာ
မြန်မာနွေဦးခရိုနီကယ် - ဩဂုတ် ၂၆ မြင်ကွင်း
မိုးမခ ၊ ဩဂုတ် ၂၇၊ ၂၀၂၅
မြောက်ဦးမြို့ က ရပ်ကွက်ဗုံးကြဲခံရပြီး ကလေးအပါအဝင် အရပ်သား ၁၂ ဦးသေဆုံးကြောင်း AA ထုတ်ပြန်၊ မြန်မာနိုင်ငံရဲ့ နယ်စပ်ကိုကျော်လွန် သက်ရောက်တဲ့ စစ်ဘေး ဒုက္ခသည်ပြဿနာ
ရက္ခိုင့်တပ်တော် Arakan Army က ယမန်နှစ်ကတည်းက တိုက်ခိုက်သိမ်းယူပြီး ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ် မြောက်ပိုင်း ရှေးယဥ်ကျေးမှု အမွေနှစ်ဗိသုကာ လက်ရာ ဘုရားစေတီတွေအများအပြားရှိတဲ့ ရှေးခေတ်မြို့တော်ဟောင်း ဖြစ်တဲ့ မြောက်ဦးမြို့ကို စစ်ကော်မရှင် ရဲ့ လေတပ်က သြဂုတ်လ ၂၅ ရက်နေ့ ညမှာ ဗုံးကြဲတိုက်ခိုက်ခဲ့ရာမှာ ကလေးတွေအပါအဝင် အရပ်သား ၁၂ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရသူ ၂၀ ရှိတယ်လို့ AA ဘက်က သြဂုတ်လ ၂၆ ရက်နေ့မှာ သတင်းထုတ်ပြန် ခဲ့ပါတယ်။
ဗုံးဒဏ်ကြောင့် သေဆုံးရသူတဲ့ အရပ်သားတွေအထဲမှာ အသက် ၇ နှစ်အရွယ် ကလေးသူငယ် ၂ ဦးနဲ့ ၁၅ နှစ်အရွယ် မိန်းကလေးတဦး၊ အသက် ၁၆ နှစ်နဲ့ ၁၇ နှစ်အရွယ် အခြား ၂ ဦးတို့ပါဝင်တာ တွေ့ရပါတယ်။ ထိခိုက်ဒဏ်ရာသူ ၂၀ ဦးထဲမှာလည်း အသက် ၄ နှစ်အရွယ် ကလေးငယ် တဦး၊ ၆ နှစ် နဲ့ ၁၂ နှစ်အရွယ် ကလေးသူငယ် ၂ ဦးတို့ ပါဝင်တယ်လို့ ထုတ်ပြန်တဲ့ စာရင်းတွေအရ သိရပါတယ်။
ယခုနှစ် အတွင်း ရခိုင်ပြည်နယ်က AA ထိန်းချုပ်နယ်မြေတွေကို အာဏာသိမ်း စစ်တပ်ဘက်က လေကြောင်းတိုက်ခိုက်မှု ၅ ကြိမ်ရှိခဲ့ပြီး သေဆုံးသူ ၇၀ ကျော်ရှိတယ်လို့လည်း AA ရဲ့ ထုတ်ပြန်ချက်တွေ အရ သိရပါတယ်။
၂၀၂၃ နှစ် နှောင်းပိုင်း AA နဲ့ အာဏာသိမ်းစစ်တပ် တို့အကြား တိုက်ပွဲပြန်လည် ဖြစ်ပွားပြီးနောက် မြောက်ဦးမြို့ကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာလထဲမှာ တိုက်ခိုက်သိမ်းယူခဲ့တာ ဖြစ်ပါတယ်။ မြောက်ဦး၊ ကျောက်တော်၊ မင်းပြား၊ ပုဏ္ဏားကျွန်း စတဲ့ AA သိမ်းယူထိန်းချုပ်ထားတဲ့ မြို့တွေကို စစ်ကောင်စီ လေတပ်က မကြာခဏ ဗုံးကြဲတိုက်ခိုက်လေ့ရှိပါတယ်။ အချို့သော တိုက်ခိုက်မှုတွေက သတင်းအချက်အလက် စုဆောင်းပြီး နေရာအတိအကျနဲ့ တိုက်ခိုက်တာမျိုး ဖြစ်ကောင်းဖြစ်ပေမယ့် အများအပြားက လက်နက်ကိုင် အဖွဲ့ဝင်တွေ စခန်းချတယ် အခြေစိုက်တယ်ဆိုတဲ့ ရွေးချယ်ထားတဲ့ ပစ်မှတ်ထက် လေကြောင်းက တိုက်ခိုက်ပြီး သိမ်းယူထားတဲ့ မြို့တွေမှာ တည်ငြိမ်စွာ မအုပ်ချုပ်နိုင်အောင် ရည်ရွယ် လုပ်ဆောင်ခြင်းသာ ဖြစ်ပါတယ်။ လေကြောင်း တိုက်ခိုက်မှုတွေ အခါအားလျော်စွာ လုပ်ဆောင်ပြီး မြို့တွေရွာတွေ မှာ စိတ်ချလက်ချ နေထိုင်လုပ်ကိုင်နိုင်ခြင်း မရှိအောင် ရုပ်ပိုင်းရော စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုမရှိအောင် ရည်ရွယ် လုပ်ဆောင်နေတဲ့ သဘောလည်း ဖြစ်ပါတယ်။
လေကြောင်းတိုက်ခိုက်မှုတွေကနေ အရပ်သားတွေ ထိခိုက်သေဆုံးမှု မရှိရအောင် ရာနှုန်းပြည့် ကာကွယ်နိုင်တဲ့ နည်းလမ်းတော့ ခုချိန်ထိ မရှိသေးပါဘူး။ ဗုံးခိုကျင်းတွေ ဆောက်လုပ်တာ၊ စစ်ကောင်စီ လေတပ်အခြေစိုက်ရာ ဒေသတွေက စောင့်ကြည့်သူတွေက စစ်လေယာဥ်ပျံတက်တာနဲ့ ဦးတည်ရာကို အဆင့်ဆင့် သတင်းပို့ ဖြန့်ဝေပြီး အန္တရာယ်ရှိနိုင်တဲ့ ဒေသတွေမှာ စောင့်ကြည့်ပြီး လေကြောင်း သတိပေးချက် ထုတ်ပြန်တာမျိုးတွေ လုပ်ဆောင်နေကြပေမယ့် လူထိခိုက်သေဆုံးမှု မရှိအောင် အပြည့်အဝတော့ ကာကွယ်နိုင်ခြင်း မရှိသေးပါဘူး။
အချို့သော လက်နက်ကိုင် အဖွဲ့တွေက ဖုန်းလိုင်း အဆက်အသွယ်၊ အင်တာနက် အဆက်အသွယ်တွေ ဖြတ်တောက်ထားခြင်း အားဖြင့် လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်ဖို့ သတင်းအချက်အလက် စုဆောင်းမှု မရနိုင်ဘူးလို့ ယူဆကာ ဖုန်း၊ အင်တာနက်၊ စတားလင့်ခ် သုံးစွဲမှုပိတ်ပင်တဲ့ အမိန့်တွေ ထုတ်ပြန်လိုက်နာစေတာ လည်းရှိပါတယ်။
သို့ပေမယ့် စစ်ကောင်စီတပ်ဟာ နေရာအတိအကျ သတင်းအတိအကျ မရရှိသည့်တိုင် တော်လှန်ရေး လက်နက်ကိုင်တပ်တွေ ထိန်းချုပ်ထားတဲ့မြို့တွေ နယ်တွေကို လေကြောင်းတိုက်ခိုက်မှုတွေနဲ့ ခြိမ်းခြောက် ဖိအားပေးနေဦးမှာ ဖြစ်ပါတယ်။
ဒီနေ့အတွက် နောက်ထပ် သတင်းအကြောင်းအရာ တခုကတော့ ဆယ်စုနှစ်များစွာ ထိုင်းနယ်စပ် ဒုက္ခသည်စခန်းတွေမှာ နေထိုင်နေကြတဲ့ ဒုက္ခသည်တွေကို နိုင်ငံတကာအစိုးရနဲ့ အဖွဲ့အစည်းတွေရဲ့ အထောက်အပံ့ အားလုံးနီးပါး ရပ်ဆိုင်းခံရပြီးနောက် ဒုက္ခသည်စခန်းက သူတွေကို ထိုင်းနိုင်ငံထဲ အလုပ်လုပ်ခွင့် ပြုလိုက်ကြောင်း ထိုင်းအစိုးရဘက်က ဆုံးဖြတ်ပေးလိုက်ပါတယ်။
၁၉၉၀ ခုနှစ် အလယ်ပိုင်းက ကရင်ပြည်နယ်က KNU/KNLA ကို စစ်အစိုးရတပ်တွေ ထိုးစစ်ဆင်ခဲ့စဥ်က ကျေးရွာတွေကိုပါ မီးရှို့ဖျက်ဆီးပြီး နေထိုင်နိုင်ခြင်းမရှိအောင် လုပ်ဆောင်ခဲ့လို့ ဒေသခံ သိန်းနဲ့ချီ ထိုင်းနိုင်ငံဘက် တိမ်းရှောင်ပြီး နိုင်ငံတကာ အစိုးရနဲ့ အဖွဲ့အစည်းတွေက ရိက္ခာဆေးဝါး ထောက်ပံ့မှုနဲ့ နေထိုင်ခဲ့ကြတာ ဖြစ်ပါတယ်။ ထိုင်းမြန်မာနယ်စပ်တလျှောက် အုန်းဖြန်၊ မယ်လ၊ နို့ဖိုး စတဲ့ ဒုက္ခသည်စခန်းတွေဟာ အခုဆိုရင် နှစ်ပေါင်း ၃၀ ဝန်းကျင် သက်တမ်းရှိနေပြီး ဒုက္ခသည်တွေထဲက အများအပြားလည်း တတိယနိုင်ငံတွေကို ပြောင်းရွှေ့ အခြေချတာတွေ ရှိသလို တတိယနိုင်ငံ မသွားရောက်တဲ့ ဒုက္ခသည်တွေ အနေနဲ့ မကြာသေးခင် လပိုင်းတွေက စလို့ ရရှိနေခဲ့တဲ့ အထောက်အပံ့ဖြစ်တဲ့ ရိက္ခာ၊ ဆေးဝါးကုသမှုတွေ ရပ်ဆိုင်းခံခဲ့ရပါတယ်။ ဒါကြောင့် အဆိုပါ ဒုက္ခသည်စခန်းမှာနေထိုင်နေကြသူတွေအနက် အလုပ်လုပ်ကိုင်နိုင်သူတွေကို အလုပ်လုပ်ခွင့်ပြုဖို့ ကူညီရေး အဖွဲ့အစည်းတွေ၊ နှိုးဆော်သူတွေက တိုက်တွန်းခဲ့ပြီးနောက် အခုလို ထိုင်းအစိုးရက ခွင့်ပြုလိုက်တာ ဖြစ်ပါတယ်။
မြန်မာနယ်စပ်နဲ့ ထိစပ်နေတဲ့ ထိုင်းနိုင်ငံ တပ်ခ်ခရိုင် တလျှောက်မှာ စိုက်ပျိုးရေး လုပ်ငန်းတွေ ရှိပြီး ဒုက္ခသည်စခန်းက အလုပ်လုပ်ကိုင်နိုင်သူတွေ အဖို့ စိုက်ခင်းတွေမှာ နေ့စားအလုပ်လို အလုပ်အကိုင်မျိုး တရားဝင် လုပ်ကိုင်ခွင့်ရရှိလာမှာ ဖြစ်ပါတယ်။
ဆယ်စုနှစ် ၇ ခုကျော် ၈ ခုထဲဝင်ရောက်လာတဲ့ မြန်မာနိုင်ငံရဲ့ ပြည်တွင်းစစ်ကာလအတွင်း စစ်ဘေးဒုက္ခသည်၊ အသက်အန္တရာယ် ကျရောက်နိုင်ခြေရှိတာကြောင့် နယ်စပ်မျဥ်းကိုကျော်ပြီး အချို့သော အိမ်နီးချင်းနိုင်ငံတွေဆီ ခိုလှုံနေထိုင်နေကြရတဲ့ ဒုက္ခသည်ပြဿနာဟာ ခုမှာ ဖြစ်ပွားလာတာ မဟုတ်ပဲ ဆယ်စုနှစ် ၃ ခုဝန်းကျင်ကတည်းက ရှိနှင့်ပြီးဖြစ်ပါတယ်။ မွန်၊ ကရင်၊ တနင်္သာရီတိုင်းတို့မှာ ဖြစ်ပွားတဲ့ လက်နက်ကိုင် တိုက်ပွဲတွေကြောင့် ထိုင်းနိုင်ငံဘက် ယာယီအားဖြင့် တိမ်းရှောင်သူတွေရှိတာကို တိုက်ပွဲဖြစ်ပွားတိုင်း ကြားသိနေကြရတာ ဖြစ်ပါတယ်။
ထိုင်းနိုင်ငံတင်မကပဲ အနောက်ဘက်မှာဆိုရင် ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ၂၀၁၇ ခုနှစ်က စစ်တပ်ရဲ့ ARSA လက်နက်ကိုင် အဖွဲ့ကို ရှင်းလင်းနှိမ်နှင်းရေး ခေါင်းစဥ်နဲ့ ရိုဟင်ဂျာ အရပ်သား ထောင်နဲ့ ချီ လူမျိုးတုန်း သတ်ဖြတ်ခံ ခဲ့ရပြီးနောက် ရိုဟင်ဂျာ ၁ သန်းဝန်းကျင် ဘင်္ဂလားဒေ့ရှ် နိုင်ငံကောက်ဘဇားဘက် ထွက်ပြေးတိမ်းရှောင်ခဲ့ကြပြီး ၈ နှစ်ကျော်ကြာမြင့်လာတဲ့တိုင် အဆိုပါ ပြဿနာကို ဖြေရှင်းနိုင်ခြင်း မရှိသေးတာ တွေ့ရမှာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံရဲ့ ပြည်တွင်းစစ်ပွဲရဲ့ အကျိုးဆက်ဖြစ်တဲ့ နယ်စပ်ဖြတ်ကျော် ဖြစ်ပွားလာတဲ့ စစ်ဘေးဒုက္ခသည် ပြဿနာက ဆယ်စုနှစ်များစွာကြာသည့်တိုင် ကောင်းမွန်တဲ့ အဖြေရအောင် မဆောင်ရွက်နိုင်သေးတဲ့ အခြေအနေလည်း ဖြစ်ပါတယ်။
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar