Breaking News

ကြေးမုံဦးသောင်း (အောင်ဗလ) ၈၂ နှစ် (ဗမာခေတ်မှသည် ကြေးမုံ၊ ကြေးမုံမှသည် ခေတ်ပြိုင်နဲ့ မိုးမခဆီသို့)



ကြေးမုံဦးသောင်း (အောင်ဗလ) ၈၂ နှစ် 
(ဗမာခေတ်မှသည် ကြေးမုံ၊ ကြေးမုံမှသည် ခေတ်ပြိုင်နဲ့ မိုးမခဆီသို့)
မောင်ရစ် (မိုးမခ) ဧပြီ ၄၊ ၂၀ဝ၈

(မိုးမခဆိုက်အဟောင်းက ဖောင့်အ ဟောင်းနဲ့ စာမူကို ပြန် ပြင်ဆင်ပြီး တလိုက်ပါတယ်၊ မြန်မာနဲ့ ကမ္ဘာမီဒီယာတွေကို ရန်သူလို သဘောထားတာတွေ များလာတဲ့ အချိန်မှာ သတင်းစာသမားစစ်စစ်တွေကို သတိရမိလို့)

မြန်မာပြည်ရဲ့ သံမဏိသက်ရှည် သတင်းစာဆရာကြီး၊ မြန်မာပြည် အာဏာရှင်ခေတ်အဆက်ဆက်၏ မတရားမှုများကို ကလောင်လက်နက်၊ သတင်းစာလက်နက်ဖြင့် တိုက်ခိုက်သူ တော်လှန်သော သတင်းစာဆရာ၊ စာရေးဆရာ ဦးသောင်း (အောင်ဗလ) ကွယ်လွန်သွားတဲ့အတွက် မိုးမခ စာနယ်ဇင်းအဖွဲ့က ဝမ်းနည်းကြောင်း မှတ်တမ်းပြုလိုက်ပါတယ်။

ဆရာကြီးဟာ ၁၉၄၇ ခုနှစ်၊ အသက် ၂၀ ကျော်ကတည်းက သတင်းထောက်တဦးအဖြစ်ရပ်တည်၊ ဗမာခေတ်သတင်းစာကနေပြီး သတင်းစာဆရာ မျိုးစေ့ကိုချ၊ ကိုယ်တိုင် ကြေးမုံသတင်းစာတိုက်ကြီးကို ထူထောင်၊ စစ်အာဏာရှင်များရဲ့ နည်းမျိုးစုံနဲ့ ဖိနှိပ်မှုများကို ကြံ့ကြံ့ခံ၊ လောကဓံကိုလည်း ကြံ့ကြံ့ခံ၊ ပြီးတော့ ၁၉၇၇ (သတင်းစာသမားသက် ၃၀ မှာ) ချစ်တဲ့ မြန်မာပြည်နဲ့ သူ့သတင်းစာလောကကို စွန့်ခွာပြီး ပြည်ပကို ထွက်ခွာခဲ့၊ ပြည်ပမှာ မြန်မာပြည်နိုင်ငံရေး ရှုပ်သမျှကို ဖော်ထုတ်တဲ့ စာအုပ်များ၊ ဆောင်းပါးများ၊ အသံလွှင့်ချက်များ အဆက်မပြတ် ရေးသားပြီး သတင်းစာသမားတာဝန်ကို ကိုယ်ထူကိုယ်ထ ကိုယ်ခြေထောက်ပေါ်ကိုယ်ရပ်လို့ ရပ်တည်ခဲ့သူ ဖြစ်ပါတယ်။ ခေတ်ပြိုင်ဂျာနယ်ရဲ့ အယ်ဒီတာချုပ်အဖြစ်လည်း တောက်ပြောင်တဲ့ ခေါင်းကြီးတွေ ရေးသားခဲ့ပါတယ်။ ၂၀ဝ၇ မှာ ဆရာကြီး သတင်းစာသမားအသက် ၆၀ ပြည့်ခဲ့တယ်။ ပြည်တွင်းမှာ နှစ် ၃၀၊ ပြည်ပမှာ နှစ် ၃၀ သတင်းစာသမားအဖြစ် ရပ်တည်နိုင်သူဟာ ဆရာကြီး ဦးသောင်း (အောင်ဗလ) ပဲ ဖြစ်ပါတယ်။

မိုးမခ စာနယ်ဇင်းလို နောက်ပေါက်စာစောင်တွေမှာလည်း ကလောင်လက်နက်နဲ့ ဝင်ထမ်းပြီး စေတနာဝန်ထမ်း ကူညီလမ်းညွှန်ပြသမှုတွေ ဆောင်ရွက်ပေးခဲ့ပါတယ်။ နေ့ နေ့ ည ည စား စား သွား သွား မြန်မာပြည်ကြီးနဲ့ မြန်မာပြည်သားတွေ ပြီးတော့ မြန်မာပြည် စာနယ်ဇင်းလောကကြီး စစ်အာဏာရှင်အောက်က လွတ်မြောက်ရေးအတွက် စာတွေ အဆက်မပြတ်ရေးပြီး တသက်တာလုံး အများအကျိုးအတွက် ရဲဝံပြောင်မြောက်စွာ ရပ်တည်သွားတဲ့ တော်လှန်သော သတင်းစာဆရာ၊ စာရေးဆရာကြီး လို့ မှတ်တမ်းတင်လိုက်ပါတယ်။

ဗမာခေတ်ကနေ ကြေးမုံသို့ ဆိုတဲ့ ပြည်တွင်း စာနယ်ဇင်းလောကကနေ ဆရာကြီး တစိုက်မတ်မတ် ယုံကြည်ချက်ကို ထူထောင်ရပ်တည်ချီတက်ခဲ့ရာမှာ ကြေးမုံမှသည် ခေတ်ပြိုင်၊ ခေတ်ပြိုင်မှသည် မိုးမခ အထိ သတင်းစာဆရာ၊ စာရေးဆရာတဦးရဲ့ သမိုင်းကို ရေးထိုးခဲ့ပြီး ဖြစ်တဲ့ ဦးသောင်းကို မြန်မာပြည်စာနယ်ဇင်းသမားများက အလေးအနက် စံထား အလေးအမြတ်ပြုရမှာ ဖြစ်ပါတယ်။

၂၀ဝ၇ ဇူလိုင်လ ဆရာဦးတင်မိုး ကွယ်လွန်ခြင်း ၆လပြည့် စာပေဆွေးနွေးပွဲမှာ ဆရာကြီး ကျန်းမာရေးမကောင်းတဲ့ကြားက လာရောက် ချီးမြှင့်ခဲ့ပါတယ်။ ဆရာကြီးအလွန်စိတ်ဝင်စားတဲ့ စာပေကဗျာတွေကို မောင်စွမ်းရည်၊ ဦးဝင်းဖေ၊ တင်မောင်သန်းတို့နဲ့ ချစ်ခင်ရင်းနှီးစွာ ဆွေးနွေးခဲ့ကြတာဟာ မိုးမခ စာနယ်ဇင်းအဖွဲ့၊ စာပေချစ်သူများနဲ့ ဆရာကြီးပရိသတ်၊ ဆရာဦးတင်မိုး ပရိသတ်တို့အတွက် ထာဝရ အမှတ်တရပဲ ဖြစ်ပါတယ်။

သူက မောင်ရစ်အတွက်၊ မိုးမခ စာနယ်ဇင်းအဖွဲ့ ပေါက်စနလေးအတွက် သယ်ဆောင်လာတဲ့ စကားလက်ဆောင်တခုပေးပါတယ်။ ဆရာကြီးနဲ့ ခေတ်ပြိုင်၊ ရှေ့ဆင့်နောက်ဆင့် သတင်းစာလုပ်ငန်းလုပ်ခဲ့ကြတဲ့ ဦးခင်မောင်လတ်နဲ့ ဒေါ်ခင်မျိုးချစ် တို့ အကြောင်းပါ။ စစ်အာဏာရှင်တွေက မောင်ရစ် အဖိုးနဲ့အဖွားဖြစ်တဲ့ ခင်မောင်လတ်နဲ့ ခင်မျိုးချစ်ကို သူတို့လုပ်ကိုင်နေတဲ့ သတင်းစာအလုပ်တွေကနေ ဖယ်ရှားဖို့အတွက် သံအမတ်ကြီးရာထူးတွေနဲ့ မက်လုံးပေးခဲ့ဘူးပါတယ်။ ရာထူးတွေ၊ ငွေတွေနဲ့ လဲဖို့ အပေးအယူလုပ်ခဲ့ဘူးပါတယ်။ သူတို့မောင်နှံက ငွေတွေ၊ ရာထူးတွေနဲ့ အခွင့်အရေးကို မရွေးဘဲ အစိုးရသတင်းစာလုပ်ငန်းက နုတ်ထွက်ပြီး စာရေးဆရာအလုပ်၊ ကျောင်းဆရာအလုပ် ကိုလုပ်ပြီး ကိုယ်ယုံကြည်ရာကိုသာ ရွေးချယ်ရပ်တည်သွားခဲ့ကြပါသတဲ့။ အဲဒီစကားကို သူ ခရီးတွေ မိုင်ပေါင်းများစွာ အဝေးကြီးက၊ အချိန်တွေ နှစ်ပေါင်းများစွာ အကြာကြီးက သယ်ဆောင်ပြီးတော့ မောင်ရစ်တို့အတွက်၊ မိုးမခအတွက် သစ္စာစကားလက်ဆောင် ပေးခဲ့တာပါ။

ဆရာကြီးကို မိုးမခက မေးတော့ ဖြေကြားသွားတဲ့ စကားတခွန်းရှိပါတယ်။ သူ့တသက်မှာ ဂုဏ်အယူဆုံး၊ ကျေနပ်မှုအရှိဆုံးနဲ့ ဘယ်တော့မှ နောင်တမရတဲ့ ဘဝဟာ အခု တသက်လုံးရပ်တည်ခဲ့တဲ့ သတင်းစာသမား၊ စာရေးဆရာတယောက်ရဲ့ ဘဝ ပဲတဲ့။

ကြေးမုံဦးသောင်း (အောင်ဗလ) ကား ကွယ်လေပြီ။ ကြေးမုံဦးသောင်း (အောင်ဗလ) သမိုင်းမော်ကွန်းကား မြန်မာပြည် စစ်အာဏာရှင်လွတ်မြောက်ရေးတိုက်ပွဲနှင့်အတူ တွင်ရစ်ပါစေသတည်း။


Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar