Breaking News

ဖလော်ဒါဟန် - နွေဦးအစက တော်လှန်ရေး ရဲမေတွေ အမှတ်တရ


ဖလော်ဒါဟန် - နွေဦးအစက တော်လှန်ရေး ရဲမေတွေ အမှတ်တရ

မိုးမခ ၊ ဩဂုတ် ၂၀ ၊ ၂၀၂၅


အမျိုးသမီးကဏ္ဍ ဆိုတော့ ၂၀၂၁ နှစ်ကုန်ခါနီးမှာ သိခဲ့ရတဲ့ အမျိုးသမီးရဲဘော်လေးအကြောင်းလေးရေးချင်လာမိတယ်။

အကြောင်းကြောင့် မရေးဖြစ်ခဲ့တဲ့ တလရ ကာလမှတ်တမ်းလေးဆိုလည်း မမှားဘူး။ မှတ်တိုင်လေးတခုလို့ ပြောရင် ပိုပြီး သဘာဝကျမယ် ထင်ပါတယ်။

အမျိုးသမီးရဲဘော်လေးနဲ့က တလရေး ကနဦးနှစ်စမှာ သိခဲ့ရတာပါ။

နည်းပညာကျောင်းသူတွေ အခြားဘာသာဗေဒဆိုင်ရာ လူငယ်ကျောင်းသားများ ပါဝင်တဲ့ တလရ အင်အားစုလေးပါ။

ကနဦးအစမှာ  လန မပြည့်စုံတော့ လန သိပ်လိုချင်ကြတယ်။ ကျွန်မ နေတဲ့မြို့ကြီးတိုင်းမှာ ဖောင်းဒိုင်းအုန်း ဆိုတဲ့ အသံတွေက စီညံလို့ပါ။

အဲအချိန်ကဆို ပြည်သူတွေ လူထုအင်အားနဲ့ ဆန္ဒ ထုတ်ဖော်မှုကို လက်နက်နဲ့ ဖြိုခွင်းပြီးချိန် တိတ်ဆိတ်တဲ့ မြို့ပြဧရိယာတွေမှာ ခြောက်ကပ်နေတယ်။

အချို့နေရာတွမှာဆို လူငယ်တွေ လက်နက်နဲ့ ပြန်တွန်းလှန်နိုင်ဖို့ အင်အားစုလာကြတယ်။

တက်ကြွတဲ့ လူငယ်တွေအတွက် ဦးဆောင်မယ့်သူ ရှိတယ်၊ လက်နက်မပြည့်စုံဘူး။

သူတို့လေးတွေ နုကြည် အစိုးရ ဆိုသည်ကို မျှော်လင့်အားကိုးကြတယ်။

စီအာပီအိတ်x ဆိုသည့်   (...လွှတ်တော်.....)နှင့်ဆက်သွယ်လိုကြတယ်။

ဒါပေမဲ့ သူတို့ မျှော်လင့်သလို အဆက်အသွယ်တွေ ဝေးခဲ့ကြတယ်။

တိုင်းရင်းသားနယ်မြေလို့ ပြောရမယ့် ပြည်နယ်တခုမှာ မစ်ရှင် ဆိုတဲ့ အရေးကြီးတဲ့အလုပ်တွေကို ကနဦးအစမှာကတည်းက အကောင်အထည်ဖော်ချင်ကြတယ်။

ဒါပေမဲ့ သူတို့တွေဆီထိ အစိုးရက ဖြန့်ကြက်မှု အားနည်းခဲ့ရတယ်။

နောက်ပိုင်းမှာ အဖမ်းအဆီးတွေနဲ့ ကူညီထောက်ပံ့သူတွေ လျော့သွားပြီး တဖြည်းဖြည်း တပ်ရင်းတပ်စုတွေ ‌ဖျက်သိမ်းသွားကြတယ်။

အဲဒီအချိန်ကဆို ပြည်သူတွေ ဘယ်လောက်တောင် တက်ကြွလဲဆို မြေအောက်အရေးပေါ်ဆေးရုံတည်ဆောက်မယ် ဆိုတဲ့ စီမံချက်ထိ ခြေလှမ်းတွေ လှမ်းနိုင်ဖို့ ရည်ရွယ်ကြတယ်။

စီ ဆရာ၊ ဆရာမတွေကလည်း တက်ကြွ‌စွာ ဝန်းရံဖို့ ဆုံးဖြတ်ကြတယ်။

ဒါပေမဲ့ အခုလို ဖြစ်ဖို့ ငွေအင်အားနဲ့ လူမှုအားကို ကျွန်မတို့ အစိုးရဘက်က မဖြည့်ဆည်းပေးနိုင်ခြင်းက အချိန်တခုကို လစ်ဟာစေသလို ရပ်တည်မှုတွေလည်း တဖြည်းဖြည်း အားလျော့လာတယ်။

၂၀၂၁ နှစ်ကုန်ကစလိုက်တဲ့ တလရ တပ်ပေါင်းစု များစွာဟာ ယနေ့အချိန်အထိ။ မစုစည်းနိုင်ခဲ့ကြသလို ရဲဘော်လေးတွေရဲ့စိတ်ထဲ ဆူးငုတ်လေး စိုက်လာကြတယ်။

ဒါဟာ တလရ အချိန်ကာလကြာလာခြင်းနဲ့ မတူညီသည့် နယ်ပယ်တွေမှာ ငွေ‌ကြေးသည် အရေးကြီးသည့်အခန်းကဏ္ဍ ဖြစ်သလို မညီမျှမှုတွေကြောင့်လည်း ဖြစ်မယ်ထင်ပါတယ်။

ရဲဘော်လေးတွေ မျှော်လင့်အားကိုးကြတဲ့ သက်ဆိုင်လူကြီးများရဲ့ ရှေ့ဆောင်လမ်းပြမှု၊ အကြံဉာဏ်ပေးမှုတွေ မရခဲ့ကြလို့ အ‌ခြေအ‌နေတခုကနေ တခုကို‌ ပြောင်းလဲသွားတာ‌တွေလည်း ရှိကြမှာပါ။

ရဲဘော်လေးတွေ စိတ်ထဲမှာ တလ လိုစိတ် ဘယ်လောက် စိတ်အားထက်သန်‌နေပါစေ၊ အထက်အချို့က လူကြီးတွေ ကိုယ်ကျိုးကြည့်နေကြမယ်ဆိုရင် ဆိုတဲ့ စကားလေး သိပ်ကိုတာပါတယ်။

အချို့ကလေးတွေဆို ကိုယ့်စရိတ်ကိုယ်စားပြီး ဒီပွဲကြီးကို မတန်ရည်တန်ရည် ဘာမှန်မသိ အသက်ပေးလိုက်ရတဲ့ ကလေး‌တွေ အများကြီးပါ။

တလရမှာ အသက်ပေးရတာချင်း တူရင်တောင် အချို့ကိစ္စတွေမှာ မညီမျှမှူနဲ့ မတူညီတဲ့အနေအထားမျိုးတွေ များလာခဲ့ရင် ရဲဘော်လေးတွေရဲ့စိတ်မှာ နာကျင်မှူတွေ ဖြစ်လာကြတယ်။

ဒါဟာ တကယ်ရှိနေတဲ့ အရှိတရားပါ။

သူတို့လေးမှာ ယုံကြည်ချက်နဲ့ ရည်ရွယ်ချက်ကို စိတ်ခံစားမှုနဲ့ ရောထွေးမထားကြလို့လည်း အခုချိန်ထိ ပြည်သူတွေကို ကိုယ်စားပြုနေနိုင်ကြတာပါ။

ရဲဘော်လေးရဲ့ ပြောစကားအတိုင်း ကျွန်တော်တို့ဘက်က လူကြီးတွေက ဦးဆောင်ဦးရွက်မှုအပြည့်နဲ့ ယခင်ကာလတွေရဲ့ လိုအပ်ချက်ကို ယနေ့အချိန်မှာ ဖြည့်ဆည်းကြမယ်ဆိုရင် တပ်ရင်း တပ်စုတွေလည်း အားပြည့်မယ်။

တချိန်က မစ်ရှင်များစွာ ပုံဖော်ဖို့ လက်နက်မပြည့်စုံတဲ့ဘဝမှာ ယ‌နေ့အချိန်မှာ‌ကော အဖွဲ့အစုများနဲ့ချိတ်ဆက်ခွင့်ရနေပြီလား။

ရဲဘော်လေးများရဲ့ ဘဝမှာကော ရှေ့ဆက်ပြီး စိတ်နာကျင်စရာ‌တွေ ထပ်ရနေဦးမလား။

ဒါမှမဟုတ် သူတို့ လိုချင်တဲ့ အကြီးအကဲစိတ်ဓာတ်အပြည့်ရှိသူ မျှတသူများနဲ့ တိုက်ပွဲတွေ ဆင်နွှဲရင်း အောင်မြင်မှုပန်းတိုင်ကို လျောက်လှမ်းနိုင်ကြမလား။

ကျွန်မအတွက်တော့ ၂၀၂၁_ကာလများက စခဲ့တဲ့ တလရကြီး၊ ၂၀၂၅ နှစ်ကုန်မှာ စုစည်းမှုအပြည့်ဖြင့် တလရ ၏ အောင်မြင်မှုအလှကမ္ဘာကို တည်ဆောက်နိုင်ပါစေ။

ရဲဘော်များလည်း အသက်ဘေးမှ ကင်းဝေးကြပါစေလို့ ဆုမွန်ကောင်းရင်း။


Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar