အာဏာသိမ်း စစ်တပ်က ဒီးမော့ဆိုမြို့ ကို ပြန်လည်သိမ်းယူနိုင်ခဲ့ကြောင်း ကြေညာ၊ ရွေးကောက်ပွဲနဲ့ ဆက်စပ်နေတဲ့ စစ်ကော်မရှင်တပ်ရဲ့ ထိုးစစ်တွေ
မြန်မာနွေဦးခရိုနီကယ် - သြဂုတ် ၁၉ မြင်ကွင်း
(မိုးမခ) ဩဂုတ် ၂၀၊ ၂၀၂၅
အာဏာသိမ်း စစ်တပ်က ဒီးမော့ဆိုမြို့ ကို ပြန်လည်သိမ်းယူနိုင်ခဲ့ကြောင်း ကြေညာ၊ ရွေးကောက်ပွဲနဲ့ ဆက်စပ်နေတဲ့ စစ်ကော်မရှင်တပ်ရဲ့ ထိုးစစ်တွေ
၂၀၂၃ ခုနှစ် နိုဝင်ဘာလ ဝန်းကျင်မှာ ကရင်နီ(ကယား) ပြည်နယ်က KNDF နဲ့ အခြားတော်လှန်ရေးအင်အားစုတွေ ပူးပေါင်းပြီး တိုက်ခိုက်သိမ်းယူခဲ့ကြတဲ့ ဒီမော့ဆိုမြို့ကို မကြာသေးခင်သီတင်းပတ်တွေက စတင်ကာ ထိုးစစ်ဆင်ခဲ့ပြီးနောက် ပြန်လည်သိမ်းယူနိုင်ခဲ့ကြောင်း အာဏာသိမ်း စစ်ကော်မရှင်အဖွဲ့က သြဂုတ်လ ၁၉ ရက်နေ့က သတင်းထုတ်ပြန်ပြီး ကြေညာခဲ့ပါတယ်။
၂၀၂၃ ခုနှစ် အောက်တိုဘာ ၂၇ ရက်နေ့ ၁၀၂၇ စစ်ဆင်ရေး ရှမ်းပြည်မြောက်ပိုင်းမှာ စတင်ပြီးနောက် ရက်အနည်းငယ်အကြာမှာ ကရင်နီ(ကယား) ပြည်မှာလည်း နိုဝင်ဘာ ၁၁ ရက်နေ့ မှ စတင်ကာ လွိုင်ကော်မြို့နဲ့ ဒီမော့ဆိုမြို့တွေကို ထိုးစစ်ဆင်တိုက်ခိုက်ပြီး ဒီမော့ဆိုမြို့ကို သိမ်းယူခဲ့တာ ဖြစ်ပါတယ်။ တော်လှန်ရေး အင်အားစုတွေ ၁ နှစ်ခွဲကျော် ၂ နှစ်နီးပါး ထိန်းချုပ်ထားခဲ့တဲ့ ဒီမော့ဆိုကို အခုအခါ စစ်ကော်မရှင်တပ်တွေက ထိုးစစ်ပြန်ဆင်ပြီး သီတင်းပတ် အနည်းငယ်အကြာမှာ အပြည့်အဝ ထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း ကြေညာခဲ့တာတွေ့ရပါတယ်။
အခုလို ဒီမော့ဆိုကို မသိမ်းနိုင်မီကတည်းက ၂၀၂၃ နဲ့ ၂၀၂၄ ခုနှစ် အစပိုင်းတွေမှာ တပြန်တလှန်တိုက်ခိုက်နေခဲ့ပြီး မြို့ထဲ နှစ်ဖက်ဆိုင်ကာ တိုက်ခိုက်မှုတွေ လနဲ့ချီဖြစ်ပွားပြီးနောက် လွိုင်ကော်မြို့ကနေ တော်လှန်ရေး အင်အားစုတွေ ပြန်လည်ဆုတ်ခွာခဲ့ကာ ဒီမော့ဆိုကို ဆက်လက်ထိန်းချုပ်ထားခဲ့တာ ဖြစ်ပါတယ်။ ကရင်နီ(ကယား) ပြည်ရဲ့ အခြားသော ဒေသတွေဖြစ်တဲ့ မဲ့စယ်၊ ဖားဆောင်း၊ စတဲ့ဒေသနဲ့ မြို့တွေက တော်လှန်ရေး အင်အားစုတွေ ထိန်းချုပ်ထားပြီး အာဏာသိမ်း စစ်တပ်အနေနဲ့ ဘော်လခဲမြို့ ဖရူဆိုမြို့တွေကိုသာ ထိန်းချုပ်ထားတာ တွေ့ရပါတယ်။
စစ်ကော်မရှင် တပ်တွေအနေနဲ့ ဒီမော့ဆိုကို ထိုးစစ်ဆင်လာတဲ့ ရည်ရွယ်ချက်က ဘာလဲဆိုတာ ရှင်းရှင်းလင်းလင်း မသိနိုင်ပေမယ့် မကြာသေးခင် မိုးဗြဲမြို့ကို ပြန်လည်သိမ်းယူနိုင်ခဲ့တာ၊ ပင်လောင်းလမ်းကို ပြန်လည် ထိန်းချုပ်နိုင်ခဲ့တာတွေက ကရင်နီ(ကယား) ပြည်နယ်မှာ လက်လွှတ်ဆုံးရှုံးထားခဲ့တဲ့ နယ်မြေအချို့နဲ့ မြို့အချို့ကို ပြန်လည် ထိန်းချုပ်ဖို့ ကြိုးစားပြီး နှစ်ကုန်မှာ ကျင်းပမယ့် ရွေးကောက်ပွဲ အတွက် မြို့နယ်အရေအတွက် တိုးလာအောင် ကြိုးပမ်းမှုအဖြစ် မှန်းဆကောက်ချက် ချမှုတွေလည်း ရှိနေတာ ဖြစ်ပါတယ်။
ဒီမော့ဆိုမြို့ ပြန်လည်သိမ်းယူတဲ့ ထိုးစစ်က ယခုလ ၄ ရက်နေ့က စတင်တာဖြစ်ပြီး သီတင်း ၂ ပတ်ကျော်ကာလအတွင်း မြို့ကိုပြန်လည် သိမ်းယူနိုင်ခဲ့တဲ့ အနေအထားဖြစ်တာကြောင့် တော်လှန်ရေး အင်အားစုတွေ အနေနဲ့ ပြင်းပြင်းထန်ထန် ခုခံနိုင်တဲ့ အခြေအနေမျိုး ရှိမနေတဲ့ သဘောလို့ ကောက်ချက်ချရမှာ ဖြစ်ပါတယ်။
စစ်ကော်မရှင် ရဲ့ ထုတ်ပြန်ချက်ထဲမှာ ရန်သူ (တော်လှန်ရေးအင်အားစု)တွေဘက်က အလောင်း ၆ လောင်းနဲ့ လက်နက်မျိုးစုံ ၅ လက် သိမ်းဆည်းရမိခဲ့တယ်လို့ ဖေါ်ပြထားပြီး ၄င်းတို့ဘက်ကလည်း အထိခိုက်သေဆုံးမှုရှိခဲ့တယ်လို့ ဖေါ်ပြထားပါတယ်။ ဘုရားကျောင်းတွေ၊ ဆေးရုံ/ဆေးခန်းနဲ့ လူနေအိမ်တွေမှာ ဘန်ကာတွေ တည်ဆောက်ထားပြီး အကာအကွယ်ယူထားတယ် ဆိုတဲ့အချက်ကို သတင်းဓါတ်ပုံတွေနဲ့ ဝါဒဖြန့်ပြောဆိုထားတာ တွေ့ရပါတယ်။ အခုလို ဓါတ်ပုံနဲ့တကွ ဝါဒဖြန့်ခြင်းဟာ လေကြောင်း တိုက်ခိုက်မှုတွေကြောင့် ဘာသာရေး အဆောက်အဦ၊ စာသင်ကျောင်းတွေ ထိခိုက်ပျက်စီးတဲ့ အဖြစ်အပျက်တွေ သေဆုံးမှုတွေအတွက် ဆင်ခြေပေးဖို့ ရည်ရွယ်ချက်နဲ့ လုပ်ဆောင်တဲ့ သဘောလို့ ယူဆရပါတယ်။
ကြေညာချက်ထဲမှာ လွိုင်ကော်နဲ့ ရှမ်းပြည်နယ် တောင်ပိုင်းဆက်သွယ်ထားတဲ့ ဆီဆိုင်-လွိုင်ကော်လမ်း၊ လွိုင်ကော်မြို့ကို အောင်ပန်းက တဆင့်သွားတဲ့ ပင်လောင်း-ဆောင်းပြောင်း-ဖယ်ခုံ_မိုးဗြဲ-လွိုင်ကော်လမ်းတွေကို မေလ နဲ့ ဇူလိုင်လတို့မှာ အသီးသီး ထိန်းချုပ်နိုင်ခဲ့တယ်လို့ လည်း ဖေါ်ပြထားတာတွေ့ရပါတယ်။
အခုအနေအထားအရ ဆို စစ်ကော်မရှင် တပ်တွေ အနေနဲ့ ရှမ်းတောင်ကနေ ကရင်နီ(ကယား)ပြည်ဘက်ကို ဆက်သွယ်ထားတဲ့ ကားလမ်းတွေကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့တဲ့ အနေအထားဖြစ်ပြီး လွိုင်ကော်၊ ဒီမော့ဆိုတို့ကို ခြေကုပ်ယူပြီး ကရင်နီ(ကယား) ပြည်ထဲက လက်လွှတ်ဆုံးရှုံးထားရတဲ့ နယ်မြေတွေကို ပြန်လည် ရယူဖို့ကြိုးစားမယ့် အရိပ်အယောင်တွေလည်း မြင်တွေ့နေရတာ ဖြစ်ပါတယ်။
အခု ထိုးစစ်တွေ နဲ့ နှစ်ကုန်ကျင်းပမယ့် ရွေးကောက်ပွဲ ဆက်စပ်မှု ရှိသလားလို့ မေးရင် အတိုင်းအတာတခုထိ ဆက်စပ်မှုရှိနေတယ်လို့ ဆိုရပါမယ်။ အာဏာသိမ်း စစ်တပ်အနေနဲ့ ရွေးကောက်ပွဲ ကျင်းပနိုင်တဲ့ မြို့နယ်အရေအတွက် တတ်နိုင်သရွေ့များများ ရအောင် ကြိုးပမ်းနေတာ ထင်ရှားပါတယ်။ တနိုင်ငံလုံးမှာ မြို့နယ် ၃၃၀ ရှိတဲ့အနက် မြို့နယ် အရေအတွက် ဘယ်လောက်ရမှ သို့မဟုတ် ရာခိုင်နှုန်းဘယ်လောက် ပြည့်မှီမှ ရွေးကောက်ပွဲ အထမြောက်တယ်ဆိုတဲ့ ဥပဒေ သတ်မှတ်ချက် မရှိသော်လည်း လက်ရှိအနေအထားအရ တော်လှန်ရေးအင်အားစုတွေ ဘက်က ၁၀၀ ဝန်းကျင် သိမ်းယူထားတာကြောင့် မြို့နယ်အရေအတွက်ရဲ့ ၃ပုံ ၂ ပုံ သာ စစ်ကော်မရှင်လက်ထဲမှာ ရှိနေပြီး ဧရိယာနယ်မြေအားဖြင့် ဆိုရင် ဒိထက်နည်းပါးတယ်လို့ ဆိုနိုင်ပါတယ်။ ချင်း၊ ကရင်နီ(ကယား)၊ ကချင်၊ ကရင်၊ ရှမ်းပြည်နယ် မြောက်ပိုင်း၊ စစ်ကိုင်း၊ မကွေး၊ ပဲခူးတို့မှာ နယ်မြေအများအပြားကို စစ်ကော်မရှင်ကို ဆန့်ကျင်တိုက်ခိုက်နေကြတဲ့ EROs, PDF, ပကဖ နဲ့ အခြားသော ဒေသအလိုက်ဖွဲ့စည်းထားတဲ့ ကာကွယ်ရေး တပ်ဖွဲ့တွေက ထိန်းချုပ်ထားကြတာ ဖြစ်ပါတယ်။
ရွေးကောက်ပွဲ ကျင်းပဖို့ ၄ လခန့်အလို အချိန်မှာ စစ်ကော်မရှင်တပ်တွေ ထိုးစစ်ဆင်နေတဲ့ ဒေသတွေကို လေ့လာဆန်းစစ်ကြည့်ရင် ကရင်ပြည်နယ်မှာ မြဝတီ-ကော့ကရိတ် အာရှလမ်းပိုင်းကို ပြန်လည်ရဖို့ ရည်ရွယ်တဲ့ ထိုးစစ်၊ ကချင်ပြည်နယ်မှာ ဖားကန့်ဒေသကို အင်အားထောင်ဂဏန်းနဲ့ ချီတဲ့ ထိုးစစ်၊ ချင်းပြည်နယ် တောင်ပိုင်းအစပ် ယောနယ်ကို ပေါက်ဘက်ကနေ တက်လာနေတဲ့ စစ်ကြောင်း၊ မန္တလေးတိုင်း သပိတ်ကျဥ်း နဲ့ မိုးကုတ်မြို့နယ်တဝိုက်က ထိုးစစ်၊ ရှမ်းပြည်နယ် မြောက်ပိုင်း နောင်ချိုမြို့ရပြီးနောက် ကျောက်မဲမြို့ကို ဦးတည်နေတဲ့ ထိုးစစ်နဲ့ ကရင်နီ (ကယား)ပြည်က ဒီမော့ဆို ပြန်လည် သိမ်းယူတဲ့ ထိုးစစ်တွေ ဖြစ်ပါတယ်။
တော်လှန်ရေး အင်အားစုတွေ အနေနဲ့ ၁၀၂၇ စစ်ဆင်ရေး ပထမပိုင်း နဲ့ ဒုတိယပိုင်းမှာ စုပေါင်းပြီး ထိုးစစ်ဆင်ခဲ့ကြပေမယ့် အခုလို ခံစစ် အနေအထားမှာ စုစည်းပြီးခုခံကြတာမျိုးတော့ မတွေ့ရသေးတဲ့ အနေအထားလည်း ဖြစ်ပါတယ်။
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar