ဟံသာဝတီ ဦးဝင်းတင် - “မိုးမခ” ပျိုးချချိန် (မောင်ရစ်တို့ရဲ့ နောင်တခေတ်)
ဟံသာဝတီ ဦးဝင်းတင် - “မိုးမခ” ပျိုးချချိန် (မောင်ရစ်တို့ရဲ့ နောင်တခေတ်)
မတ်လ ၂၉၊ ၂၀၁၄
မိုးမခ၏ ပြန်လည်ဆန်းသစ်စာမူဖြစ်ပါတယ်။ မီဒီယာစာနယ်ဇင်းတွေ လွတ်လပ်စွာ ဖော်ထုတ်ခွင့်အတွက် လျောက်လမ်းခဲ့ရတဲ့ လမ်း၊ သတင်းစာဆရာကြီး ဦးဝင်းတင် ပြန်ပြောင်းပြောခဲ့တာကို အမှတ်တရ ပြန်လည် ဖော်ပြပါတယ်
(မြန်မာပြည်အတွင်းထုတ်ဝေမည့် မိုးမခ မဂ္ဂဇင်းအတွက် ဆရာကြီး ဦးဝင်တင်ရဲ့ အမှာစာ ဖြစ်ပါတယ်)
(၁)
ကျုပ်ဒီစာကို ဆယ်ကျော်သက်စိတ်ထားနဲ့ ရေးသဗျာ။ “ဟား ဟား ဟား …” (ရှစ်) ဆယ်ကျော်သက်ကို ပြောတာပါ။ ကျုပ်အသက်က ရှစ်ဆယ်ငါးဆိုတော့ ကိုးဆယ် တဝက်ကျိုးပြီပေါ့။ ဒီအရွယ် စကားပြောလို့၊ စာရေးလို့ တယ်မကောင်းလှဘူးဗျ။ လူက မခိုင်၊ လက်ကယိုင်၊ အာက အော့အစ်၊ လျှာကထစ် နေပြီကိုး။
ဒီစာကို အစမ်းစာလေးလို ရေးချင်တယ်။ အလွမ်းစာလေးလိုလဲ ဖွဲ့ချင်တယ်။ အရွှမ်းစာလေးလိုလဲ နွဲ့ချင်တယ်။ အကြမ်းစာကြီးလိုလဲ ကြိမ်းချင်တယ်။ အမှန်းစာကြီးလိုလဲ ဟိန်းချင်တယ်။ စုံလို့ ပေါ့ဗျာ။
ဒီအသက်အရွယ်ဆိုတာ ဘဝအလင်းရောင်တွေ မှုန်မိုက်၊ ဘဝခံစားချက်တွေ တုန်ခိုက်တဲ့ အချိန်မဟုတ်လား။ စိတ်ကူးကတော့ ဘဝဂန္ထဝင် သံစုံတီးဝိုင်းကြီးကို ဟောဟောဒိုင်းဒိုင်း ဟိန်းဟိန်းညံညံ အသံပေါ် အသံဆင့် မိုးလုံးပွင့်အောင် တီးခတ်သလို ရေးလိုက်ချင်တာ။ ဗုံသံပေါ် ဆိုင်းသံကြီးဆင့်၊ တယောသံပေါ် “ချယ်လို” သံကြီးဆင့်သလို သံစုံမြှင့် ရေးလိုက်ချင်တာ။ အသံစုံပေါ့လေ။ မိုးမခပွင့်လေးရဲ့ လန်းဆန်း သိမ်မွေ့မှုနဲ့ မိုးကြိုးလျှပ်စီးရဲ့ တုန်ဟည်းချိမ်းဟစ်မှုကို ဆစ်ပိုင်း ပေါင်းဖွဲ့ သီကုံး နှောစပ်တဲ့ အသံစုံဖြစ်စေချင်တာ။
မိုးမခပျိုးချချိန်ဟာ မောင်ရစ်တို့ရဲ့ နောင်တခေတ်ဖြစ်တယ်။ ကလောင်ဦးလှည့်တာကတော့ ဘဝစုံ၊ ကာလစုံ၊ ကိစ္စစုံ၊ ခေတ်ဂနိုင်စုံ တောမြိုင်ကြီးထဲက မိုးမခပင်ကလေးနဲ့ သူရဲ့ ပျိုးလက်ရှင် မောင်ရစ်တို့ရဲ့ ဗီဇ၊ ဇာစ်မြစ်၊ ဘဝရှင်သန်မှုနဲ့ ရုန်းကန် အားမာန်တွေကို သဗ္ဗရနာမ်ပေါင်း သောင်းပြောင်းထွေလာ ပြောပြချင်တာ။
(၂)
မောင်ရစ်က သူ့မဂ္ဂဇင်းသစ်ကို ဆယ်နှစ်သက်တမ်း နံမယ်ဟောင်းနဲ့ပဲ ထုတ်မယ်။ “မိုးမခ” ။ မိုးမခသံကြားတော့ နှစ်ခြောက်ဆယ်ကျော်က ကဗျာပဲ့တင်သံ ကျုပ်နှလုံးသားကို ပွတ်တိုက် ရိုက်ခတ်လာတယ်။
၁၉ ၅၀ နှစ်များရဲ့ အစဦးပိုင်းလောက်မှာ မောင်ရစ်တို့ အဖိုး၊ ဆရာကြီး ဦးခင်မောင်လတ်က ရန်ကုန်တက္ကသိုလ် အင်္ဂလိပ်စာဌာနမှာ ကထိကလုပ်နေတယ်။ အဖွား ဒေါ်ခင်မျိုးချစ်က မြန်မာနိုင်ငံ ဘာသာပြန်စာပေအသင်း (စာပေဗိမာန်) မှာ အယ်ဒီတာလုပ်နေတယ်။ ကျူပ်ကလည်း အသက် ၂၀ ငယ်ငယ်ရွယ်ရွယ်နဲ့ စာပေဗိမာန်အယ်ဒီတာ ဖြစ်လာတယ်။
၁၉ ၅၂ မှာ ဒေါ်ခင်မျိုးချစ်ရော၊ သူတို့နဲ့အတူနေ ဦးသိန်းမောင် (စာရေးဆရာ ထင်လင်း) ရော ကျုပ်ပါ ဝိဇ္ဖာစာမေးပွဲ ဝင်ကြတယ်။ ဘာသာရပ်တူ (အင်္ဂလိပ်စာ၊ နိုင်ငံရေးဗေဒ၊ ဥရောပခေတ်သစ်သမိုင်း၊ ပင်ရင်းအင်္ဂလိပ်စာ) ဖြေကြတယ်။
အင်္ဂလိပ်စာပေ သင်ရင်း နိုင်ငံစုံစာပေရဲ့ ကဗျာတွေကို လေ့လာရတယ်။ မှတ်မိသလိုရှိနေသေးတဲ့ ကဗျာတွေထဲမှာ William C. William ရဲ့ “မိုးမခ” ကဗျာလေးပါတယ်။
မိုးမခပါတကား
နွေနှောင်းရက်ကျန်
ကာလလွန်ပြီ။
နေဒဏ်မှာ ရွက်မကြွေ
နေရှိန်မှာ မပျောင်း မခွေ
နှောင်းနွေ ရွက်ကျန်
မညို မဝါ မရွှေ။
တကိုယ်တော် မိုးမခရေ
ရေစပ်မြစ်ကမ်းပါး
သစ်အုပ်တွေကြားမှာ
အများနဲ့ ကင်းကင်း
မာန်ပြင်းအားနဲ့ မားမားရပ်တယ်။”
(William Carlos Williams (17 September 1883 – 4 March 1963 / New Jersey)
အဲဒီအချိန်က လွတ်လပ်ရေးတိုက်ပွဲဝင် စာရေးဆရာမကြီး ဒေါ်ခင်မျိုးချစ်တို့မိသားစု ရန်ကုန်တက္ကသိုလ် တကောင်းဆောင်ဝင်းကြီးထဲမှာ နေတယ်။ “အေးရိပ်သာ” ဆိုတဲ့ တန်း လျားလေးမှာ။ စာရေးဆရာ သော်တာဆွေတို့၊ ကဗျာဆရာမ ကြည်အေးတို့၊ နာမည်ကျော် အနုပညာရှင် တက္ကသိုလ်ကျောင်းသူ မလှသန်း (နောင် လေတပ်ဗိုလ်ကြီးမမ)။ င်္ပြးတော့ ကျုပ်တို့ရဲ့ စားအိမ်၊ သောက်အိမ်၊ အိပ်အိမ်၊ နားအိမ်၊ ကဗျာအိမ်၊ အကအိမ်၊ အလှအိမ်ပေါ့။ ကျုပ်က အဲဒီအချိန်က သထုံဆောင်မှာ နေတယ်။
“အေးရိပ်သာ” ဆိုတာက ဆရာကြီး မင်းသုဝဏ်ရဲ့ “အေးရိပ်သာတဲ့ ပင်ညောင်ညို” ဆိုတဲ့ ကဗျာကို ပဲ့တင်သံ၊ ရောင်ပြန်ဟပ်နေတဲ့ နေရာကလေးပေါ့။
ဒီနေ့ မောင်ရစ်တို့ နောင်ခေတ်မျိုးဆက်က မိုးမခ ပျိုးသစ်ချကြမယ်ဆိုတော့ “အေးရိပ်သာကို လွမ်းတယ်။ ပင်ညောင်ညိုဆိုတဲ့ အဖွဲ့ကိုလည်း အမှတ်ရတယ်။ ပင်ညောင်ညိုကြီးကလည်း “အေးရိပ်သာ” နားမှာပဲ ထီးထီးမားမားကြီး ရှိတာကိုး။ ပင်ညောင်ညိုဆိုတာ သူ့နည်းသူ့ဟန်နဲ့ မားမားရပ်တည်တယ်။ မြန်မာ့အားမာန် သစ်ပင်ကြီးပါတကား။ အကြောင်းအခြေအနေအရ မောင်ရစ်တို့ ပျိုးထောင်ကြမယ့် သတ္တိ အားမာန် ဉာဏ်တော်လှန် သစ်ပင်သစ်က မိုးမခ မဟုတ်။ ညောင်ညိုပင်ကြီးဖြစ်တယ် ဆိုလည်း ကျုပ်ကတော့ ရေကူလောင်းမှာပဲ။
မောင်ရစ်ဟာ ပင်ညောင်ညိုရိပ်မှာ မျိုးဇာစ် မြစ်စွဲ၊ မိုးမခကဗျာရိပ်မှာ ဉာဏ်သတ္တိ စွဲခဲ့သူပဲလေ။
မောင်ရစ်မှာ ခေတ်ဟောင်းကျော်၊ ခေတ်ကောင်းမျှော်၊ ခေတ်ညစ်ချိုး၊ ခေတ်သစ်ပျိုးနိုင်စွမ်း၊ သမိုင်းပြောင်တဲ့ မျိုးဇာစ် မြစ်စွဲရှိတယ်လေ။ ဉာဏ်ဇာတိစွဲ ရှိတယ်လေ။
ကြိုးစားပေါ့။
(၃)
မောင်ရစ်တို့ အမွှာမောင်နှမ လူ့ဘဝရောက်ကြတဲ့ ၁၉၆၈ မှာ မြန်မာသတင်းစာလောက၊ စာပေလောက ဆူဝေလှုပ်ခတ်နေပြီ။ နိုင်ငံရေး ရုန်းကန်လှုပ်ရှားမှု “အသေခံဗုံးတွေ” တအုန်းအုန်း ကွဲတယ်။ အာဏာရှင်ခေတ်ဆိုးကြီးရဲ့ ဖိနှိပ်ချုပ်ချယ်မှု ယန္တယားတွေကို ချိုးဖဲ့ ဖြုတ်သိမ်းဖို့ ကြိုးစားတဲ့ ရုန်းကန်မှုတွေ ဖြစ်ပေါ်တယ်။ လှုပ်ရှားမှုတွေဟာ အများကြီး ကိုယ်ကျိုးစွန့်ရတယ်။ ဖိနှိပ်မှု ဘေးရန်ကို အများကြီး ရင်ဆိုင်ရတယ်။
အဲဒီနှစ်တဝက်လောက်မှာ ဆိုဗီယက်လာ အရှေ့အုပ်စု ဆူပွက်တယ်။ လွတ်လပ်ခွင့်တောင်းဆိုမှုတွေ ပေါက်ကွဲလာတယ်။ ချက်ကိုစလိုဗက်ကီးယား၊ ဟန်ဂေရီ၊ အရှေ့ဂျာမဏီ၊ ပိုလန် စတဲ့ ကွန်မြူနစ်နိုင်ငံတွေထဲမှာ စာနယ်ဇင်းသမားတွေ၊ နိုင်ငံရေးသမားတွေ၊ ကျောင်းသားလူငယ်တွေက ပြည်သူ့လွတ်လပ်ခွင့်၊ နိုင်ငံရေးလွတ်လပ်ခွင့်၊ စားဝတ်နေရေး လွတ်လပ်ခွင့်တွေ တောင်းဆိုလာကြတယ်။ ရုန်းကန်လှုပ်ရှားမှုတွေ ပေါ်လာတယ်။ ဆိုဗီယက်က အင်အားသုံး တုန့်ပြန် ဖြိုခွင်းမှုတွေ လုပ်တယ်။
မြန်မာပြည်တွင်းမှာလည်း လှုပ်ရှားသံပေးလာတော့ အာဏာရှင်ဦးနေဝင်းက သူ့လူတွေကို စာနယ်ဇင်းထိပ်သီးတစုနဲ့ တွေ့ ရှင်းခိုင်းတယ်။
တော်လှန်ရေးကောင်စီဝင် ပြန်ကြားဝန်ကြီးဌာနဝန်ကြီး ဗိုလ်ချုပ်သောင်းဒန်၊ ပြန်ကြားရေးဝန်ကြီးဌာန အတွင်းဝန် ဒုဗိုလ်မှူးကြီး တင်ထွန်း၊ ပြန်ကြားရေးမူဝါဒ ညွှန်ကြားရေးမှူးသစ် ဗိုလ်မှူးသောင်းထိုက်နဲ့ အဖွဲ့တွေ တက်တယ်။ နေရာက မြန်မာအသံ ဧည့်ခန်းမမှာ။ မိုးတွင်းကြီး။
သတင်းစာဆရာကြီးတွေဖြစ်တဲ့ ဆရာကြီးရွှေဥဒေါင်း၊ ဦးသိန်းဖေမြင့်၊ ဆရာဇဝန၊ ဦးခင်မောင်လတ်၊ ဆရာတက်တိုး၊ ဦးဘကျော်၊ ဦးလှမြိုင်၊ ဦးသန်းစော၊ ကြေးမုံဦးသောင်းတို့ တက်ကြတယ်။ ကျုပ်လဲ ပါတယ်။
သတင်းလွတ်လပ်ခွင့် မရှိတာ၊ သတင်းမှောင်ချတာ၊ ပိတ်ဆို့တာ၊ သတင်းစာဆရာတွေကို စာရေးဝန်ထမ်းပမာ သဘောထားဆက်ဆံတာ စတဲ့အကြောင်းအရာတွေကို ဆွေးနွေးကြတယ်။
တင်ပြဆွေးနွေးရင်း ပေါက်ကွဲကုန်တယ်။ အတွင်းဝန်ဗိုလ်မှူးကြီးက သူတို့အထက်အမိန့်အရ လုပ်နေတာ။ ဘာမှဂရုမစိုက်ဘူး။ တပ်ပြန်သွားဖို့ အိပ်ရာအမြဲလိပ်ထားတယ်ဆိုတဲ့ စကားမျိုးနဲ့ ကြမ်းပြတယ်။ ကျုပ်ကလဲ ငုံ့မခံဘူး။ စစ်ဗိုလ်တွေက အပွင့်တွေ ကြယ်တွေ ရာထူးခန်းတွေနဲ့ တပ်ပြန်သွားကြမှာ။ ကျုပ်တို့က လမ်းပေါ် ဆင်းသွားမှာ။ ဘယ်ကို သွားရ၊ သွားရ စာနယ်ဇင်းလွတ်လပ်ခွင့်ကိုတော့ အရယူသွားမှာပဲဆိုတဲ့ စကားမျိုးနဲ့ ရမ်းပြတယ်။
ဆရာဦးခင်မောင်လတ်က “လူထုမှာ သတင်းသိပိုင်ခွင့် ရှိတယ်။ ဘယ်သူ မှ သတင်းပိတ်ခွင့် မရှိဘူး။ သတင်းတွေ ဘယ်သူ့အမိန့်နဲ့ ပိတ်သလဲ။ ဝန်ကြီးပိတ်သလား။ ဝန်ကြီးက ဘာကောင်မို့ ပိတ်ရမှာလဲ။ တော်လှန်ရေးကောင်စီဝင်က ပိတ်သလား။ တော်လှန်ရေးကောင်စီဝင်က ဘာကောင်မို့ ပိတ်ရမှာလဲ …” ဆိုတဲ့ စကားမျိုးနဲ့ သိမ်းကျုံးရိုက်တယ်။ ပွဲ လဲ ပျက်ကရော။
အကျိုးဆက်ကတော့ ဦးခင်မောင်လတ်ကို ပင်စင်ပေးတယ်။ ဒေါ်ခင်မျိုးချစ်က သူ့ဆန္ဒအလျောက် အလုပ်ထွက်တယ်။ ဆရာကြီးရွှေဥဒေါင်းက ကိုခင်မောင်လတ်မလုပ်ရင် ငါလဲ မလုပ်ဘူးဆိုပြီး ပင်စင်ယူတယ်။ ကျုပ်က မန္တလေးကို လွင့်တယ်။ ရန်ကုန်ဟံသာဝတီသတင်းစာကို မန္တလေး ရွှေ့ထုတ်ပေးရတယ်။ နောက်တော့ ကျုပ်လဲ ဟံသာဝတီက ပြုတ်တယ်။
အဲဒါတွေဖြစ်ပွားခဲ့တာ မောင်ရစ်တို့ မွေးတဲ့နှစ်မှာပဲ။ ဒီလိုနဲ့ မောင်ရစ်မှာ စာပေ စာနယ်ဇင်း လွတ်လပ်ခွင့် တိုက်ပွဲဝိဉာဏ် တွယ်ခဲ့တယ်။ အဲဒီစိတ်ဓာတ် အားမာန်ကို အသိဉာဏ် ပညာ ရင့်သန်သန်နဲ့ ယှဉ်တွဲကိုင်စွဲရင် မောင်ရစ်တို့မျိုးဆက် စာပေလွတ်လပ်ခွင့်တိုက်ပွဲ သမိုင်းအမွေဆက်ခံနိုင်မှာပဲ။ မောင်ရစ်တို့မျိုးဆက်ဟာ တော်လှန် မာန်ဈာန် ဉာဏ်သတ္တိတွေ ခိုင်ခိုင် နိုင်နိုင်ပိုင်ပိုင် ဖြိုင်ဖြိုင် မွေးကြရမှာပဲ။ အဲဒီစိတ်ထားဝတိ ံတွေကို အောင်ပွဲခံချိန် အောင်ပွဲခံနိုင်အောင် သူတို့ စွဲစွဲမြဲမြဲ ပျိုးထောင် မွေးမြူသွားကြရမှာပဲ။
(၄)
မောင်ရစ်တို့ မျိုးဆက် လူလားမြောက်ချိန်မှာ ဒီမိုကရေစီလူထုအရေးတော်ပုံကြီး သက်ဝင်လှုပ်ရှားတယ်။
ရှစ်လေးလုံးအရေးတော်ပုံကြီးရဲ့ အစဦးပိ်ုင်းရက်တွေမှာ စာပေစာနယ်သမားတွေ လက်တွဲဆန္ဒဖော်ထုတ်မှု ပေါ်ပေါက်လာတယ်။ အာဏာ ရှင်တွေက လူထုအုံကြွမှုကြီးကို အကြမ်းဖက်ဖြိုခွဲခဲ့တယ်။ အဲဒီရက်ရက်စက်စက် ချေမှုန်းမှုကြီးကို စာပေစာနယ်ဇင်းသမားတွေက ဆန့်ကျင် ကန့်ကွက်ခဲ့ကြတယ်။ ဒီမိုကရေစီတောင်းဆိုချက်တွေ ဖော်ထုတ်ခဲ့ကြတယ်။
ကျုပ်တို့ (ဝင်းခက်ရယ်၊ လေသူရဲတဦးရယ်) ဒေါ်ခင်မျိုးချစ်အိမ်ရောက်သွားတယ်။ နေ့လည်ပိုင်းက မောင်သော်ကအိမ်မှာ ကျုပ်ရယ်၊ မောင်သော်ကရယ်၊ မောင်ကိုယုရယ်၊ ဝင်းခက်ရယ်၊ လေသူရဲတဦးရယ်၊ စာပေစာနယ်ဇင်းသမားတွေရဲ့ ဆန္ဒသဘောထား ကျေညာချက် စာတန်းကို ရေးဆွဲ လက်မှတ်ထိုးခဲ့တယ်။ အဲဒီကတဆင့် ကာတွန်းငွေကြည်အိမ်သွားတယ်။ သဘောတူ လက်မှတ်တောင်း တယ်။ ဒုတိယ ဆရာကြီး မင်းသုဝဏ်အိမ်သွားတယ်၊ လက်မှတ်တောင်းတယ်။ ဒေါ်ခင်မျိုးချစ်အိမ်က တတိယရောက်တဲ့ အိမ်ပဲ။
ဒေါ်ခင်မျိုးချစ်က အိပ်ရာထဲ လဲနေတယ်။ ကျုပ်တို့အဖွဲ့က စာပေစာနယ်ဇင်းသမားတွေရဲ့ ကျေညာစာတန်းကို ပြတယ်။ သဘောတူ လက်မှတ်တောင်းတယ်။ အမကြီးက အပြေးအလွှားဖတ်ကြည့်တယ်။ ဖတ်လဲပြီးရော ငိုလိုက်တာ။ ဟီးချလို့၊ ချုံးပွဲချလို့ ငိုတာ။ ကျုပ်ကို ဖက်အော်တယ်။
“ကိုဝင်းတင်ရေ … ရှင်လုပ်ဖော်ရတယ်။ ကျေးဇူးတင်တယ်။ ဝမ်းသာလိုက်တာ” တဲ့။
သူ့တမျက်နှာလုံးကတော့ မျက်ရည်အိုင်ထွန်းလို့။
“ကိုလတ်ရေ … သားကြီးခေါ်၊ သမီးကြီးခေါ်။ မြေးအမွှာ ခေါ်။ အားလုံးလက်မှတ်ထိုးကြမယ်။”
အမကြီးက ဦးခင်မောင်လတ်ကို ခိုင်းတယ်။
အမကြီးက ကျေညာစာတန်းကို တရမ်းရမ်းလုပ်ရင်း ကျယ်ကျယ်လောင်လောင် အော်နေတယ်။ ကျမက ဒါမျိုးဆို ထိပ်ဆုံးက လက်မှတ်ထိုးချင်တာရှင့် … တဲ့။ ကျုပ်က ရပါတယ်။ အမကြီး စိတ်ကြိုက်လုပ်လို့ ဖြေတယ်။ အမကြီးက သူ့နံမယ်ရေးထားတဲ့ နံပတ်ရှစ်ကနေ ထိပ်ဖျားကို မျဉ်းကြောင်းရှည်ကြီး ကန့်လန့်ဆွဲတယ်။ စာရွက်ထိပ်ဖျားမှာ “ခင်မျိုးချစ်” စာလုံးကြီးကြီး လက်မှတ်ကြီးကြီး ထိုးလိုက်တယ်။
အဖိုး အဖွားတွေ အောက်မှာ မောင်ရစ်နဲ့ အမွှာညီမ ဂျူနီယာဝင်း လက်မှတ်ထိုးကြတယ်။
“မင်းတို့ အရေးတော်ပုံထဲ ရောက်ပြီ။ သစ္စာမြဲကြ” လို့ ဒေါ်ခင်မျိုးချစ်က သူ့မြေးတွေကို ပြောတယ်။
ကျုပ်ရင်ထဲမှာတော့ တုန်ခါလှိုက်ခုန်နေတယ်။ အံ့သြဘနန်းအဖြစ် ဆရာမကြီးကို ငေးငိုင်ကြည့်နေမိတယ်။ အရေးတော်ပုံတပ်သားတွေ တိုးပွားလာပုံက အားရစရာကြီးပါကလား။ မျိုးဆက်သုံးဆက်လုံး တရက် တချိန် တအိမ် တနေရာထဲမှာ အရေးတော်ပုံသစ္စာဆိုလာကြတာပါကလား။ ဝမ်းမြောက်လိုက်တာ။ အံ့သြလိုက်တာ။ အားရှိလိုက်တာ။
(၅)
မောင်ရစ်တို့ နောင်ခေတ်မျိုးဆက်ဟာ နယ်ချဲ့ဆန့်ကျင်တိုက်ပွဲဝင် သတင်းစာဆရာ၊ စာရေးဆရာ၊ ကဗျာဆရာ၊ နိုင်ငံရေးသမား ဗီဇဝိဉာဉ်ကို အမွေခံခဲ့တယ်။ အာဏာရှင်ဖိနှိပ်ချုပ်ချယ်မှုကို အံတု အာခံသူများဘဝ ခံယူခဲ့တယ်။ ရှစ်လေးလုံးအရေးတော်ပုံကြီးမှာ တတိယမျိုးဆက် အရေးတော်ပုံတပ်သားဘဝနဲ့ လူလားမြောက်ခဲ့တယ်။
ဟော - ဒီအချိန်မှာတော့ သူတို့မျိုးဆက်က မောင်ရစ်တို့ နောင်ခေတ်အတွက် “မိုးမခ” ပျိုးချနေကြလေပြီ။
မျိုးဆက်သစ် မိုးမခ ဟာ ...
“နေဒဏ်မှာ ရွက်မကြွေ
နေရှိန်မှာ မပျောင်းမခွေ
နှောင်းနွေရက်ကျန် မညို မဝါ မရွှေ …”
ဆိုတဲ့အရေးတော်ပုံဂုဏ်ရည်တွေနဲ့ ပြည့်လျမ်းနေလိမ့်မယ်လို့ ယုံကြည်မျှော်လင့်ပါရဲ့။
မောင်ရစ်တို့ရဲ့ မျိုးဆက်တွေရေ … နိုင်ငံရေးအခြေခံ ပန္နက်ခိုင်ခိုင်စိုက်တဲ့ စာပေအားမာန် စွမ်းရည်နဲ့ ခေတ်ဝန်ကို နိုင်နိုင်ထမ်း၊ ခေတ်လမ်းကို ကျဲကျဲလှမ်းနိုင်ကြပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။
ကျုပ်နဲ့ မောင်ရစ် တလောက ရန်ကုန်မှာ ဆုံဖြစ်လိုက်တယ်။ ကျုပ်ပြောလိုက်တဲ့ စကားတခွန်း မှတ်မိဦးမယ် ထင်ရဲ့။ “ဒီနေ့ နိုင်ငံရေးက လမ်းခုလတ် ရောက်နေတာ မဟုတ်ဘူး။ ဒို့ ဒီနေ့ ရောက်နေတာက နိုင်ငံရေးလမ်းဆုံလမ်းခွ ကွ။ ဒီမိုကရေစီအပြောင်းအလဲ၊ အရွေ့အလျားတွေ လမ်းခွဲကို ရောက်နေတာဟေ့။ လမ်းဟောင်းကို ဆက်ညောင်းနေဖို့ မဟုတ်ဘူး။ လမ်းချော လမ်းဖြောင့် ရွေးကြရတော့မယ်။ လမ်းဆုံးမှာ ရွာတွေ့မယ့် လမ်းမှန်ကို ရွေးကြရတော့မယ်။
မောင်ရစ်တို့ မျိုးဆက်သစ်နဲ့ မိုးမခ လမ်းမှန်ပါစေ။ ရှင်သန်ပါစေ။ လမ်းဖြောင့်ပါစေ။ စွမ်းတောင့်ပါစေ။
- ဟံသာဝတီဦးဝင်းတင်
(စာကြွင်း …)
မောင်ရစ်ရေ …
မင်းရဲ့ မိုးမခအကြို တော်လှန်မာန်ဈာန် ဉာဏ်သတ္တိကို ၁၉၈၀ နှစ်များလောက်တုန်းက ကျုပ်ယုံကြည်စိတ်ချ မျှော်လင့်အားထားခဲ့တယ်။ ကိုရင်တို့ ဝင်နွှဲတဲ့ စီးပွားရေးတက္ကသိုလ် ကာတွန်းပြပွဲမှာ ကိုရင့်ကာတွန်း အနုပညာလက်ရာတခုကို ကျူပ် အကဲဖြတ်ခဲ့ဖူးတယ်။ မှတ်မိ သေးလား။ ဒီနေ့လည်း ဒီသုံးသပ်ချက်အတိုင်းပဲ။ ကိုရင့်ရဲ့ နိုင်ငံရေးစာပေစွမ်းအားကို ကျုပ်ယုံကြည်အားထားဆဲပဲ။ အဲဒီအချိန်က ကျုပ်ရဲ့သုံးသပ်ချက်လေးကို မှတ်မိသတိရသေးလား။ မှတ်မိသတိရသေးရင် ကျုပ်ရဲ့ ဒီဆောင်းပါးအဆုံးမှာ ဖော်ပြလိုက်ပါကွယ်။
ဟံသာဝတီဦးဝင်းတင်
ဖေဖော်ဝါရီ ၈၊ ၂၀၁၄
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar
