Breaking News

ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - ခွေးရက်တဲ့ ထညက်လုံး

ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - ခွေးရက်တဲ့ ထညက်လုံး

မိုးမခ ၊ ဩဂုတ် ၂၀ ၊ ၂၀၂၅


ခွေးရက်တဲ့ ထညက်လုံး ဆိုတာ ခုတော့ မျက်ဝါးထင်ထင်မြင်ရပြီ။ 

NLDကတဲ့၊ စစ်တပ်နဲ့ နိုင်ငံရေးအရ လက်တွဲ မလုပ်ကိုင်လိုမှုကြောင့်တဲ့၊ မသမာမှုလုပ်ဆောင်ခဲ့တာတဲ့။ မှင်စာက ဘီလူးကို မုဒိမ်းကျင့်တယ်လို့ ပြောသလိုမျိုး။ ကြက်က ငှက်ဆင်ကို ဖျင်ချတယ်ပြောသလိုမျိုးလေ။ စစ်တပ်နဲ့ နိုင်ငံရေးကလည်း ခေါင်းပေါင်းနဲ့ မယ်သီလ၊ ဘီးနဲ့ဘုန်းကြီး၊ မီးနဲ့ရေ၊ ရွှေနဲ့ချီး၊ အီးနဲ့နံ့သာ ဘာမှမဆိုင်။ တပ်နဲ့လက်မတွဲချင်တာနဲ့ မသမာမှု လုပ်ရတယ်က ရှိသေး၊ တကမ္ဘာလုံးက ပစ်ပြေးအောင် ဝီ စတန်း ဝစ်ပေးခဲ့တာမှ အားမနာ။

ဆက်ပေါတာကြီးကလဲ ရေထဲမျောလာတဲ့အီးတုံးတွေလို လုံးလုံးအိအိနွဲ့နွဲ့ကြီး။ နိုင်ငံရေးမှာ စစ်တပ်ရဲ့ အချက်အချာကျမှုကိုတဲ့၊ ဇွတ်ချက်ချာတာနော်။ ပယ်ဖျက်ဖို့တဲ့၊ အမုန်းတရားနဲ့ လုပ်ခဲ့တယ်တဲ့။ ကာလုံမှာလဲမင်းမူ၊ တကယ့်ဝန်ကြီးဌာနသုံးခုယူထား၊ လွှတ်တော်တိုင်းလဲ ၂၅ရာခိုင်နှုံးအမတ်က အော်တိုမတ်တပ်ဝင်ရပ်၊ ဘတ်ဂျက်ကလဲဖြတ်မရတာကို ငတ်ကြီးကျတာလေ။ တရက်ရွှေဥတလုံးဥပေးနေတာကို ရွှေငန်းသား စားချင်‌‌သေးတာ။ မကွေးတပ်နယ်က မိသားစုတွေကို သရေကြိုးက ငိုငိုပြတာများ။ သူ့ငိုချင်းက ပျင်းစရာ။ ဂျင်းကို အတက်လိုက်သွင်းတော့ တပ်ကဖြင့် မျော့မျော့ကျန်တော့တာ။ 

စစ်တပ်အနေနဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာ မဲမသမာမှုဖြစ်လို့ နိုင်ငံတော့်တာဝန်ကို နိုင်ငံ့သားကောင်းပီပီ ပခုံးအနာခံ ထမ်းခဲ့ရပါတယ်လို့လဲ အပင်း ထပ်သွင်းသေးတာ။ မင်းတို့ ဆက်ထမ်းကြရမယ်ပေါ့လေ။ ဟိုက ရက်လည်မုန့်ဟင်းခါးအိုး တန်းလန်းပစ်ထားပြီး လာနားထောင်ကြရတာကိုမှ အားမနာ။ တပ်မှာက မုဆိုးမနဲ့ ဒုက္ခိတကြီး ကျန်တော့တာ။ တပြည်လုံးလည်း ပင်စင်စားကစ အရူးပါမကျန် စစ်မှုထမ်း လှည့်ဖမ်းနေရတာသာကြည့်။ တကယ့်ကို တပ်က ထညက်လုံးခွေးရက်ခံရသလို ပြောင်နေပြီ။ ပရုတ်လုံးလို လုံးပါးပါးနေပြီ။ တအိအိနဲ့ပြိုနေပြီ။ 

စစ်တပ်နဲ့ နိုင်ငံရေးအရ လက်တွဲ မလုပ်ကိုင်လိုတဲ့ အတိုက်အခံပါတီများအနေဖြင့်တဲ့၊ မအလကောင်ဟာ ဟောင်လို့သာ ဟောင်တာ တပ်နဲ့ပါတီကွဲရော ကွဲရဲ့လားမသိ။ ရွေးကောက်ပွဲဝင်တဲ့ပါတီတိုင်းကို အတိုက်အခံပါတီဆိုတော့ တပ်က အာဏာရပါတီ ဆိုတဲ့သဘောပေါ့လေ။ အဲသမှာ အတိုက်အခံက သူ့ပါတီ အနိုင်ရရှိရေး မသမာမှုတွေ လုပ်ဆောင်ခဲ့တယ်လို့ တကယ့်အခွက် စောက်ရှက်ဝစ်သောက် ဟောင်းလောင်းပေါက်ကြီးနဲ့ပြောတာနော်။

စစ်တပ်အနေနဲ့ ရွေးကောက်ပွဲလုပ်ပြီးချိန်မှာ အနိုင်ရရှိတဲ့ပါတီက နိုင်ငံတော်တာဝန်ကို ထမ်းဆောင်ချိန်မှာ တပ်က ၂၀၀၈ ခြေဥက ပေးထားတဲ့ အမျိုးသားနိုင်ငံရေးအခန်းကဏ္ဍမှာ ပါဝင်ဆောင်ရွက်မယ်တဲ့။ နိုင်တဲ့ပါတီက အုပ်ချုပ်နေပြီလေ။ သူက ဘယ်နိုင်ငံရေးအခန်းဝင် ကားလိပ်ဆွဲချင်သေးတယ်မသိ။ ၈၈တုန်းကလဲ ကိုယ့်လူနိုင်မယ်ထင်၊ ဒါတောင် စိတ်မချလို့ ဒေါ်စုကိုဖမ်းပြီးမှ ရွေးကောက်ပွဲလုပ်တာ။ ပိုင်ပြီအထင်နဲ့စစ်တန်းလျားပြန်မယ်ဆိုပြီး ခပ်တည်တည်နဲ့ကတိတွေဘာတွေ ပေးတယ်။ 

ပြည်သူက ရွေးကောက်ပွဲ တမနက်နဲ့ တက်ဝုန်းလုပ်တာ တကယ်လဲ ရှုံးရော၊ ရွေးကောက်ပွဲက အာဏာလွှဲဖို့ မဟုတ်ဘူး၊ ခြေဥရေးဖို့ပဲတွေ လျှောက်ပြော ဖောရှောလုပ်၊ နိုင်တဲ့အမတ်တွေဖမ်းပြီး ခပ်တည်တည် ဆက်အုပ်ချုပ်။ ဒီလိုနဲ့ ခြေဥကိုလဲ နိုင်တဲ့ပါတီမပါဘဲ ကြာကူလီတွေနဲ့ ပေါက်ကရရေး၊ ၁၄ နှစ်ကြာလို့ အချိန်ထပ်မဆွဲသာမှ အပြီးသတ် ရွေးကောက်ပွဲထပ်လုပ်တော့တယ်။ အဲဒီ၂၀၁၀ ရွေးကောက်ပွဲမှာ NLD ကမဝင်ဘဲ အချဉ်ဖမ်းလိုက်တာ၊ ဘောင်းဘီဝတ်စစ်အစိုးရကနေ ဘောင်းဘီကျွတ်အရပ်သားအစိုးရဆီ အာဏာမလွှဲချင်ဘဲ လွှဲရရှာရော။  အဲဒီတုန်းကကို စစ်ဗိုလ်တွေက မလွှဲချင်သူတွေချည်း။ ဗိုလ်ကြီးလောက်ကောင်ကတောင် မလွှဲချင်တာနော်။ အစစအရာရာ နောက်ဆုတ်ပေးလိုက်ရတယ်လို့ပြောကြတာ။

NLD က အရပ်သားအစိုးရအမည်ခံ ဗိုလ်ချုပ်ပြုတ်တွေ လက်ထဲရောက်မှ ကြားဖြတ်ကနေ လွှတ်တော်ထဲ ဝင်လာပြီး ၂၀၁၅ ရွေးကောက်ပွဲမှာ ပြေးပေါက်မလွဲအောင် ကျိတ်ထည့်လိုက်တာ။ အရပ်သားအစိုးရ ဘောင်းဘီကျွတ်ဆီက အာဏာကို အသာလေးလွှဲယူလိုက်ရော။ အဲသမှာ ဘောင်းဘီကျွတ်ရော ဘောင်းဘီဝတ်ရော ရှော့တိုက်ခံရသလို ဆတ်ဆတ်ခါကျတော့တာကိုး။ ဖွတ်တွေ မအလကို အိပ်မက်ပေးထားတဲ့ သူတို့က အနည်းဆုံး၂၅ရာခိုင်နှုံးမဲရ၊ တပ်က ၂၅ရာခိုင်နှုံးအချောင်ရထားတာနဲ့ပေါင်းပြီး မအလကို နင်သမတဖြစ်မှာလေဆိုပြီး အာမခံထားတဲ့ကိစ္စကလဲတုံးရောဆိုတော့ နင်တို့ ကြံ့ဖွတ်တွေအသုံးမကျတာဆိုပြီး ဘောင်းဘီဝတ်က ဘောင်းဘီကျွတ်ကို နွှာတော့တာ။ 

ဟော ၂၀၂၀ ကျတော့ အရပ်သားစစ်စစ်အစိုးရက အရပ်သားစစ်စစ်အစိုးရကို လွှဲမယ်ဆိုတော့ စစ်အုပ်စုတခုလုံး သွေးပျက်လာကြပြီ။ အဲဒီလိုနဲ့ ပြည်သူ့အာဏာဟာ စစ်တပ်ဆီ စစ်အုပ်စုဆီ ဘယ်တော့မှ ပြန်မလာနိုင်တော့မှန်း သိပြီး ၂၀၂၁ မှာ အာဏာပြန်သိမ်းလိုက်တော့တာ။ ပြည်သူက တရေးနိုး ရွေးကောက်ပွဲထလုပ်လဲ NLD ကို‌ ပေးမှာသိပြီး ပြည်သူကိုလည်း စိတ်အနာကြီးနာပြီး ငဗစ်မှာ သေချင်သလောက် သေပစေ သဘောထားနဲ့ အောက်စီဂျင်ပိုက်ပါ လိုက်ဖြုတ်သတ်တော့တာ မဟုတ်လား။ ပြည်သူ့အိုးအိမ်စည်းစိမ်မှန်သမျှ မီးတိုက်ဖျက်ဖြို အရူးအရက်တိုက်ဆေးပြားကျွေးထားသလို လုပ်နေတော့တာလေ။ 

အဲသမှာ စစ်တပ်တခုလုံး ခွေးလျက်တဲ့ ထညက်လုံး ဖြစ်တော့တာဘဲ။ စစ်ဌာနချုပ်တွေတောင် ချုပ်ဆိုတဲ့အတိုင်း ချုပ်ပျောက်ကုန်တော့တာ။ ဗိုလ်ချုပ်တွေ ဗိုလ်မှူးချုပ်တွေရောပေါ့။ စစ်သားမှန်သမျှလဲ လူစစ်စစ်က ခွေးဖြစ်ရော။ တပြည်လုံး စစ်ကြောင်းပတ်ထိုး မီးတိုက် လူသတ် မုဒိမ်းကျင့် ပစ္စည်းခိုးနေတဲ့ စစ်တပ်ကို ပစ်သတ်ချည်းဖြစ်ကုန်လို့ တဖြုံဖြုံကေးကုန်တော့တာမှ တကယ့် ခွေးငတ်ရက်တဲ့ ထညက်လုံးဘဝမှာ တဖြည်းဖြည်းတပ်ပျက်ကပ်ဆက် ပျက်မဆုံးတော့တာ။

အမယ် သူ့ဘာသာ ဖျက်ဆီးထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်မယ် ဆောင်ရွက်မယ်‌တွေကလဲ ဖောသေးတာ။ 

ရွေးကောက်ပွဲလဲ လုပ်ပေးပါတော့မယ်ပေါ့။ အဲသမှာ ရွေးကော်လုပ်လိုက်တာ၊ သူ့သေးပေါက်ပွဲပါ ဘူပိတ်ရော။ ဗမာလို ပြာသိုလဆန်း၁၀ရက်၊ ဗြိတစ်ရှလို ဒီဇင်ဘာ၂၈ရက် စမတဲ့။ ဗမာ၁၀ရက်ကလဲ ဘူ၊ ဗြိလိုလဲ၂၈၊ ပေါင်း၁၀ ဘူ၊ နှစ်ဘူဆိုတော့ လဒူလဒ လဒုံလဒတ် လဒွတ်လဒန်ကိန်းဆိုက်။ ပြီးတော့၂၀၂၆ထဲရောက်တာနဲ့ ဘူထပ်ပိတ်၊ စစ်နယ်မှာ ဒစ်လည်နေမယ့်နှစ်လေ။ သုံးဘူဆို မဆုံးအပူ။ ဘူတြိ ပူမချိ၊ အင်း လဒူငတိ ဂိတော့မယ့်အချိန်။ သခင်ငတိုး ပလ္လင်သူခိုး ကြင်စိုး ကြိုးစင်ချိန်။ 

ရွေးကောက်ပွဲပြီးလို့ အနိုင်ရပါတီက နိုင်ငံ့တာဝန်ယူတဲ့အခါ စစ်တပ်ဟာ နိုင်ငံရေးထက် ကာကွယ်ရေးလုပ်ငန်းတွေပဲ ဆက်လုပ်သွားမယ်လို့လဲပြောလိုက်၊ ရွေးကောက်ပွဲအပြီးဖြစ်ပေါ်လာတဲ့ လွှတ်တော်မှာ တပ်ကိုယ်စားလှယ်တွေက နိုင်ငံ့အရေး ဆက်လုပ်သွားမယ်လို့လဲပြောလိုက်နဲ့ ချီးနဲ့သေးရောထားသလိုတွေ ပြောမဆုံးဖြစ်နေတာလေ။ သူ့ဘာသူလဲ ဘာလုပ်ရမယ် မသေချာ၊ တပ်လက်လွှတ်ပြီး သမတလဲ ဟုတ်တိ ပတ်တိ တက်မလုပ်ရဲ၊ ဖင်ဖြဲခံရမှာသိတာကိုး။ 


Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar